ကွေ့ကွေ့ကောက်ကောက် လှည်းလမ်းကလေး နီစွေးစွေး မုခ်ဦးကြီးထဲဝင်နေပုံကိုက ပန်းချီဆန်လွန်းလှတယ်။ ဗဟိုရ်စည် ရိုးတွင်းခြင်ဆီတွေ ခန်းခြောက် လျှောက်လှမ်းဆဲ လောကဓံ အနိမ့်အမြင့်မှာ ဘ၀ပေးသင်ခန်းစာတွေ ဖတ်မှတ်ရင်း မရပ်နိုင်ရပ်နိုင်နဲ့ ယိမ်းယိုင်နေတဲ့ ခြေထောက်တွေ ငုံ့ပြီးကြည့်ကာ အသံမဲ့နေရှာပေါ့။ တစ်ထပ်ပြီးတစ်ထပ် တဖတ်ဖတ်ကွာကျနေတဲ့ အင်္ဂတေများ သစ်သားဆွေးအုတ်ပဲ့အုတ်ကျိုးများ မြို့ရိုးကြီးရဲ့ကျောပြင်မှာ မြက်ပင်၊ ကိုင်းပင်၊ ဆူးပင်တွေရဲ့မာန သင်္ခါရ အငွေ့အသက်တွေ မြင်နေရပြန်တော့ လွမ်းမောစွာပဲ တရားကျမိတယ်။ စိတ်က ခံစားနေရတဲ့ အတိတ်ကို ပုတ်နှိုး ကျုံးမြို့ရိုးပြအိုးပစ္စင် မြတ်နိုးရှိုက်မက်စွာ နာကျင် ရာဇ၀င်အပိုင်းအစတွေ ရင်နဲ့ဖွင့်လှစ် မင်းဧကရာဇ် အဆူဆူတို့ရဲ့ စည်းစိမ် ရွှေအိမ်ရွှေနန်းကြငှန်းပြာသာဒ် ၀န်ကြီးမှူးမတ်တို့အထပ်ထပ်နဲ့ အကြိမ်ကြိမ် ကြီးကျယ်ခမ်းနားခဲ့ ကျရှုံးခဲ့ တောက်ပခဲ့ မှေးမှိန်ခဲ့ မောက်မာခဲ့ နိမ့်ကျခဲ့ အလှည့်အပြောင်းတွေ စိပ်ခဲ့ပြီး ဂုဏ်သိက္ခာနဲ့ အနုပညာ ဇာတိသွေး ဇာတိမာန် ပြင်းထန်တဲ့ စိတ်ဓာတ် ဇွဲခတ်တဲ့ နှလုံးသားများနဲ့ နေလို၊ လလို တောက်ကြွားခဲ့တယ်။ (ခုတော့)..... ဘယ်မှာလဲ ထီးဟန်၊ နန်းဟန်တွေ ဘယ်မှာလဲ စည်သံ၊ မောင်းသံတွေ ဘယ်မှာလဲ ဆင်သံ၊ မြင်းသံတွေ ဘယ်မှာလဲ အားလုံးက စွန့်ပစ်ခံထားရတဲ့ မြို့ကောကြီး မျက်ရည်စီးကြောင်းတွေ အစင်းစင်း အသက်ဝိညာဉ်ကင်းလှချည့်။ အာရုံရဲ့ အဆစ်အမြစ်တိုင်းတုန်ခါ ရာဇ၀င်ရဲ့ ထွက်သက်မှာ နစ်မျော ငှက်ပျောတော၊ ၀ါးတော ပြောင်းတော၊ ဆီးတောတွေအောင့်ကာ နမ်းနေရ အိုကံတွေက ဆိုးလှတယ်။ ရှင်သန်ခြင်းတွေကို အမြစ်ကနေ အဖြတ်ခံထားရလို့ မလှုပ် စိမ်းပုပ်ပုပ် ညစ်ထေးထေးကျုံးရေပြင်မှာ နှေးနှေးကွေးကွေးလေး ပွင့်ကြရှာ ထပ်တစ်ရာ ကြာဖြူ၊ ကြာနီ၊ ကြာညို အရှင်သခင်တွေကို မျှော်နေတုန်းပဲလား။ မြို့ရိုးကြီးရဲ့ အောက်နား မြစ်သားနဲ့ ဒုဋ္ဌ၀တီ ဧရာဝတီတို့ရဲ့ ပေါင်းစည်းဆုံမှတ် ခံတပ်နဲ့ ဆင်ကျုံး သမိုင်းကို ခြယ်မှုန်းခဲ့တယ်။ တည်ငြိမ်ခြင်း ရင့်ကျက်ခြင်းတွေနဲ့ အတိတ်ကံရဲ့ ၀ဋ်ကြွေး အသက်ပေးပြီး ဆပ်ခဲ့တဲ့ကောင်းမှု နန်းမတော်မယ်နုရဲ့ အုတ်ကျောင်း ဘယ်ကကြည့်ကြည့် မစောင်းဘူး။ ဘ၀ဆိုတာ ဒါပါပဲ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် ပစ္စုပ္ပန်တည့်တည့်ထိ တရားပြနေတယ်။ သူဟာ လွမ်းဆွတ်ကြေကွဲစရာ ကောင်းတဲ့ ပဒေသရာဇ်ရဲ့ ပြဇာတ်တစ်ပုဒ်ဖြစ်သလို သံဝေဂအနှစ်တွေကို ညှစ်ထုတ် မြင့်မြတ်စင်ကြယ်သော တရားတစ်ပုဒ်လည်း ဖြစ်ခဲ့တယ်။ မောင်သန်းစိုး၊ချောက်၊ teen megazine |
စာပေသည် လူမျိုး၏ ယဉ်ကျေးမှု၊ တိုင်းပြည်တစ်ပြည်၏ အဆင့်အတန်း၊ နိုင်ငံတစ်နိုင်ငံ ၏ သမိုင်းကို ဖော်ပြနေပါသည် ။
Sunday, 24 June 2012
“အင်းဝ“
Subscribe to:
Post Comments (Atom)
No comments:
Post a Comment