Sunday, 24 June 2012

”ခုတစ်လော ငါတို့နဲ့ဆိုင်လည်းမဆိုင် မဆိုင်လည်းမဆိုင်တဲ့လောကမှာ မီးသီးတွေ ခဏခဏကျွမ်းတယ်“


တဖြည်းဖြည်း ထိုးကျနေသော အရိပ်ဟာ
နံရံမှာ၊ မျက်နှာကြက်မှာ၊ အမှောင်ထဲမှာ
အရာရာဟာ မတီးဘဲနဲ့ မြည်လွန်းတယ်
လမ်းပေါ် ထွက်လို့ဆိုလည်း လမ်းပေါ်ထွက်လို့
ကျောက်တူးသမားရဲ့ အောင်မြင်သော ကျောက်တွေ့သလို တုန်ခါလို့
သဇင်မှာ ခင်ဗျားလူ
မီးလောင်နေပုံများဗျာ ဆိုတော့လည်း မယုံချင်ပြန်ဘူး
ခက်ရပုံများ
စကားမစပ်
စာအုပ်ပုံကြီး ပြန့်ကျဲနေတာ မြင်ဖူးသလား
ရေနစ်နေသူ တစ်ယောက်ရဲ့ လက်တစ်ဖက်ကိုရော မြင်ဖူးသလား
ငွေသွားရှာတာ ကဗျာပဲ ရလာခဲ့တယ်ဆိုတော့ ရယ်ရသေးတယ်
တစ်ခါတစ်ခါ နတ်ပူးသလို
တစ်ခါတစ်ခါ အရူး တစ်ယောက်လို
အမြင့်တစ်နေရာက ခုန်ချချင်စိတ်တွေနဲ့
သွေးမှာ၊ အနုပညာမှာ ကျောက်ထက် အက္ခရာမှာ
ပါးပြင်ပေါ်က အမာရွတ်မှာ
အာဟာရ သိဒ္ဓိ ပြီးခဲ့ဆိုတော့
ခင်ဗျား အာဟာရက
တစ်နေ့ ဘယ်လောက် ရသလဲ ဆိုတော့ရင်
မခက်ဘူးလား
အမည် နာမတွေ ရွတ်ပြတယ် အကြောင်းအရာတွေ ပြောပြတယ်
မောင်ချောနွယ် အောင်ချိမ့်
ခရမ်းပြာထက်လူ မောင်ဖီလာ မိုဃ်းဇော်
စသဖြင့်
၂၄ နာရီအပြည့် လျှပ်စစ်မီးများ နောက်ကျမှုများ
ထိုးကျွေးခဲ့ရတဲ့ စတေးခံ ဘ၀များ လက်ညှိုးများ
ဘာဖြစ်မှာလဲ ဘယ်လို ခြောက်လှန့်မှာလဲ ဘာတုန်လှုပ်မှာလဲပေါ့
သူတို့ မသိသေးဘူး
ကဗျာဆရာ ဆိုတာ
တုန်လှုပ်မှုပြီး ဆေးထိုးထား သူတွေဆိုတာ
ဖျားခြင်းနာခြင်း
အလွန်အမင်းဆာလောင်ခြင်း
မရှိသူတွေဆိုတာ ဆိုတာတွေဟာ အဆက်မပြတ် ဖြတ်သန်းခဲ့ပြီးသား ဆိုတာ
ခက်လိုက်ပုံများ
ခက်ခက်ခဲခဲ ငါတို့အစား
သူတို့ ဓာတ်လိုက်နေပုံများ
ခတ္တာက တစ်မျိုး သဇင်က တစ်မျိုး
မျိုးဝင်းက တစ်မျိုး
သုံးမျိုး တစ်ထောင်တန်တွေ မဟုတ်တော့လည်း
ဘယ်ဝယ်ဝယ်ရတဲ့ အ၀တ်အထည်နဲ့
အီလက်ထရောနစ်ပစ္စည်းတွေ
မဟုတ်တော့လည်း
ပျက်ပြီး ပြန်လဲလို့ ရတဲ့ မီးခလုတ်တွေ
မဟုတ်တော့လည်း
ဘာလဲညာလဲ ဘာမှ မလဲဘူး ဆိုတော့
မျက်နှာက ဘာမဆိုင် ညာမဆိုင် ပျက်ချင်သေးတယ်
မခက်ဘူးလား
မခက်ပေဘူးလား
မမခက်က ကဗျာဆရာကို ငြင်းလိုက်သတဲ့လား
ဘ၀တစ်ခုကို အတူရင်မဆိုင်ရဲဘူးတဲ့လား
ကဗျာဆရာ့ မိန်းမလို့ အပြောမခံ ရဲဘူးတဲ့လား
တဲ့လားဆိုတော့
ပြောင်းပြန်ဆို တားလှည့်ပေါ့
ချစ်ခြင်းမေတ္တာ ရှိခြင်းကိုလည်း တားလှည့်ပေါ့
ဂုဏ်ရည် မတူကိုလည်း တားလှည့်ပေါ့
အမေက နှလုံးရောဂါရှိတယ်ဆိုပြီးလည်း တားလှည့်ပေါ့
မျက်လှည့်ဆရာမှ မဟုတ်တာ ကုန်သည်ပွဲစားမှ မဟုတ်တာ
သင်္ဘောသားမှ မဟုတ်တာ
ဂျပန်ပြန်မှ မဟုတ်တာ
မဟုတ်တာတွေ ဖြစ်နေတဲ့ လောကမှာ
ငါတို့လည်း မဟုတ်ပိုင်ခွင့် မရှိဘူးလား
မရှိဘူးဆိုလည်း ရှိစေတော့
ငါတို့ ငြင်းဆန်ခဲ့ပါတယ်
လှလှပပကြီးကို ငြင်းဆန်ခဲ့ပါတယ်
အောင်မြင် ကျော်ကြားမှုတွေကို
ပျော်ရွှင်မှုလို့ ထင်နေကြတဲ့ ပျော်ရွှင်မှုတွေကို
ရုပ်ရည် ရူပကာနှင့် ခုနစ်ဆောင် တိုက်ခန်းကို
စိန်ခြူးကြာညောင်နှင့် တစ်ပင်တိုင်မြနန်းကို
လှလှပပ ငြင်းဆန်ခဲ့ပါတယ်
အဲသလိုဆိုတော့
မင်းဆိုတော့ ဟိုကောင်ဆိုတော့
တိုးနှောင်မိုးဆိုတော့ ၀ိုင်ချိုဆိုတော့
အောင်ရင်ငြိမ်း ဆိုတော့ နွယ်စိမ်းဝေ ဆိုတော့
ပိုင်ဆိုတော့
ကြည်ဇော်အေးဆိုတော့ စည်သူငြိမ်းဆိုတော့
နီမျိုးထက်ဆိုတော့ အောင်နှင်းသစ်ဆိုတော့ ညီဗလဆိုတော့
အောင်ခိုင်မြတ်ဆိုတော့
ရာမျိုး သားဦးဆိုတော့
မင်းတို့ ဆိုချင်တဲ့သီချင်းကို
စိတ်ရှိလက်ရှိသာ ဆိုကြတော့
မင်းတို့ ဆိုသံမှာ ငှက်တွေ ကျွမ်းထိုးပျံလို့
ရောက်ရာ အရပ်ကနေ ပြန်စာတွေ ရောက်လိမ့်မယ်
ရောက်လာပါလိမ့်မယ်
စောင့်နေ
ဆက်ဆက်စောင့်နေ။ ။

ကေမျိုးငြိမ်း
(Teen မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၀)

No comments:

Post a Comment