Tuesday, 21 August 2012

ကွဲကြေသွားသေားမနက်ဖြန်များ



သာမန် မနက်ခင်း တစ်ခု ဖြစ်ပါတယ်။ အရာ အားလုံးက သမားရိုးကျ ဖြတ်သန်း နေကြတဲ့ အဲဒီ မနက်ခင်း တစ်ခုမှာ ကျွန်တော့် အတွက်တော့ တစ်စုံတစ်ခု လိုအပ် နေခဲ့တယ်။
တာဝန်ချိန် ရောက်လာကြောင်း သံချောင်း ခေါက်သံကြား လိုက်ရတဲ့ စစ်သား တစ်ယောက်လိုမျိုး အိပ်ရာထဲက ရုန်းထပြီး တိုက်ခန်းရဲ့ ၀ရန်တာ လေးဆီကို ပြေးထွက် လိုက်မိတယ်။ လုပ်နေကျ အကျင့် တစ်ခုကို အလိုအလျှောက် လုပ်လိုက်သလိုမျိုး မျက်နှာချင်းဆိုင် အခန်းရဲ့ ၀ရန်တာလေး ဆီကို လှမ်းကြည့်လိုက်တယ်။

စိတ်ထဲကို မနှစ်မြို့မှုတွေဟာ ပျို့ပျို့ပြီး တက်လာတယ်။ ဘာကြောင့် အဲဒီ အခန်းရဲ့ ခန်းဆီးစတွေဟာ အစိမ်းရောင်တွေ ဖြစ်နေရတာလဲ။ ကျွန်တော် အစိမ်းရောင် မကြိုက်ဘူး ဆိုတာ သူမမေ့သွား ခဲ့ပြီလား။ ကျွန်တော် မှီထားတဲ့ တံခါးရဲ့ ခန်းဆီးစလေးကို အသေအချာ ပြန်ကြည့်မိတယ်။ ကျွန်တော့် အခန်းရဲ့  ခန်းဆီး စလေးတွေကတော့ အပြာနုရောင် လေးတွေပါပဲ စိတ်တစ်ခုလုံး ကောင်းကင်မှာ လွင့်မျော်နေသလို ခံစားရမဲ့ ခန်းဆီးစပြာပြာ လေးတွေပါ။ ကျွန်တော်တို့ နှစ်ယောက်စလုံး အပြာနုရောင်ကို သိပ်ကြိုက်ခဲ့ကြတယ် ဆိုတာ ပြန်စဉ်းစားမိတယ်။ သူမ တကယ်ပဲ ပြောင်းလဲ သွားနိုင်ခဲ့ပြီလား။ အဖြေ မရှိတဲ့ မေးခွန်းတွေဟာ ရင်ဘတ်ကို လာစိုက်ဝင်ပြီးမှ ပြန်ဆွဲနုတ်လို့ မရတဲ့ မြားတံတွေပါပဲ။ဒါပေမဲ့ အဲဒီမေးခွန်းတွေကိုပဲ အကြိမ်ကြိမ် အခါခါ မေးနေမိတယ်။ ယဉ်ပါးစ ပြုနေပြီ ဖြစ်တဲ့ နာကျင်မှုတွေဟာ ကျွန်တော့်ရဲ့စိတ်ကိုသိလို့ မတားဆီးနိုင်တော့ပါဘူးလေ။

အိပ်ရာထဲက ရုန်းထွက်ခဲ့ပေမဲ့ အိပ်စက် ခြင်းထဲက လွတ်လွတ်ကျွတ်ကျွတ် ရုန်းမထွက်နိုင်သေးတဲ့ မျက်လုံး အစုံကို ခဏလောက် မှိတ်ထားပေးလိုက်တယ်။ စိတ်အာရုံထဲမှာတော့ အစိမ်းရောင် ခန်းဆီးစတွေက တဖျတ်ဖျတ် လာရိုက်ခတ် နေတယ်။ မျက်လုံးတွေကို ပြန်ဖွင့်လိုက်တဲ့ အခါမှာတော့ အဲဒီ မြင်ကွင်းဟာ ကျွန်တော့် မျက်ဝန်းတွေထဲကို တိတိကျကျကြီး ၀င်ရောက်လာပါ တော့တယ်။ ကျွန်တော် ဒီဝရန်တာမှာ ဆက်နေဖို့ မသင့်တော့ဘူး ဆိုတာကို သိလိုက် ပါပြီ။ အပြာနုရောင် ခန်းဆီးစလေးတွေဟာ အဝေးကို ထွက်ပြေး သွားကြရပြီပဲလေ။ အဲဒါကြောင့်လည်း ကျွန်တော့်စိတ်မှာ တစ်ခုခု လစ်လပ်နေတာပဲ မဟုတ်လား။ တစ်စုံတစ်ခုဟာ တိတိကျကျ သေချာ သွားခဲ့ပါပြီ။

“ဒီနေ့ အဖြေ ပေးမယ်ဆို”
ကော်ဖီဆိုင်ထဲမှာ ထိုင်နေရင်း သူမကို ကျွန်တော်မေးလိုက်ပါတယ်။

“ဘယ်တုန်းက ပြောမိလို့လဲ”

သူမကော်ဖီခွက်ကို ငုံ့သောက်နေရင်း မျက်လုံးလေးတွေကို ပင့်ကြည့်ပြီး ပြုံးစစနဲ့ ပြန်မေးတယ်။ ကျွန်တော် ဘာမှပြန်မပြောဘဲ သူမကိုပဲ စိုက်ကြည့် နေလိုက်ပါတယ်။ အချစ်ဆိုတာ ကျွန်တော့်ဘ၀ကို တိုက်ခိုက်ဖို့ တိတ်တိတ်လေး ခိုးဝင်လာတဲ့ ချစ်သူဆိုတာ အဲဒီ အချိန်တုန်းက ကျွန်တော် သတိ မထားခဲ့မိပါဘူး။

“သူ့ကို ပြောထား ရဦးမယ်။ အိမ်က သင်္ဘောသား တစ်ယောက်နဲ့ သဘော တူထားတာ ရှိတယ်။ ဒါပေမဲ့ အဲဒီ လူကြီးကို မချစ်ဘူး”

“ကိုယ် သိချင်တာ အဲဒါ မဟုတ်ဘူး”

သူမက ကျွန်တော့်မျက်နှာကို မော့ကြည့်ပြီး ပြုံးပြပါတယ်။ တစ်ယောက်မျက်နှာ တစ်ယောက် အကြာကြီး စိုက်ကြည့်နေရင်း သူမရဲ့နှုတ်ခမ်းလေးတွေ စကားလုံး တချို့ကို ဖန်တီးလိုက်တယ်။ စကားသံ တိုးတိုးလေးဟာ ကျွန်တော်တို့ဆီကို ပျံသန်းလာတယ်။

“မောင် လို့ ခေါ်မယ်နော်”

ရုတ်တရက် အလစ်ဝင် တိုက်ခံလိုက်ရသလို ကျွန်တော် မှင်တက် သွားခဲ့ပါတယ်။ ကျွန်တော် သတိ ထားမိချိန်မှာတော့ ကျွန်တော့် ရင်ဘတ် တစ်ခုလုံး ကျရှုံးသွားခဲ့ပါပြီ။ အဲဒီလို ကျွန်တော်တို့ နှစ်ယောက်ကြားမှာ “ချစ်တယ်”ဆိုတဲ့ စကား တစ်ခွန်းတောင် မလိုအပ် ခဲ့ကြပါဘူးလေ။

“အရက် သောက်တတ်လား...ဟင်”
ကျွန်တော် ခေါင်းကိုပဲ ညိတ်ပြလိုက်မိတယ် ထင်ပါတယ်။

“အင်းပေါ့လေ။ ယောက်ျားလေးပဲ။ အတူ နေရင်တော့ မောင် မသောက်ရဘူးနော်”

ဘ၀တစ်ခု တည်ဆောက်ဖို့ အချစ်ဟာ ဘယ်အတိုင်းအတာ အထိ လိုအပ်သလဲဆိုတာ ငြင်းခုံကြ ရင်း ကျွန်တော့်တို့ နှစ်ယောက် နေ့ရက်ပေါင်း များစွာကို ဖြတ်သန်းခဲ့ကြပါတယ်။ သူမ မေးတဲ့မေး ခွန်းတချို့ကိုတော့ ကျွန်တော် မဖြေနိုင်ခဲ့ပါဘူး။

“မောင်၊ တို့နှစ်ယောက်ရဲ့ အနာဂတ် အတွက် ဘာတွေ စီစဉ်ထားပြီးပြီလဲ”အဲဒီမေးခွန်းကြား လိုက်ရတိုင်း ကျွန်တော် တစ်နေရာရာကိုပဲ စိုက် ကြည့်နေမိခဲ့တယ်။ ကျွန်တော့် ဘ၀မှာ အဖြေမရှိ သေးတဲ့ မေးခွန်းတွေ သိပ်များနေပြီလား။

“အိမ်က အတင်းအကျပ် စီစဉ် လာရင်တော့ မောင့်နောက်ကို လိုက်ခဲ့မယ်နော်”

သက်ပြင်း တိုးတိုးလေး ခိုးချပြီး ကျွန်တော် စီးကရက်ကိုပဲ ရှိုက်ဖွာနေမိတယ်။ တလွင့်လွင့် ဝေ့၀ဲနေတဲ့ စီးကရက် မီးခိုးငွေ့လေးတွေကို  အဓိပ္ပာယ် မဲ့လိုက်ငေးနေမိတယ်။ အဲဒီစီးကရက် လေးတွေလိုပဲ ကျွန်တော့် ဘ၀လည်း ဘယ်အချိန်ထိ ရည်ရွယ်ချက် ကင်းမဲ့စွာ လွင့်မျောနေရဦးမှာ လဲ။

“မောင်”

ကြားနေကျ ခေါ်သံ တစ်ခုအနေနဲ့ အဲဒီစကား  လုံးလေး နားထဲကို စီးဝင်လာခဲ့ပေမဲ့ ခံစားမိနေ ကျ စိတ်ချမ်းမြေ့မှုလေးက ကျွန်တော့် ရင်ဘတ်ထဲကို စိမ့်ဝင် မလာတော့ပါဘူး။ ကျွန်တော့်ရှေ့တည့် တည့်ဆီကိုပဲ စိုက်ကြည့် နေလိုက်မိတယ်။ကျွန်တော်တို့ ရပ်နေကြတဲ့ မြက်ခင်လေးဆီကို အရှေ့ကန်ရေပြင်ထဲက လှိုင်းဂယက်လေးတွေ ပြေးတက်လာဖို့ ကြိုးစားနေကြတယ်။ သူတို့ မြက်ခင်းဆီကို ပြေးတက်လာကြတယ်။ ပြီးရင်ပြန် လျှောဆင်း သွားကြရတယ်။ ကျွန်တော်ဟာ ကမ်းစပ် တစ်ခုရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ခွင့် မရှိတဲ့ ရေကန်ထဲက လှိုင်းဂယက်လေးပဲလား။

“မောင် မေးနေတယ်လေ။ ဆုံးဖြတ်ပြီးပြီ လားလို့”

စိတ်မရှည်တော့တဲ့ လေသံနဲ့ သူမကျွန်တော့် လက်မောင်းကို ကိုင်လှုပ်ပြီးတော့ မေးပါတယ်။ ဒါလည်း သူမရဲ့ အမူအကျင့် တစ်ခုပါပဲ။ သူမ ဘာမေးလိုက်တယ်ဆိုတာ ကျွန်တော်မကြားလိုက် မိဘူး။ ဒါပေမဲ့ သူမမေးမှာကို ကျွန်တော် သိနေပါတယ်။ စကားလုံးတွေဟာ ကျွန်တော်တို့နှစ် ယောက်အတွက် ဘယ်တုန်းကမှ မလိုအပ်ခဲ့ပါဘူး လေ။ တစ်ယောက်ရင်ထဲကို တစ်ယောက်မြင်နေ ကြရတာပါပဲ။ ဒါပေမဲ့ ခုစကားလုံးတွေကို ကျွန်တော့် အသုံးပြုရပါတော့မယ်။ ရင်ထဲက ခံစားချက်တွေကို ဖုံးကွယ်ဖို့ အတွက် စကားလုံး တွေကို ကျွန်တော်တို့ လိုအပ် လာခဲ့ပါပြီ။

သူမရဲ့မျက်ဝန်းတွေကို စိုက်ကြည့်လိုက် တယ်။ ဒါဟာ ကျွန်တော့်ရဲ့အမှားပါပဲ။ သူမရဲ့ မျက်ဝန်းတွေကို ရင်ဆိုင်ဖို့ အသင့်မဖြစ် သေးဘူး ဆိုတာကို ကျွန်တော်သတိမေ့သွားတယ်။ သူမရဲ့ မျက်ဝန်းထဲက စကားလုံးတွေဟာ ကျွန်တော်ပြော ဖို့ရည်ရွယ်ထားတဲ့ စကားလုံးတွေကိုဖျက်ဆီးပစ် ဖို့ ကြိုးစားကြတယ်။ ကျွန်တော့် အကြည့်ကို သူမဆီကနေ အမြန်ရုပ်သိမ်းလိုက်ရ တယ်။ ကျွန်တော့်မှာ အဲဒီစကားတွေကို ပြင်ဆင်ဖို့ အခွင့် အရေးမရှိဘူးလေ။ အဝေးက သစ်ပင်စုစုလေးတွေ ဆီကို လှမ်းငေးရင်း ကျွန်တော် စကားလုံးအချို့ ကို ရေရွတ်လိုက်တယ်။

“ဒီကိစ္စကို မောင် မဆုံးဖြတ်ဘူး။ ဒါပေမဲ့  ကံကြမ္မာရဲ့ ဆုံးဖြတ်မှုကို မောင်တို့ လက်ခံရလိမ့်မယ်။ ကံကြမ္မာကို တွန်းလှန်ဖို့ အသင့်ဖြစ်မနေ သေးတာကို မောင့်အပြစ်လို့ပဲ သဘော ထားလိုက်ပါ”

သူမရဲ့ညာဘက်ထောင့် နှုတ်ခမ်းလေး အပေါ်ကို ကွေးတက်သွားမယ် ဆိုတာ ကျွန်တော် လှည့်မကြည့်မိပေမဲ့ သိလိုက်ပါတယ်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားတယ်။ ကမ်းစပ်ကို လှိုင်းပုတ်သံ တဖျတ်ဖျတ် ကလွဲရင် အရာအားလုံးက ၀မ်းနည်းကြေကွဲမှုကို တိတ်ဆိတ်ခြင်းနဲ့ ဖော်ပြနေကြသလား။ သူမရော၊ ငိုနေမလား။ ကျွန်တော်ရော...။

သူမဆီက လှုပ်ရှားသံ သဲ့သဲ့ ကြားလိုက်ရတယ်။ နောက် ခြေသံဖွဖွလေးကို ကြားရတယ်။  ခြေသံလေးတွေက တဖြည်းဖြည်း တိုးတိုးသွား တယ်။ သူမ တရွေ့ရွေ့ ထွက်ခွာ သွားခဲ့ပြီလေ။ ဝေးကွာခြင်းက တရွေ့ရွေ့ ရောက်လာခဲ့ပါပြီ။ ဘယ်ဘက် ပခုံးမှာ လွယ်ထားတဲ့လွယ်အိပ် ရဲ့ ကိုင်းကြိုးလေးကိုပဲ ကျစ်ကျစ်ပါအောင် ဆုပ် ထားမိတယ်။ ကျွန်တော့်မှာ ဆုပ်ကိုင်ထားခွင့် ရတာ ဆိုလို့ သူမ လက်ဆောင်ပေးခဲ့တဲ့ အဲဒီ လွယ်အိတ် လေးပဲ ရှိပါတော့တယ်။ ရေကန်ထဲက လှိုင်းဂ ယက်လေးတချို့ မြက်ခင်းဆီကို ပြေးတက်လာ ကြပြန်တယ်။ ဒါပေမဲ့ ကမ်းစပ်ကို သူတို့ မကျော် ဖြတ်နိုင်ကြရှာဘူးလေ။

ရေးလက်စ ကဗျာ အပိုင်းအစလေးက ရင်ထဲ မှာပေါ်လာတယ်။
“မျက်ရည်စက်တွေ တဂျုန်းဂျုန်း ခုတ်မောင်း သွားပြီတဲ့နောက်...”တဲ့။
ကျွန်တော် ဒီကဗျာကို အဆုံးသတ်ဖို့တော့ လိုလာပါပြီ။ ဒါပေမဲ့ အချိန်ဘယ်လောက်ကြာ ကြာ ကြိုးစားရဦးမလဲ ဆိုတာကိုတော့...။

“ချီးယား မိန်းမနဲ့ ငွေပေါပေါ သုံးရပါစေဗျာ”
တစ်ရှိန်ထိုး မော့သောက်လိုက်တဲ့ အရက်တွေ ဟာ လည်ချောင်းထဲကို ပူဆင်းသွားတယ်။ နောက်အစာ အိမ်ထဲကို ပူပူနွေးနွေးနဲ့ တဖြည်းဖြည်း စီးဝင်သွားတာကို ခံစားလိုက်ရတယ်။ ကျွန်တော် နောက်ထပ် အရက်တစ်ခွက် ထပ်ငှဲ့လိုက်တယ်။

“ဟေ့ကောင် လင်းဝေ လူလိုသောက်ပါဟ”

ဇော်လွင်ရဲ့ စကားကို ဘာမှပြန်ပြောမနေဘဲ အရက်ခွက်ကို ရေနည်းနည်း စွက်ပြီး ထပ်မော့ လိုက်တယ်။ ဇော်လွင်က အရက် ဆက်မသောက်ဘဲ ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ ပြီးမှ။
“ဒီမှာ လင်းဝေ၊ မင်းလည်း ဆင်ခြင်ဦး။ အလုပ်က မယ်မယ်ရရ မရှိ။ အရက်ကိုတော့ နေ့ တိုင်းသောက်။ ဒီလို လေလွင့်နေဖို့ မင်းမိဘက မင်းကို ရန်ကုန်လွှတ်တာ မဟုတ်ဘူးနော်”

“အေးပါကွာ။ မင်းကလည်း သောက်မှာ သောက်စမ်းပါ”

“မင်းမိဘက မင်းကို ဘွဲ့ရအောင် ပညာသင် ပေးခဲ့ပြီးပြီ။ သူတို့တာဝန် ကျေပြီ။ မင်းတာဝန် ကျေဖို့ပဲ လိုတော့တယ်”

“ဒီမှ ဇော်လွင်။ ငါ့ပညာ အရည်အချင်းကို အဲဒီသုံးစား မရတဲ့ ဘွဲ့ဆိုတာကြီးနဲ့ မတိုင်းတာစမ်း ပါနဲ့။ ငါ့မိဘတွေ တာဝန်ကျေခဲ့ပြီ ဆိုတာ မှန်တယ်။ ငါလည်း တာဝန် ကျေချင် တာပေါ့ကွာ” အဲဒီနေ့ အရက်ဆိုင်က ထွက်လာတော့ ကားမှတ်တိုင်မှာ အကြာကြီး ရပ်နေမိတယ်။ ကားတွေ တစ်စီးပြီး တစ်စီး ဖြတ်မောင်း သွားကြတာကို ငေး နေမိတယ်။ ကျွန်တော့်ဘ၀ကိုရော ဘယ်လို မောင်းနှင်ရမလဲ။ ဘယ်ဆီကို မောင်းနှင်ရမလဲ။ ဘယ်သူတွေကို သယ်ဆောင်သွားပေးနိုင်မလဲ။ မေးခွန်း အများကြီး ကျွန်တော့် ရင်ဘတ်ကို စူးဝင် လာကြတယ်။ နောက်ဆုံး အရမ်းညဥ့် နက်လာချိန်မှာတော့ ရင်ဘတ်ထဲမှာ စိုက်ဝင်နေတဲ့ မေးခွန်းတွေ တန်းလန်းနဲ့ပဲ ကျွန်တော့် အိပ်ရာလေးဆီကို ဒယီးဒယိုင် လမ်းလျှောက်ပြီး ပြန်လာခဲ့ပါတယ်။

ရင်ဘတ် တစ်ခုလုံး ပူလောင်နေတယ်။ ရေ အရမ်း သောက်ချင်နေတယ်။ ခေါင်းရင်းက ရေပုလင်းကို လက်နဲ့ လှမ်းစမ်းလိုက်တယ်။ ရေပုလင်းထဲမှာ ရေက နည်းနည်းလေးပဲ ရှိနေတယ်။ အိပ်ရာပေါ်မှာ ပက်လက် လှန်နေရင်းနဲ့ပဲ အဲဒီရေနည်း နည်းလေးကို အငမ်းမရ မော့ချလိုက်တယ်။ မျက်လုံးကို ဖွင့်လိုက် တာနဲ့ ခေါင်းက ပိုပြီး မူးရိပ်ရိပ်ဖြစ်လာတာနဲ့ ပြန်မှိတ် ထားလိုက်ရတယ်။

မျက်လုံးကို မှိတ်ထားရင်းနဲ့ ရေးနေတဲ့ကဗျာ အပိုင်းအစလေးးကို တိုး တိုးလေး ရွတ်ဆိုကြည့်မိတယ်။
“မျက်ရည်စက်တို့ တဂျုန်းဂျုန်းခုတ်မောင်း သွားပြီးတဲ့နောက်...”

အဲဒီနောက် ဘာဆက်ရေးရမလဲ။ စဉ်းစားနေရင်း ခေါင်းထဲဝင်လာတဲ့ စကားလုံးလေးတွေကို စိတ်ထဲမှာပဲ ချရေးကြည့်လိုက်တယ်။
“မျက်ရည်စက်တို့ တဂျုန်းဂျုန်းခုတ်မောင်းသွားပြီးတဲ့နောက်
အားလုံးကို ဒီဘူတာလေးမှာပဲ ထားခဲ့လိုက်ကြရတော့မယ်”

တကယ်ပဲ အားလုံးကို ထားခဲ့လိုက်ကြရပြီလား။ အဲဒီကဗျာလေးကို ထပ်ခါထပ်ခါ ရွတ်ကြည့်နေရင်း စိတ်ထဲမှာ နည်းနည်းတော့ ပေါ့သွားသလို ခံစားလိုက်ရတယ်။ ခဏလောက် ဆက်မှေးနေလိုက်ပြီးတော့ နည်းနည်းသက် သာလာတာနဲ့ ဂစ်တာ တီးချင်စိတ်ပေါ်လာတယ်။

နေ့တစ်နေ့ရဲ့ အစမှာ လုပ်နေကျတာဝန်တစ်ခုအနေနဲ့ ထူးအိမ်သင်ရဲ့ ချစ်တိုင်းလည်း မညား သီချင်းကို ဂစ်တာတီးပြီး ညည်းရဦးမယ်လေ။ ဂစ်တာ ချိတ်ထားနေကျ နံရံပေါ်လှမ်းကြည့်မိတယ်။ အဲဒီမှာ ဂစ်တာက ရှိမနေဘူး။  ညကတောင် အရက်သောက်ရင်း တီးခဲ့သေးတာပဲ။ ကျွန်တော် ပြန်စဉ်းစား တယ်။ ဘယ်မှာ ထားခဲ့ လိုက်မိပါလိမ့်။ မှတ်ဉဏ်ကို မနည်းပြန်ပုံဖော်နေရင်း မျက်လုံးက အခန်းထောင့်ကို ရောက်သွားတယ်။

ကျွန်တော့် အမြင်အာရုံကို ကျွန်တော် မယုံနိုင်အောင် ဖြစ်သွားတယ်။ ကျွန်တော် အရမ်းမြတ်နိုးခဲ့ရတဲ့ ဂစ်တာလေးရဲ့ ကျိုးပဲ့နေတဲ့ အပိုင်းအစတွေက အခန်းထောင့်မှာ ပုံလျက်သား။ ရင်ဘတ်တစ်ခုလုံး အောင့်ခနဲဖြစ်သွားတယ်။ စိတ်ထဲမှာ အရမ်း ၀မ်းနည်းလာတယ်။ ဒေါသစိတ်က ဆူပွက်လာတယ်။ တစ်စုံ တစ်ယောက်ရဲ့ ရိုက်ခွဲမှုအောက်မှာ ကျွန်တော့် ဂစ်တာလေး တစ်စစီ ကြေမွ ပျက်စီး သွားခဲ့ရပါလား။ ကျွန်တော့် ဂစ်တာလေးကို ဘယ်သူ ရိုက်ခွဲ လိုက်တာလဲ။ မျက်လုံးကို မှိတ်ပြီး မှတ်မိသလောက်ပြန်စဉ်းစားကြည့်တယ်။ ဘာကိုမှမစဉ်း စားလို့ မရဘူး။ ညကမူးမူးနဲ့ ကျွန်တော်ကိုယ်တိုင်ပဲ ဂစ်တာလေးကို ရိုက် ခွဲခဲ့မိတာလား။ ဘာတစ်ခုမှ မသေချာပါဘူး။
ဒါပေမဲ့ သေချာတာ တစ်ခုကတော့ တစ်စုံ တစ်ယောက်ဟာ ကျွန်တော့်ရဲ့ မနက်ဖြန်တွေကို ရိုက်ခွဲပစ်ခဲ့ပါပြီ။
လင်းဝေအိမ်
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

No comments:

Post a Comment