ဆုတောင်းကောင်းပါ့မလား ဖေဖေ
မြက်ခင်းစိမ်းစိမ်းတွေ တစ်ကယ်ရှိတယ်ပေါ့
ပန်းခြံထဲမှာ ကစားရင် ပျော်စရာကြီးဆို
စစ်ကြီးမဖြစ်အောင် ဘယ်လိုစာလုံးပေါင်းရမလဲ
ဘာလို့များ........မြေကြီးထဲ ပေါက်ကွဲတဲ့ အသီးတွေ စိုက်တာလဲ
မေမေနဲ့ ညီမလေးကိုရှာတာတွေ့ပြီလား
အယူအစဆိုတာ အရူးကြီးတွေကိုပြောတာလား
နားထဲမှာ ကလေးတွေ ငိုသံချည်း ကြားရသလို
ဒီမှာရှိတဲ့ အသားဖြူဖြူ အန်တီကြီးကပြောတယ်
မုန့်ထုပ်တွေလာလာချပေးတဲ့ လေယာဉ်ပျံကြီးနဲ့
ဖေဖေတို့တစ်တွေ ပြန်လာကြမှာဆို
ဂါဝန်ဆိုတာ ဘာလဲ ဝယ်ခဲ့ပါနော်
သူငယ်ချင်းပေးဖို့ ချိုင်းထောက်တစ်ဖက်လဲ ဝယ်ခဲ့ပါဦး
နေ့တိုင်း အချိန်နဲ့အမျှ နမာ(စ်)ပြုပြီး
သံဆူးကြိုးတွေနားမှာ မျှော်နေမယ်
ချစ်တဲ့သား။
နမာ(စ်)=ဝတ်ပြုဆုတောင်း
(အာဖဂန်နစ္စတန်ဒုက္ခသည်စခန်းမှကလေးများသို့)
နေပန်ဦး
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း)
4.2010
No comments:
Post a Comment