Sunday, 24 June 2012

“ဂြိုလ်သားမှတ်စု“

လူ
စီးကရက်သောက်တယ်။
သောက်ပြီး ဖြစ်သလို လွှင့်ပစ်တယ်။
ကွမ်းယာစားတယ်။
စားပြီး နေရာတကာ တပျစ်ပျစ်ထွေးတယ်။
အရက်သောက်တယ်။
မူးလာရင် ကြုံတဲ့နေရာ လက်ထိုးအန်တယ်။
တာဝန်ယူချင်စိတ် နည်းပြီး အချောင်ရလိုစိတ်များတယ်။
ငြိမ်းချမ်းရေး အတွက် ဥပဒေ အမျိုးမျိုး ပြဋ္ဌာန်းတယ်။ ငြိမ်းချမ်းရေး အတွက်ပဲ
ဥပဒေအမျိုးမျိုး ပြောင်းလဲ ကျင့်သုံးတယ်။

နက္ခတ်တာရာတွေကြည့်ပြီး ပြက္ခဒိန်ထုတ် သက္ကရာဇ်တွေလုပ်တယ်။
ပြီးတော့လည်း အဲဒီ့ သက္ကရာဇ်တွေ ပြန်ဖြိုတယ်။
“တစ်ရွာမပြောင်း သူကောင်းမဖြစ်”
“သေချင်တဲ့ကျား တောပြောင်း”
အဲသလို ရှေ့နောက်မညီတဲ့ စကားပုံတွေနဲ့ အပင်ပန်းခံတယ်။
မြင်တဲ့ အရာထက် မမြင်ရတဲ့ အရာကို ပိုစိတ်ဝင်စားတယ်။
လက်နှစ်ဖက်တည်း ရှိလည်း အမြဲတမ်း လက်နှစ်ဖက်မက ပိုင်ဆိုင်ချင်တယ်။
မွေးဖွားတာနဲ့ သေဆုံးတာကြားမှာ ရသလောက် အပါးဝတယ်။
ကိစ္စတော်တော်များများ ပြုလုပ်နိုင်တော့
ဘာမဆို လူလုပ်ရင် ဖြစ်တယ်လို့ထင်ကြတယ်။


ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တယ်။
တားမြစ်ထားတာ အကုန်လုပ်တယ်။

ဘာသာတရား
အမျိုးမျိုးအစားစား ရှိကြပေမယ့်
အကြမ်းဖျင်းတူတယ်။
ကုသိုလ်နဲ့ အကုသိုလ်ရှိတယ်။
ငရဲနဲ့ ကောင်းကင်ဘုံရှိတယ်။
အစွန်းရောက် ၀ါဒီတွေရှိသလို ဘာသာမဲ့ ၀ါဒီတွေလည်း ရှိတယ်။
အကောင်းမြင် စိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေးကို ရှေးရှုတယ်။
ဘယ်သူမျှ မရောက်ဖူးတဲ့
အကြွင်းမဲ့ ချုပ်ငြိမ်းရာနဲ့ မျှားတယ်။

နည်းပညာ
ကမ္ဘာကို ရွာဖြစ်အောင်လုပ်တယ်။
ဘာပစ္စည်းပဲဖြစ်ဖြစ် ပိုသေးသထက် သေးအောင်
ပိုမြန်သထက်မြန်အောင် ပိုစွမ်းသထက် စွမ်းအောင်
အပြိုင်အဆိုင် ထုတ်လုပ်တယ်။
ဂြိုဟ်သား ပေါက်စလေးတွေ လက်ရေးလှ လေ့ကျင့်သလောက်
ဥာဏ်ထုတ်တယ်။

ငွေ
လိုအပ်သမျှကို
ပေးချေ လဲလှယ်နိုင်တဲ့ ပစ္စည်း။
စိတ်ကြွမြန်စေသလို
စိတ်ကျလည်း မြန်စေတယ်။


အသုံးလွယ်သလောက် ရှာရခက်တယ်။
ငွေကို ရေ၊ မန်းနီး၊ အာရကေ၊ ပိုက်ဆံ၊
အသပြာ၊ ဖွတ်ကလိဒင်္ဂါး
စသဖြင့် အမျိုးမျိုး သုံးနှုန်းတယ်။
မမြင်ရတဲ့ ခြေထောက် သုံးချောင်းရှိတယ်။
လူပြိန်းတွေ အတွက်
ဒုတိယမြောက်ဘုရားသခင်။

ယဉ်ကျေးမှု
ဂူနံရံမှာ ပုံတွေလျှောက်ခြစ်တယ်။
အသားကို မီးနဲ့အပူပေးပြီး စားတယ်။
ဘာသာစကား တီထွင်တယ်။
ပိရမစ်ဆောက်တယ်။
လက်ညှိုးထိုးမလွဲ ဘုရားစေတီတွေ တည်တယ်။
ကျိန်စာကို ကျောက်စာမှာထွင်းတယ်။
သစ်ရွက်ကနေ ဂျင်းပင်ထိဖြစ်အောင် အရှက်ဖုံးတယ်။

ဂူထဲကထွက်ပြီး မိုးပျံတိုက်တွေပေါ်
ဓာတ်လှေကားနဲ့တက်တယ်။
ပြတိုက်ဆောက်တယ်။
ရုပ်တုလုပ်တယ်။
ပစ္စည်းဟောင်းကို ဈေးကောင်းကောင်းနဲ့
ရောင်းဝယ်တယ်။
အနုပညာ
ဂြိုဟ်သားတွေ နားမလည်တဲ့အရာ။
လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ အန္တရာယ်များတယ်။
ထိန်းချုပ်ရခက်တယ်။

ချစ်ခြင်းမေတ္တာ
၁၅၀၀ နဲ့ ၅၂၈
အရေအတွက် နှစ်မျိုးပဲရှိတဲ့သင်္ချာ။
အလကားနေရင်း ခံစားတယ်။
ဆန့်ကျင်ဘက်လိင် အတွက် စစ်ဖြစ်တယ်။
ပူလောင်တယ် ပူလောင်တယ်လို့ ပြောပြီး
မကြာခဏ ပျော်ပျော်ကြီးခုန်ချတယ်။

သဘာဝ
ဖြစ်တယ်။
ပျက်တယ်။

ကမ္ဘာ
မိမိဝင်ရိုးပေါ်မှာ
၂၃ƒ ဒီဂရီ တိမ်းစောင်းလည်ပတ်တယ်။
လွင့်မျောဆဲ ဆပ်ပြာပူဖောင်းကြီးနဲ့
တူတယ်။
လူ၊ ဘာသာတရား၊ နည်းပညာ၊ ငွေ၊ ယဉ်ကျေးမှု၊
အနုပညာ၊ သဘာဝနဲ့ ချစ်ခြင်းမေတ္တာ
စတာတွေအပြင် တခြား သက်ရှိသက်မဲ့
အရာဝတ္ထု အမျိုးမျိုး ရှိတယ်။
ဂြိုဟ်သားတွေ ခရီးတစ်ထောက် ရပ်နားရာနယ်မြေ။
စွန့်ပစ်ပစ္စည်းနဲ့ ကြွပ်ကြွပ်အိတ်ပေါတယ်။
ကွန်ဒုံးတွေ လိုသလောက်ရတယ်။ ။


လွန်းဆက်နိုးမြတ်
                                                                                                       TEEN megazine

No comments:

Post a Comment