၁
သာမန်အားဖြင့် ဆိုလျှင်တော့ နာရီတစ်လုံးကို သူမမုန်းတတ်ပါ။ သို့သော် ဤကိစ္စမှာတော့ လွန်လွန်းသည်။
သူဤအိမ်သို့ ပြောင်းလာခါစကတော့ နာရီပြင်ဆရာနှင့် အိမ်ချင်းကပ်လျက်ဖြစ်သောကြောင့် ၀မ်းသာကျေနပ်ခဲ့၏။ သူ့မှာ မကြာခဏ ပျက်တတ်သော စားပွဲတင်နာရီတစ်လုံး ရှိသောကြောင့်ဖြစ်သည်။ နောက်ပြီး နာရီပြင်ဆရာ၏ ဂုဏ်သိက္ခာကိုလည်း သူ သဘောကျသောကြောင့်ဖြစ်သည်။ နာရီပြင်ဆရာသည် ဘ၀တွင် နာရီပြင်ခြင်းနှင့် ဘုရားရှိခိုး တရားစာရွတ်ခြင်းမှ တပါး မည်သည့်အလုပ်ကိုမျှ မလုပ်သူဖြစ်လိမ့်မည်။ သူရောက်သွားတိုင်း နာရီတစ်ခုခုကို ကိုင်တွယ်ပြင်ဆင်လျက်သား သို့မဟုတ် သားရေဖုံးဘာသာရေး စာအုပ်တစ်ခုခုကို ဖတ်လျက်သား တွေ့ရသည်။
နာရီပြင်ဆရာက ပြဿနာမဖြစ်ပါ။ သူ့နာရီများကသာ ပြဿနာဖြစ်နေ၏။
နာရီပြင်ဆရာ၏ အိမ်တွင် စားပွဲတင်နာရီမျိုးစုံ၊ တိုင်ကပ်နာရီ မျိုးစုံရှိသည်မှာ သဘာဝကျသော ဖြစ်ရပ်တစ်ခုဟု သူလက်ခံသည်။ သို့သော် သူ့အိမ်နှင့် နာရီပြင်ဆရာအိမ်မှာ ခြံစည်းရိုး တစ်လွှာသာခြားလျက် ဟိုဘက်သည်ဘက် ကပ်နေသည်က ဘယ်လိုမှ ပြင်ဆင်၍ မရသော တည်ရှိမှု တစ်ခု ဖြစ်၏။ ထိုတည်ရှိမှုကြောင့် ဖြစ်ပေါ်လာသော သူ့ဒုက္ခမှာ သူအိပ်ရေးပျက်ခြင်းပင်ဖြစ်သည်။
ဟိုဘက်အိမ်က နာရီများသည် သူ့ကိုအကြီးအကျယ်တော့ အနှောက်အယှက် မပေးကြပါ။ သို့သော် နာရီသံမျိုးစုံကြားနေရခြင်းသည် နှစ်သုံးဆယ်ကျော် ဒုက္ခပေးခဲ့သော (သူ့မိန်းမ၏) ဟောက်သံထက်ပင်နှောက်ယှက်လေ့ရှိသည်။ ထရံတစ်ချပ်စီသာ ကာရံထားသောကြောင့် ဟိုဘက်အိမ်မှ နာရီသံများသည် သူ့အိမ်ထဲသို့ အဆီးအတားမရှိ ၀င်ရောက်လာ၏။
ရောက်ခါစတုံးကဆိုလျှင် လေးငါးညခန့် အိပ်ရာမှနိုးနိုးလာတတ်၏။ နာရီများသည် တပြိုင်တည်းမမြည်ကြဘဲ တစ်မိနစ် သို့မဟုတ် နာရီဝက်ခြားပြီး မြည်ကြသဖြင့် နာရီ ခုနှစ်လုံး၊ ရှစ်လုံး၏ ဆက်တိုက်မြည်သံမှာ အသံရှည်ကြီးဖြစ်နေတော့သည်။ သူဥာဏ်မှီသလောက် စဉ်းစားကြည့်သမျှတော့ နာရီတွေ အချိန်မှန်လျှင် ပြိုင်တူမြည်ကြလျှင် အကြားအာရုံကို ခဏပဲ နှောက်ယှက်ပေလိမ့်မည်။ ဤ ကိစ္စနှင့်ပတ်သတ်၍ သူနှင့် ဆွေးနွေးကြည့်ဖူးသည်။
“ခင်ဗျားနာရီတွေက ပြင်လက်စမို့နဲ့တူတယ်၊ မိနစ်နည်းနည်းခြားပြီး ထိုးနေကြတယ်ဗျ။ ဒါဟာ နာရီမမှန်တဲ့ သဘောမဟုတ်လား၊ တကယ်လို့ စံတော်ချိန်နဲ့သာ ကိုက်ညီရင်”
“မဟုတ်သေးဘူးဗျ၊ ကျုပ်အနေနဲ့ ဘယ်နာရီက ဘယ်လောက် အလုပ်လုပ်တယ်ဆိုတာ သိဖို့လိုတယ်။ ကျုပ်က နာရီတွေရဲ့ ထိုးသံကို ခွဲခြားပြီးသိတယ်။ အသံအနှေးအမြန်၊ အတိုးအကျယ်ရော၊နာရီအချိန် မှန်မမှန်ကိုရော အမြဲစောင့်ကြည့်ရတာကိုး၊ ဒီတော့ နာရီတွေကို တမင်အချိန်ခြားပြီး တိုက်ထားတယ်လေ။ ဒါမှ ကျုပ်ထိုင်ရာက ထမကြည့်ဘဲ ဘယ်နာရီက သံပတ်နည်းနေပြီလဲ၊ ဘယ်နာရီက ဆံခြည်မကောင်းဘူးလဲ၊ ဘယ်နာရီက ထိုးစက်မကောင်းဘူးလဲ၊ ခွဲခြားပြီး သိရမှာပေါ့”
သေလိုက်ပါတော့ကွာ၊ ဘယ်လောက် ယထာဘူတကျသော နှောက်ယှက်မှု တစ်ခုပါလိမ့်။ သူရယ်မောလျက် လက်ခံခဲ့ရသည်။
နောက်ပိုင်း လအနည်းငယ်မှာတော့ နာရီသံများနှင့် နေသားတကျဖြစ်သွားလေတော့သည်။
နာရီသံများသည် သူ့အတွက် သာယာသော အိပ်ရာဝင်ဂီတသံစဉ်များလို ဖြစ်လာသည်။ လေတိုက်ခတ်မှုနှုန်းကို လိုက်၍ နာရီသံ အတိုးအကျယ်ပြောင်းလဲလာသော အခါ ထိုအသံများသည် သူ့အတွက် နားထောင်၍ ချိုမြသောဂီတသံဖြစ်လာ၏။
နာရီပြင်ဆရာနှင့် အိမ်နီးချင်းဖြစ်ရသောကြောင့် ရရှိလာသော ဒုက္ခထဲတွင် နာရီပြင်ဖို့ လူကြုံပေးခံရခြင်းလည်း ပါဝင်၏။
လတ်ပတ်နာရီလို၊ စားပွဲတင်နာရီလို ၀န်မကျယ်လှသောနာရီမျိုးဆိုလျှင် ပြဿနာမဖြစ်သော်လည်း တိုင်ကပ်နာရီလို ကြီးကြီးမားမား ၀န်ထုပ်ဝန်ပိုးမျိုးကျတော့ သူ့အနေဖြင့် ကူညီဖို့ တော်တော်စဉ်းစားရသည်။ သိပ်မရင်းနှီးသူများဆိုလျှင်တော့ အကြောင်းပြချက်တစ်ခုခုပေးကာ ခပ်ပြုံးပြုံး ငြင်းဆန်နိုင်၏။ သို့သော် အလွန်ခင်မင်ရင်းနှီးသော မိတ်ဆွေဆိုလျှင် သူ အားနာပါးနာလက်ခံ၍ လူကြုံပေးပစ္စည်းကို သယ်ယူလာရတော့သည်။ (ကံအကြောင်းမလှစွာပင် ဤ နာရီပြင်ဆရာသည် ဤမြို့ ပေါ်တွင် တိုင်ကပ်နာရီများကို ပြန်လည်ပြင်ဆင်ခြင်း၊ ရောင်းဝယ်ခြင်းတို့၌ အပိုင်နိုင် အကျွမ်းကျင်ဆုံး ဖြစ်နေပေသည်။)
သူနောက်ဆုံး သယ်ဆောင်ပေးခဲ့ရသည်မှာ အလွန်စိတ်ညစ်ညူးဖွယ်ကောင်းသော တိုင်ကပ်နာရီတစ်လုံးဖြစ်သည်။ (ဤနာရီ၏နောက်တွင် မည်သည့်နာရီကိုမျှ လူကြုံအဖြစ် မသယ်ဆောင်ရဲတော့ပေ)
ထိုနေ့က သူသယ်ယူခဲ့ရသော နာရီကြီးမှာ အတော်ကြီး၏။ သူ့စိတ်အထင်တော့ နာရီ၏ အရှည်မှာ နှစ်ပေခွဲလောက်ရှိမည်။ (တကယ်တော့ နာရီကြီးသည် သုံးပေနီးပါးရှိ၏) နာရီမျက်နှာပြင် ဒိုင်ခွက်က အ၀ိုင်းကြီး၊ ဒိုင်ခွက်၏ ဘေးဘောင်ကို ရှစ်နားညီ ဗဟုဂံပုံစံဖြစ်အောင် သစ်သားပြားကွပ်ထားသည်။ ဂဏန်းကွက်များမှာ ရောမဂဏန်းများဖြစ်သည်။ လက်တံ အရှည်နှင့် လက်တံအတို (မိနစ်လက်တံနှင့် နာရီလက်တံ) မှာ ဗဟိုမှပြုတ်ကျနေပြီး နာရီဒိုင်ခွက်နှင့် မှန်၏အကြားတွင် နာရီလှုပ်ရှားတိုင် တဂျောက်ဂျောက်မြည်အောင် နေရာ ရွေ့ လျားလျက် ရှိကြသည်။ နာရီအိမ်ကတော့ ချိန်သီးအထိ တစ်ဆက်တည်း လေးထောင့်အရှည်ကြီး ဖြစ်နေသည်။ အနှစ်နှစ်အလလ မပြုပြင်၊ မမွမ်းမံဘဲ ထားပုံမျိုးဖြင့် နာရီအိမ် သစ်သားအရောင်မှာ ခပ်မွဲမွဲဖြစ်ပြီး ဖုန်တက်နေသေး၏။
ဤကြီးမားလှသော နာရီကိုးရို့ကားယားကြီးကို လူကြုံပေးလိုက်သော မိတ်ဆွေအား သူကျိတ်၍ ကျိန်ဆဲလိုက်မိသည်မှာ အိမ်ပြန်ရာ လမ်း၏ ခရီးတ၀က်၌ဖြစ်သည်။ ဂုန်လျှော်အိတ်အဖြူဖြင့် သေသေသပ်သပ် ထုတ်ပိုးချည်နှောင်ပေးလိုက်သော နာရီကြီးသည် လူအရှုပ်ဆုံးနေရာဖြစ်သော ရုပ်ရှင်ရုံရှေ့ ရောက်သော် အသံကျယ်လောင်စွာ ထိုးတော့သည်။
ပထမတော့ မျှော်လင့်မထားသော အနီးကပ်အသံကြီးကြောင့် သူလန့်ဖျပ်သွား၏။ သို့သော် ပထမဆုံးအသံ မပျောက်မီပင် ဤနာရီကြီးမှ ဖြစ်ရမည်ဟု သူသိလိုက်သည်။ အသံကြီးက ကြီးမားကျယ်လောင်လှ၏။ ထို့ပြင် အက်ကွဲကွဲကြီးဖြစ်သည်။ ထိုအချိန်မှာ ညနေ ၅ နာရီမခွဲမီ ၁၀ မိနစ်အလိုခန့်ဖြစ်သည်။ ဘယ်လိုနာရီအမျိုးအစားမျိုးမှ အသံမမြည်သင့်သည့် အချိန်ဖြစ်သည်။ ထို့ကြောင့်လည်း သူအံ့သြတုန်လှုပ်သွားခြင်းဖြစ်၏။ သို့သော် ဤနာရီကြီး ပျက်နေပေသည်။
လက်ဖက်ရည်ဆိုင်မှ လူများ၊ ရုပ်ရှင်ရုံရှေ့ မှ လူများ၏ စိတ်ဝင်တစား အကြည့်တို့ကြောင့် သူမျက်နာ ပူနွေးကာ ရှက်ရွံ့ သွားမိလေသည်။ သူဆွဲလာသော လက်ကိုင်ကွင်းတပ် ဂုန်လျှော်အိတ် အဖြူကြီးထဲတွင် ဤနာရီကြီး ပါမှန်းမသိ။ သူတို့အဖို့မူ ဤအသံသည် ထူးဆန်းအံ့သြဖွယ်ရာ ဖြစ်နေ၏။ ထို့ထက်ပို၍ ထူးဆန်းသည်မှာ သူခြေတစ်လှမ်းလှမ်းတိုင်း နာရီကြီး၏ ဒုံခနဲ အသံမြည်နေခြင်းပင် ဖြစ်၏။ သူချွေးပြန်လာကာ ယောင်မှားစွာ ခြေလှမ်းရပ်တန့်လိုက်၏။ ထိုအချိန်တွင် ခုနှစ်ချက်ခန့် ကျယ်လောင်စွာ အော်မြည်ပြီးသော နာရီသံသည်လည်း ရပ်တန့်သွားသည်။
“အင်း ... ဒါဟာ ငါ့ခြေလှမ်း လှုပ်ရှားမှုကြောင့် အထဲကစက်တွေ ကပြောင်းကပြန်ဖြစ်သွားတာများလား” ဟု သူပထမဆုံး အကြိမ် ကြောင်တောင်တောင်တွေးမိသွား၏။ ရှေ့ ဆက်ပြီး ခြေလှမ်းလှမ်းလိုက်လျှင် ဒါကြီးက ထပ်ပြီးမြည်ဦးမလား။
ထိုအချိန်တွင် သူခြေတစ်လှမ်းလှမ်းဖို့ တော်တော်စဉ်းစားယူရ၏။
လူအားလုံး သူ့အား ၀ိုင်းကြည့်နေကြသည်ဟူသော မလုံမလဲအတွေးဖြင့် သူ စိတ်ကျဉ်းကျပ်လျက်ရှိသည်။
အိုကွာ ... ငါခြေလှမ်းလှမ်းလို့ နာရီမြည်တော့ ရော ဘာဖြစ်သေးလဲ။ နာရီတစ်လုံးဟာ သူမြည်ချင်တဲ့အချိန်မှာ အသံမြည်ခွင့်ရှိတာပဲ။ ညနေ ၅နာရီပေမယ့် ခုနှစ်ချက်ထိုးတော့ ဘာဖြစ်သေးလဲ။ ရှစ်ချက်ထိုးတော့ရော ဘာဖြစ်သေးလဲ။ အခုလို ရပ်လိုက်တာကမှ လူတွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေဦးမယ်။
သူအားတင်း၍ ခြေလှမ်းစတင်လှမ်းသည်။
ထိုအချိန်မှာ ဒုံခနဲ ကျယ်လောင်သော ထိုးသံပေါ်လာ၏။ သူထူပူတုန်လှုပ်သွားကာ ခြေလှမ်းတုံ့ခနဲ ရပ်ပစ်လိုက်၏။ ထိုအချိန်မှာပင် နာရီသံကလည်း ရပ်သွားပြန်လေသည်။ နောက်ထပ်ခြေလှမ်းလျှင် မြည်ဦးမလားမသိ။ မဖြစ်ဘူး။ ဒီနာရီသံ ရပ်သွားအောင် လုပ်ဖို့ တစ်နည်းနည်းတော့ ရှိရမည်။
သူသည် သက်မဲ့နာရီတစ်လုံးကို လှည့်ဖြားရန် အကြံရသွား၏။ ထို့နောက် ဂုန်လျှော်အိတ်ကိုဖွင့်ကာ အထဲမှ ဧရာမနာရီကြီးကို ခဲခဲယဉ်းယဉ်းထုတ်ယူလိုက်၏။ ထို့နောက် နာရီ၏ချိန်သီးအိမ်က အပေါ်ရောက်ပြီး နာရီမျက်နှာပြင်ဝိုင်းက အောက်ရောက်သွားအောင် နာရီကို ဇောက်ထိုးတည့်ပစ်လိုက်၏။ အထဲမှာထည့်ထားသော ကြေးချိန်သီးအပြားဝိုင်းကြီး၏ လှုပ်ခတ်တိုက်ခတ်သံ ခဏကြားရပြီးနောက် အသံငြိမ်သွားသည်။
ကိုင်း ... ဒီအထဲက စက်တွေ ပြောင်းပြန်ဖြစ်ကုန်ပြီ။ ဒါကြီးလည်း အသံမြည်တော့မှာ မဟုတ်ဘူး။
သူသည် ဇောက်ထိုးဆွဲထားသော နာရီကြီးကို ငုံ့မကြည့်ရဲဘဲ ခြေလှမ်းကို စတင်၍ လှမ်းလိုက်သည်။ သူလေးငါးလှမ်းခန့် လှမ်းလိုက်ပြီးချိန်မှာပင် ကျယ်လောင်သော မြည်သံသည် ဆက်တိုက်ပေါ်လာလေတော့သည်။ သူမျက်နှာ ရှုံ့ မဲ့သွားပြီးနောက် တစ်ယောက်တည်း ရှက်ရယ်ရယ်မိတော့သည်။
ထိုနာရီကပေးသော ဒုက္ခသည် ဤအချိန်ကတည်းက စတင်ခဲ့ပေသည်။
သူသည် ပင်စင်ယူပြီးကတည်းက နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ မြို့ ထဲက စည်ပင်သာယာဈေးကြီးတွင် ကုန်ခြောက်ဆိုင်သွားဖွင့် ရောင်းနေသူဖြစ်သောကြောင့် ဤနာရီသည် သူ့အား ညကျမှ ဒုက္ခပေးလေသည်။
အခြားနာရီပေါင်းများစွာ၏ မြည်ထိုးသံနှင့် သူရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော်လည်း ဤနာရီကြီး၏ အသံကိုတော့ သူဘယ်လိုမှ သည်းညည်းခံ၍မရ။ နာရီပြင်ဆရာ၏ အိမ်နီးချင်းဖြစ်ပြီးကတည်းက နာရီပေါင်းများစွာ၏ ထိုးသံကို သူကြားဖူးလှပြီ။ ဤ နာရီလောက် အောက်ကလိအာသံမျိုး တစ်ခါမှမကြားဖူးပေ။
နာရီပြင်ဆရာ၏ အိမ်ရှိ အချို့ နာရီများသည် ဒင်...ဒင် ဟု အသံမြည်၏။ အချို့ က ဒေါင်...ဒေါင်ဟု အသံမြည်၏။ တချို့ကတော့ တိန်....တိန်ဟု အသံခပ်သေးသေးမြည်၏။ သံစုံနာရီများလည်းရှိသည်။ ဂီတသံလို အသံအနိမ့်အမြင့်ဖြင့် တော်တော်နားထောင်ကောင်းလှသည်။ သို့သော် ဤနာရီကျတော့ ဒုံခနဲ အသံမြည်၏။ မြည်ပုံကလည်း တစ်မျိုး။ ဒုံ ဟူသော အသံ၏နောက်တွင် ဂျရစ်၊ ဂျရစ်ဟူသော ထစ်သံ တုန်သံ တစ်ခုပါသေး၏။ သူတော့ ဤနာရီသံကြားလျှင် သွားကျိန်းလှသည်။ ဘယ်နိုင်ငံကများ ဤနာရီမျိုး တီထွင်လိုက်ပါလိမ့်။ အသံကတော့ တော်တော်မာထန်ပြီး ကျယ်လောင်သည်။ တော်ရုံသွေးကြောင်သူဆိုလျှင် တိတ်ဆိတ်သောညမှာ ထိုအသံကြောင့် နှလုံးတုန် ရင်ခုန်သွားနိုင်၏။
သူသည် ဤနာရီကြီးကို နာရီပြင်ဆရာအား ကိုယ်စားအပ်ပေးပြီးသည့်နောက် တစ်ပတ်တိတိ ဘယ်လိုမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တော့ချေ။
၂
တစ်ညနေမှာ သူ၏သစ်ပင်များ ရေလောင်းပေါင်းမြက်သင်ချိန်ကို ဖျက်၍ နာရီပြင်ဆရာ၏အိမ်သို့ သူကူးသွားလိုက်၏။
သူ့အားအသံဖြင့် နှိပ်စက်နေသေးသော သူမှတ်မိနေသည့် နာရီကြီးမှာ အားလုံးထဲတွင် အကြီးဆုံး။ နံရံတွင် မားမားကြီး ချိတ်လျက်ရှိ၏။ နာရီအိမ်သစ်သားမှာ အညိုရင့်ရောင်ဆေးသုတ်ထားပြီး ဒိုင်ခွက်ကလည်း ဖြူဖွေးကာ သစ်လွင်တောက်ပနေ၏။ အင်း... ဒါကြီးကို ပြင်ဆင်မွမ်းမံပြီးပြီပေါ့။
“နေကောင်းရဲ့ လားဗျ”
နာရီပြင်ဆရာသည် သူ့ကိုတွေ့တိုင်း နေကောင်းရဲ့ လားဟု ပဋိသန္ဓာရစကားဖြင့် နှုတ်ဆက်လေ့ရှိသော်လည်း ဤအိမ်ပြောင်းပြီးမှ သူတစ်ခါမျှ မဖျားနာဖူးမှန်း နာရီပြင်ဆရာသိပါသည်။
“ကောင်းပါတယ်ဗျာ”
ညအိပ်မပျော်တာ တစ်ခုပဲဟု ဆက်ပြောချင်သေးသော်လည်း ပြောမထွက်ပေ။ သူက ဟိုဘက်အိမ်ကနေ အိပ်ရေးပျက်နေရလျှင် နာရီပြင်ဆရာအဖို့ မည်သို့ရှိမည်နည်းဟု ကိုယ်ချင်းစာလိုက်သောကြောင့် ဖြစ်သည်။
“ဟိုနာရီကြီးက အသံတော်တော်ကျယ်တယ်နော်” ဟု သူစကားစလိုက်သောအခါ နာရီပြင်ဆရာက ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ခေါင်းညိတ်၏။
“အေးဗျ၊ ခင်ဗျားသယ်လာတဲ့ နာရီကြီးလေ၊ သူ့ထိုးစက်သံချောင်းတွေက တော်တော်သန်ပြီး တုတ်တယ်ဗျ၊ အသံမာတာပေါ့ဗျာ”
“အဲ့ဒါ ဘယ်နိုင်ငံက လုပ်တာလဲ”
နာရီများကို သိပ်စိတ်မ၀င်စားသူ သူ့ထံမှ ဤမေးခွန်းကို ကြားရသောအခါ နာရီပြင်ဆရာက မျက်ခုံးပင့်ကြည့်ကာ သဘောကျသွားဟန်တူပါသည်။
“အမေရိကန်ပေါ့ဗျာ”
အံ့သြစရာပါပဲ။ သူသည် အမေရိကန်ပြည်ထောင်စုကို ယခင်က အလွန်အထင်ကြီးခဲ့သည်။ ယခုတော့ တိုင်ကပ်နာရီတစ်လုံးကြောင့် အမေရိကန်နာမည်ပျက်ရပေတော့မည်။ အင်းလေ... နှစ်ပေါင်းများစွာကြာပြီးသည့်နောက် ဤနာရီသည် နဂိုက ပစ္စည်းချည်း မည်သို့ဖြစ်နိုင်မည်နည်း။ မြန်မာပြည်တွင် ပြုလုပ်ဖန်တီး၍ ပြင်ဆင်ထည့်သွင်းထားသော ပစ္စည်းများရော မဖြစ်နိုင်ဘူးလား။
“စက်သောမတ်(စ်) (Seth Thomas) အမျိုးအစားဗျ၊ သိပ်ကောင်းတယ်၊ ခိုင်တယ်၊ ဟိုတုန်းကတော့ နာမည်ကြီးပေါ့ဗျာ။ ရွှေဈေးအစိတ်တုန်းက ငါးဆယ်ပေးရတဲ့ နာရီအမျိုးအစားဗျ။”
ဤနာရီပြင်ဆရာ၏ အကျင့်မှာ သူ့နာရီများ (သို့မဟုတ်) သူကိုင်တွယ်ပြင်ဆင်ရသော နာရီများကို တန်ဖိုးပြောပြတိုင်း ယခင်နှစ်ပေါင်းများစွာ ရွှေတစ်ကျပ်သားဈေးဖြင့် နှိုင်းယှဉ်လေ့ရှိသည်။
“ဟောဟို ခင်ဗျားနောက်က နာရီကိုကြည့်၊ အဲဒါ ဂျာမနီနိုင်ငံကလုပ်တာ”
သူနောက်လှည့်ကြည့်လိုက်တော့ သူ့နောက်က နံရံမှာ မင်းကွတ်သီးရောင် ဖျော့ဖျော့နုနုလေးထောင့်နာရီတစ်လုံးကို မြင်ရသည်။
“သိပ် အသံသာတဲ့ နာရီ၊ ကျုပ်ကိုင်ရဖူးသမျှ သံစုံနာရီတွေထဲမှာတော့ အကောင်းဆုံးပဲ”
နာရီဒိုင်ခွက်မျက်နှာပြင်မှာ ငွေရောင်ဖြစ်ပြီး “မောင်ကိုနှင့်ညီများ” ဟု ခံ့ထည်သော မြန်မာစာလုံးပါသည်။
“မောင်ကို ဟုတ်လား၊ ဂျာမနီဆိုဗျ”
“အေးလေ၊ ဒါက မြန်မာနိုင်ငံရောက်မှ ရေးတဲ့ နာမည်ဖြစ်မှာပေါ့၊ ဂျာမနီကုမ္ပဏီနဲ့ ဆက်သွယ်ပေးတဲ့ မြန်မာကုမ္ပဏီနာမည် ဖြစ်ချင်ဖြစ်မယ်လေ။ တကယ်တော့ ဒီနာရီရဲ့ စက်မှာ ဂျာမနီလို့ ရေးထားတာပဲ”
သူသိပ်နှစ်သက်သော သံစုံတီးခတ်မှုမှာ ဤနာရီမှ ဖြစ်လိမ့်မည်ဟု သူမှန်းဆကြည့်မိ၏။ ချိန်သီးအိမ်၏ ရှေ့ မှန်က ထုကောင်းပြီး ရှေးက ကြည့်မှန်ပြုလုပ်သော နိုင်ငံခြားမှန် အမျိုးအစားဟု ထင်သည်။ အထဲက ချိန်သီးမှာ သံမဏိသတ္တုရောင် လက်နေပြီး ဖြည်းလေးစွာ လွှဲယမ်းနေ၏။
“ဒီကောင်က ၁၅ မိနစ်တစ်ခါထိုးတာလေ”
သေချာသည်။ သူအနှစ်သက်ဆုံး နာရီမှာ ဤနာရီဖြစ်ပေသည်။
“ဘယ်သူ့နာရီလဲဗျ”
“ကျုပ်ဝယ်ထားလိုက်တာဗျ၊ နှစ်နှစ်ရှိပြီ။ ကိုးရာနဲ့ဝယ်ထားလိုက်တာ”
သူအံ့သြသွား၏။ ပုံစံခပ်ဟောင်းဟောင်း ရှေးတိုင်ကပ်နာရီတစ်လုံး။ ကိုးရာတန်ဖိုးရှိမှန်း သူမသိခဲ့ပေ။
“ဈေးများလှချည်လား”
ထိုအခါ နာရီပြင်ဆရာက သဘောကျစွာ ရယ်၏။
“အဲ့ဒီနာရီကို နှစ်ထောင်နဲ့ လာဝယ်တဲ့သူရှိတယ်။ ကျုပ်မရောင်းဘူး၊ သံစုံနာရီချင်းယှဉ်ရင်လည်း သူကသာတယ်၊ ဒီကောင့်အသံက ခုခေတ် ဂျပန်သံစုံနာရီတွေလို ကလက်တက်တက်မဟုတ်ဘူး။ ခံ့ညားတယ်”
သူ တအံ့တသြ ပြုံးမိသည်။
“ခုချိန်ထိ နှစ်နှစ်ရှိပြီ၊ တစ်ခါမှ ပြန်မပြင်ရသေးဘူး။ သူ့ထိုးစက်အချောင်းတွေက ကြေးချောင်းတွေလေ၊ သံချောင်းမဟုတ်ဘူး၊ သံချေးမတက်ဘူး၊ အက်သံမပါဘူး၊ လိုဏ်သံပေါက်ပြီး ကြည်လင်နေတယ်။ ရွှေဈေးအစိတ်တုန်းက တစ်ရာ့ အစိတ်ပေးရတဲ့ နာရီပဲဥစ္စာ၊ ခင်ဗျားစဉ်းစားကြည့်လေ၊ အခုရွှေဈေးနဲ့များ တွက်ကြည့်လိုက်စမ်းပါဦး၊ ဘယ်လောက် အဖိုးတန်သလဲဆိုတာ”
ဤလူသည် လျင်မြန်စွာ ပြောင်းလဲ တိုးတက်လာသော စက်မှု သိပ္ပံပညာကို ထည့်တွက်ဟန်မတူပေ။
ဤကိစ္စထက် အရေးကြီးသည်မှာ အသံကျယ်လောင်လွန်းသော အမေရိကန်နာရီကြီး၏ ပြဿနာဖြစ်သည်။
“အဲ့ဒီ အမေရိကန်ကြီးရော ပြင်ပြီးသွားပြီလား။ ပြန်ယူရင်တော့ သူ့ဟာသူ လာယူစမ်းပါစေဗျာ၊ ကျွန်တော် အဲ့ဒါကြီးနဲ့ နောက်တစ်ကြိမ် လမ်းမှာ ဒုက္ခမရောက်ချင်ဘူး”
ထိုအခါ နာရီပြင်ဆရာက ပြုံး၏။
“ကျုပ်အဲ့နာရီကို ၀ယ်လိုက်ပြီဗျ၊ ပြင်ခ မတတ်နိုင်လို့၊ ငွေလဲလိုနေလို့ ဆိုပြီး တစ်နေ့ကပဲ ကျုပ်ကို အပြီးရောင်းသွားတယ်လေ၊ ကြည့်စမ်းပါဦးဗျာ၊ ဘယ်လောက်ကြီးမားခံ့ညားလိုက်သလဲ”
“မြတ်စွာဘုရား”
လတ်စသတ်တော့ ဤနာရီသံ၏ဒုက္ခကို သူတစ်သက်လုံး ခံစားနေရတော့ မှာပါကလား၊ သူလုံးဝစကားမပြောနိုင်ဘဲ ငိုင်ကျသွားတော့သည်။
ထိုအချိန်မှစ၍ ဤအမေရိကန်နာရီကြီးသည် သူ့အား ညစဉ် အနှောက်အယှက်ပေးလေသည်။ ဒီအသံကြီးနဲ့ နာရီပြင်ဆရာ ဘယ်နှယ့်လုပ်ပြီး အိပ်ပျော်ပါလိမ့်မလဲ။ အင်းလေ... သူက ခုနှစ်ဆယ်ကျော် အဘိုးကြီးပဲ၊ နားလေးနေတာလည်း ဖြစ်နိုင်တာပေါ့။ ဤ နာရီသံကတော့ သူတို့ တစ်ရပ်ကွက်လုံး နာရီထကြည့်စရာ မလိုအောင် အသံမြည်လှသည်။ မန္တလေးမြို့တော်ခန်းမမှ နာရီထိုးသံလို သာယာသောဂီတသံဆိုလျှင်တော့ ပြောစရာမရှိပါ။ ယခုတော့ အက်ကွဲသံကြီး၊ ဒုံခနဲ မြည်ပြီးတိုင်း နောက်ဆက်တွဲ ဂျရစ်၊ ဂျရစ်အသံကြီးမှာ သူ့အား သွားကျိန်းစေပေသည်။
ရက်မှလသို့ ချဉ်းကပ်လာသည့်တိုင်အောင် သူ့အားဤနာရီက အနှောင့်အယှက်ပေးဆဲ။ သူအိပ်ရေးမ၀ဘဲ နိုးလာရပေါင်းများလာသောအခါ သူ မလှုပ်ရှားချင်သလိုလို၊ မူးဝေနောက်ကျိသလိုလို၊ ညောင်းညာနာကျင်သလိုလိုဖြစ်လာသည်။ မကြာခဏ ဆေးခန်းသွားပြပြီး ဆေးထိုးခံရသည်။
“အဲ့ဒီနာရီကြီးကို ခင်ဗျား ပြန်ရောင်းမယ်ရော စိတ်ကူးသေးလား”
“ဟာ ရောင်းမှာပေါ့ဗျာ ကျုပ်အတွက် ဟောဟို သံစုံနာရီရှိနေရင် ပြီးရော”
သို့သော် ဤမျှကြီးမားလေးလံသော ပုံစံခပ်တုံးတုံးနာရီကြီးကို အသံမကြားရဘဲနှင့်တောင် ၀ယ်ချင်သူရှိမှာမဟုတ်ဟု သူလောင်းရဲ သည်။
သူထင်သည့် အတိုင်းပင် ဤနာရီကြီးသည် နာရီပြင်ဆရာ၏ အိမ်တွင် မားမားကြီး ချိတ်ထားခံရဆဲ။ ညစဉ်ဝတ္တရားအဖြစ် သူ့အားလေးလံသော စောင်ခြုံထဲအထိ အသံကြောင်ကြီးဖြင့် နှောက်ယှက်နေဆဲသာ ဖြစ်သည်။ကြာတော့ နာရီကြီးကို သူခါးခါးသီးသီး မုန်းတီးလာသည်။
နေစမ်းပါဦး။ ဤကိစ္စနှင့်ပတ်သတ်၍ ဖြေရှင်းရန် နည်းတစ်ခုခုတော့ ရှိရမှာပေါ့။
အကောင်းဆုံးနည်းမှာ ဤနာရီကြီးကို ရိုက်ခွဲဖျက်ဆီးပစ်ဖို့ပဲ၊ သူစိတ်ပေါက်ပေါက်ဖြင့် တွေးမိသေးသည်။
ထိုးစက်သံချောင်းတွေက သန်မာပြီးတုတ်တယ်ဆိုပဲ။ အဲဒါတွေကို ပျော့တဲ့သံချောင်းခပ်သေးသေးဖြင့် လဲခိုင်းရလျှင်ကောင်းမည်။ သို့သော် ဤကိစ္စသည် သူ့အဖို့တော့ သူများ ကိုယ်ရေးကိုယ်တာထဲ ၀င်စွက်ခြင်းသာ ဖြစ်သည်။ ဒါဟာ သူ့နာရီမှမဟုတ်ဘဲ။
သို့မဟုတ် သံချောင်းကိုလာထုသော (ကြေးသတ္တုဖြင့်ပြုလုပ်သည့်) တူကလေးကို အသံသိပ်မကျယ်အောင် လုပ်တဲ့ နည်းရှိမှာပေါ့။ ဥပမာ ... တူကလေးကို သင်္ဘောဆေးသုတ်ခြင်း၊ သို့မဟုတ် စက္ကူဖြင့်ပတ်ခြင်း။ ထို့နောက် ... သူ့အတွေးသူသဘောကျစွာ အသံထွက်ရယ်လိုက်မိ၏။ မဟုတ်သေးပါဘူးလေ။
တိုင်ကပ်နာရီတစ်လုံးမှာ စက်နှစ်မျိုးပါမှန်းသူသိသည်။ နာရီသွားသောစက်၊ နာရီထိုးသော စက်ဟူ၍ဖြစ်သည်။ နာရီသံကို သံပတ်ပေးလျှင် နာရီပြင်ဆရာသည် ဒိုင်ခွက်အောက်မှ အပေါက်နှစ်ပေါက်ထဲသို့ သော့တံဖြင့် ထိုးသွင်းလှည့်ယူ၍ သံပတ်ပေးတာ မြင်ဖူးသည်။ ထိုးစက်သံပတ်ကုန်လျှင် နာရီသံကြားရတော့မှာ မဟုတ်ဘူး၊ ဤအချက်က သိပ်သေချာသည်။ သူပျော်ရွှင်သွား၏။ သို့သော် ....
နောက်ဆုံးတွင် သူသည် တစ်ခုတည်းသော နည်းလမ်းကိုသာ စဉ်းစား၍ ရ၏။
“ခင်ဗျား ဒီနာရီကို ဘယ်လောက်ရရင် ရောင်းမလဲဗျ၊ ဟင်”
နာရီပြင်ဆရာက သူ့ကို တအံ့တသြ မော့ကြည့်ကာ “ခင်ဗျားလိုချင်လို့လား” ဟုမေးသည်။
“အေးဗျာ”
သူ့အသံမှာ အားနည်းလှသည်ကို နာရီပြင်ဆရာက ဂရုထားမိဟန်မတူပါ။ အားရပါးရ ပြုံးရယ်လျက် လက်ဖ၀ါးနှစ်ဖက်ကို ကျေနပ်စွာ ပွတ်သပ်ကာ ခေါင်းတဆတ်ဆတ် ညိတ်လေသည်။
“ခင်ဗျားယူရင်တော့ လျှော့ပေးမှာပေါ့ဗျာ၊ နှစ်ရာ့ငါးဆယ်ပဲပေးပါ”
တော်ပါသေးရဲ့ ၊ ရွှေဈေးအကြောင်းမပြောပေလို့။
သူစိတ်သက်သာရာ ရသွားသည်။ ငွေနှစ်ရာ့ငါးဆယ်မှာ နောက်ထပ်ဆေးခန်းငါးခါသွားရလျှင် ကုန်မှာပဲ။ ဤနာရီကို ၀ယ်ယူလိုက်ခြင်းအားဖြင့် ဆေးခန်းသွားရမည့် ဒုက္ခမှလွတ်မြောက်လျှင် သူ့အတွက်တော့ ကျေနပ်နှစ်သိမ့်ဖွယ်ရာ ဖြစ်ပေသည်။
“ခင်ဗျား အိမ်နံရံမှာ ကျုပ်လိုက်ပြီး ချိတ်ပေးပါ့မယ်၊ တစ်ခါတစ်လေ နာရီတွေက ချိတ်ပုံဟန်မကျရင် မသွားချင်ဘူးဗျ။ ဒေါင်လိုက်တည့်တည့်မဟုတ်ဘဲ နည်းနည်းစောင်းသွားရင် စက်မမှန်ချင်ဘူး”
ကျေးဇူးကြီးမားလှပါသည်။ သို့သော် ဤကိစ္စမှာ သူ့အတွက် အရေးမကြီးလှပါ။
“ထိုးစက်သံပတ်က ဘယ်ဥစ္စာလဲဗျ”
“ဟောဒီဘက်ကဟာပေါ့၊ ခင်ဗျားတစ်ခါ သံပတ်ပေးပြီးရင် တစ်ပတ်လောက် အနည်းဆုံး မေ့ထားလို့ရတယ်။ သူ့သံပတ်က အော်ရီဂျင်နယ်တွေ၊ အက်ရာ ဆက်ရာ ဘာမှမရှိဘူး။ သန်သလားမမေးနဲ့”
နာရီပြင်ဆရာသည် သံပတ်ပေးပုံပေးနည်းကအစ အသေအချာပြသသွား၏။
သူသည်နာရီသံပတ်ကို ဂရုတစိုက်ပေး၏။ ထိုသို့ သံပတ်ပေးရာတွင် သွားစက်သံပတ်ကိုသာ ပေးလျက် ထိုးစက်သံပတ်ကို အမြဲတမ်းချန်လှပ်ထားခဲ့သည်။ ထို့ကြောင့် နာရီသည် လုံးဝမထိုးတော့ချေ။ ဤသို့ဖြင့် နာရီကိုဝယ်ယူပြီး တစ်ပတ်အကြာတွင် သူသက်တောင့်သက်သာ အိပ်ပျော်သွားသော အကျင့်ကို ပြန်လည်ရရှိလာခဲ့သည်။
သူ့ဘ၀တွင် သူမုန်းတီးသော အရာဝထ္ထုတစ်ခုကို အပိုင်ဝယ်ယူပစ်လိုက်ခြင်းမှာ ဤတစ်ကြိမ်သာ ရှိသေးသည်။ ။
ဂျူး
ဟန်သစ်မဂ္ဂဇင်း၊ အမှတ် (၁၀)
No comments:
Post a Comment