Sunday, 24 June 2012

“သုမနအတွက် ကဗျာတစ်ပုဒ်“

၁။
ကိုယ်ရေးတဲ့ကဗျာ
သူတစ်ပါးကို ဖတ်စေချင်ပြီဆိုတဲ့အခါ
ဘာကို ဘယ်လိုရေးရမလဲ။


စိတ်ညစ်စရာတွေကို စာဖွဲ့မပြချင်ပါဘူး။
လူတိုင်း စိတ်ညစ်စရာတွေ
ကြုံတွေ့ကြရတာပဲလေ။

ဆင်းရဲဒုက္ခတွေကို စာဖွဲ့မပြချင်ပါဘူး။
လူတိုင်း ဒုက္ခဆင်းရဲတွေ
ကြုံတွေ့ကြရတာပဲလေ။

အဆုံးအရှုံးတွေကို စာဖွဲ့မပြချင်ပါဘူး။
အတိုက်အခိုက်တွေ...
မနာလို ၀န်တိုမှု၊ ဣဿာမစ္ဆရိယတွေ
ခွေးဟောင်တာတွေ၊ ခြင်ကိုက်တာတွေ
ဒါတွေကိုစာဖွဲ့ပြနေတာ
ရေနစ်သူကို ၀ါးကူထိုးသလိုများ
ဖြစ်နေလေမလား။

ကိုယ် ဒုက္ခရောက်တဲ့အကြောင်း
(ဒါမှမဟုတ်)
တခြားတစ်ယောက်ယောက်
ဒုက္ခရောက်တဲ့အကြောင်း
ဖတ်ကောင်းအောင် ဘယ်လိုရေးရပါ့။
“အဲဒါ... ပညာပဲ
အနုပညာဆိုတာ အဲဒါပဲ”တဲ့။

ဟုတ်ပြီ...
ဟောဒီမှာ ငါးပိရည်နဲ့ တို့စရာ
အသီးအရွက်တွေ
ဆန်ကြမ်းထမင်းပန်းကန်ပြားငါးခု
ဝန်းရံလို့ပေါ့။

သူတို့ အားရပါးရ၀ါးကြတာ
ထမင်းစေ့တစ်စေ့တောင်မကျန်ဘူး။
အဲဒါဟာ ကဗျာပေါ့ဗျာ။
မရိုးနိုင်တဲ့ကဗျာ၊ အမြဲသစ်တဲ့ကဗျာ
ဘာကြောင့်ဆို
ဒီလို တန်ဖိုးနည်းပြီး
အရသာရှိတဲ့ထမင်းပွဲမျိုးက
ဟိုး ရှေးရှေးကတည်းက ရှိခဲ့တာပဲ။

ဝန်ကြီးပဒေသရာဇာလည်းရေးခဲ့တာ
ခုထိ ဖတ်လို့ ရွတ်ဆိုလို့မရိုးနိုင်ခဲ့ဘူး။
အရသာဆိုတာ နတ်သုဒ္ဓါဆိုပေမယ့်လည်း
ကိုယ့်လျှာနဲ့ တွေ့ချင်မှတွေ့တာ။

ထမင်းကို ဘာနဲ့စားရစားရ မြိန်ဖို့ကအဓိက
ဘ၀ကို ဘာနဲ့သွားရသွားရ ရောက်ဖို့ကအဓိက။


၂။
ရတဲ့ဘ၀မှာပဲ ရောင့်ရဲပါလို့
သြ၀ါဒပေးနေတာမဟုတ်ပါဘူး။
၁၉ ရာစုအထိ ရေခဲမုန့်လည်းမပေါ်သေးပါဘူး။
နတ်ပြည်မှာမှ၊ ဟောလိဝုဒ်မှာမှ
ဟိုသွား၊ ဒီသွား၊ ပင်လယ်ကမ်းခြေသွားပါမှ
ပျော်ရမှာမဟုတ်ပါဘူး။

ချောင်ကလေးထဲ၊ မှောင်ကလေးထဲ
ကိုယ့်အိမ်ကလေးထဲမှာ
ကိုယ့်အတွက် စိတ်ကျေနပ်စရာတွေ
ပြည့်လျှံနေတတ်တာပါ။
မသိသူတွေကတော့ ကျော်သွားတာပေါ့လေ။

ဒီတော့ ငါ့သူငယ်ချင်းလည်း
သုမနကျောမှာ ဒဏ်ရာတွေနဲ့လို့
လုပ်မနေပါနဲ့တော့။
ကျရာဇာတ်ရုပ်၊ ကျရာဇာတ်ထုပ်မှာ
လှုပ်ပေတော့။ မင်းဇာတ်က အငိုဇာတ်
အလွမ်းဇာတ်ဆိုပေမယ့်
အသက်ပြင်းပြင်းရှူတတ်ဖို့ သတိပြု။
သီချင်းတွေအော်ဆိုကြည့်
ရယ်စရာတွေကိုရှာပေါ့ကွာ။

ပဒုမပေါင်တိုကြီးလည်း
ပေါင်ကသာတိုတာ
စိတ်ကတော့ မလျှော့ဘူးမောင်ရေ့။

မင်းဒုက္ခနဲ့မင်း
မင်းဘ၀နဲ့မင်း၊ စိန်လိုက်ပေါ့။
ဖြစ်တယ်မဟုတ်လား။
တစ်သက်စာကြိုတွေးကြလွန်းလို့

တစ်ရက်တာနဲ့ဝေးကြရတဲ့လူတွေ။
အားလုံးဟာ
ဒီလမ်းကလေးမှာပဲလျှောက်ကြရတာ
ဒီလမ်းကလေးကိုပဲ လွမ်းတတ်ရမှာပေါ့။

ကမ္ဘာမြေပေါ် စစ်ပွဲပေါင်း
သောင်းခြောက်ထောင်ဖြစ်ပြီးတဲ့နောက်
ငါလျှောက်ခဲ့တဲ့လမ်းကလေးကို
ငါပဲချစ်ခဲ့၊ လွမ်းခဲ့ရမှာပါ။

ငါ့မှာ
ဘ၀တူချင်းအတွက်
အားပေးစကားတွေရှာကြံထားတယ်။
အမှောင်ထုကြီးထဲက သေးသေးလေး
ပိုးစုန်းကြူးလေးဟာလည်း
သူ့အင်သူ့အားနဲ့ လှုပ်ရှားနေတာပါပဲ။
လှုပ်နေတာဟာ အလှတရား
လှုပ်နေတာဟာ သစ္စာတရား
အသက်ဓာတ်တွေဟာ တလှုပ်လှုပ်။
ဟိုမှာ...
နွမ်းနွမ်းပါးပါးလေး
သူ နှင်းတောထဲဖြတ်လာတာ
သူ နေပူကြီးထဲဖြတ်လာတာ
သူ မိုးရွာကြီးထဲဖြတ်လာတာ
မင်းပြောရမှာက (အကြင်နာနဲ့)
လှလိုက်တာလို့ပြောရမှာပေါ့ကွာ။
နွမ်းနွမ်းပါးပါးလေးမှာလည်း
သန်သန်စွမ်းစွမ်းအလှတရားရှိနေတာပါပဲ။

၃။
ကျွန်တော်က ပန်းပွင့်တွေအကြောင်း
ကဗျာဖွဲ့တာများတော့
ကျွန်တော့်ကဗျာတွေဟာ
ပျော့ညံ့နေသတဲ့။
သွေးအားနည်း ဖြူလျော်နေသတဲ့။
ဝေဖန်ရေးဆရာက ဝေဖန်တယ်။

ပန်းပွင့်တွေလန်းဆန်းတာ၊ နူးညံ့တာ
ပန်းပွင့်တွေ အရောင်အသွေးစုံတာ
ပန်းပွင့်တွေ တောက်ပတာ...
ဒီထက်အင်အားပြည့်ဝတာ
ဘယ်မှာရှိဦးမလဲ။

လူ့စိတ်တွေကိုလည်း
ပန်းပွင့်တွေလိုပဲဖြစ်စေချင်လို့
ပန်းပွင့်အကြောင်း ကဗျာရေးတာပါ။

ကိုယ်မရောက်ဖူးသေးတဲ့
ထွန်းကားတဲ့မြို့ကြီးတစ်မြို့ကိုရောက်တဲ့အခါ
အဲဒီမြို့ကြီး တောက်ပတာ
အဲဒီမြို့ကြီး နူးညံ့တာ၊ အရောင်စုံတာ
အဲဒီမြို့ကြီး လန်းဆန်းနေတာ
ဒါတွေကို အရင်ဆုံးမြင်တွေ့ရမှာဖြစ်တယ်။

ကဗျာဆရာဟာ
ပူလောင်ခြောက်သွေ့၊ သဲကန္တာရဆန်တဲ့
စိတ်အခြေအနေတွေကို
အေးချမ်းစိမ်းစိုတဲ့သစ်ပင်တောအုပ်တွေ
မြက်ခင်းလွင်ပြင်တွေအဖြစ်
ပြောင်းလဲဖန်တီးနိုင်စွမ်းသူသာဖြစ်ရမှာပေါ့။

ရှင်သန်ခြင်းကို ပိုကောင်းရာဆီ
စိတ်နေစိတ်ထားကို ပိုကောင်းရာဆီ
ပြောင်းလဲနိုင်စွမ်းဆိုတာ
ရွှေလမ်းတွေ ငွေလမ်းတွေမလိုပါဘူး။
ရွှေအပြည့် ငွေအပြည့်မလိုပါဘူး။
သုမနရေ...
မင်းမျက်စိကိုဖွင့်လိုက်တာနဲ့
မင်းနားကိုစွင့်လိုက်တာနဲ့
မင်းမျက်စိထဲ၊ မင်းနားထဲ
စိတ်ညစ်စရာကော၊ ပျော်ရွှင်စရာပါ
ကောင်းမှုကော၊ မကောင်းမှုပါ ၀င်လာမှာပါပဲ။
ဝင်လာသမျှကို မယိမ်းမယိုင် စိတ်ခိုင်ခိုင်နဲ့သာ
အပြုံးမပျက်လက်ခံလိုက်ရမှာ

မင်းတို့ ငါတို့
ချောက်ထဲကို အကြိမ်ကြိမ်ကျသလို
ချောက်ထဲက အကြိမ်ကြိမ် ပြန်တက်ခဲ့တာပဲလေ။
ဒါကြောင့် သုမနအတွက်ကဗျာဆိုတာ
ဥတုသုံးပါးဒဏ်ခံနိုင်တဲ့
ဘ၀ကို အမုန်းမဖက်
အပြုံးမပျက်တဲ့ ကဗျာပဲဖြစ်ရမယ်။ ။

                                                     ထွန်းဝေမြင့်
                                                   teen megazine

No comments:

Post a Comment