Sunday, 24 June 2012

“လမ်းပျောက်သွားတဲ့ ကြယ်“

PDF Print E-mail

အခုတော့ ပုံပြင် တစ်ပုဒ်လို
တစ်ခါက ဆိုတာနဲ့ စရတော့မယ်
နှစ်ကာလတွေပေါ်က ခုန်ဆင်းသွားတဲ့
အလည်လွန် သူငယ်ချင်း တစ်ယောက်...
ကျောင်းသားငယ် ခဲတံ ပျောက်သလို
သူ့ကို ငါဆုံးရှုံး လိုက်ရပြီလေ
လွန်ခဲ့တဲ့ နှစ်တွေမှာ
ကမ္ဘာကြီး လည်ပတ်ပုံ အကြောင်း
ကဗျာဟာ ထွေပြားနက်နဲတဲ့ အကြောင်း
ခလုတ်ဖွင့်ရင် မီးက လင်းပြီးသား
အရေးအရာတိုင်း အတိုင်အဖောက်ညီညီ
စကားတွေအောင်ခဲ့တယ်
တစ်ခါက... ပါ
အခုတော့ သူမှိန်ဖျော့ ပြောင်းရွှေ့သွားတာ
သူငေးငေါင်ရပ်ကျန်ခဲ့တာ သူသိမလား
ဘာကြောင့်များ ကိုယ့်ကိုယ်ကို သင်းကွပ်ပစ်ရသလဲ
ဝင်နေတဲ့ နေရောင်လို အလင်းမှာ အမှောင်က တစ်ဝက်
သွေးကြောထဲ လျှပ်စီးမကူးတော့ဘူး
အများထဲက အများလို
တစ်ယောက်တည်းက တစ်ယောက် မဖြစ်တော့ဘူး
ရေဒီယိုက မြည်ဆဲပါ
သူ့နားက မကြားတော့တာ
စာအုပ်က ဖွင့်လျက်ပါ
မျက်စိတွေ မကြည်လင်တော့တာ
လူ့အပြစ်လား...ခေတ်လား...ပတ်ဝန်းကျင်လား
ရောမပြည်ကြီးထဲ ရောမသားပီပီသသ
သေပြီးစလူဟာ
ကိုယ့်ကိုယ်ကို သေပြီးမှန်းမသိသလိုမျိုး
တစ္ဆေတွေထဲ တောက်ပလွင့်ထူ လမ်းသလား
အမှောင်ထုထဲ တိုးဝင်သွားနေပုံ တရွေ့ရွေ့။

နေနိုင်၊ချောက်၊
(Teen မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၀)

No comments:

Post a Comment