နေ့လယ်က ရွာမှာ အစည်းအဝေးလုပ်တော့ အဖေ သွားတက်ရတယ်။ တခြားကိစ္စမဟုတ်ဘူး။
ထုံးစံအတိုင်း ကိုယ်ထူကိုယ်ထ ဆေးရုံအတွက် ငွေကောက်တယ်တဲ့။ ဒီတစ်ကြိမ်
ကျွန်တော်တို့မိသားစု ထည့်ဝင်လှူဒါန်းဖို့ ရှစ်သောင်းကျတယ်တဲ့။ တစ်ပြားမှ
မထည့်နိုင်ဘဲ အဖေ ပြန်လာခဲ့ရတယ်။
အိမ်ရောက်တော့ မိသားစုထမင်းဝိုင်းမှာ အားလုံး စိတ်မကောင်းကြဘူး။ ဒီငွေ ဘယ်ကရမလဲပေါ့။ တွေးကြည့်ရုံနဲ့ ထမင်းစားမကောင်းတော့ဘူး။ အားလုံးကလည်း အသံတွေတိတ်လို့။
ရှေ့ဘ၀ ဒါနပါရမီတွေ နည်းခဲ့လို့လား မသိဘူး။ ကျွန်တော်တို့မှာ သူများတွေထက် ငွေရှာခက်တယ်။ ထိုင်း၊ မလေး၊ စင်ကာပူ၊ ကိုရီးယားလည်း မသွားနိုင်တော့ လက်ထဲငွေမြဲတယ်ဆိုတာ သိပ်မရှိဘူး။
ကျွန်တော်က ကျောင်းလေးရှေ့မှာ စာရေးကိရိယာနဲ့ မုန့်ပဲသရေစာကလေးတွေ ရောင်းတယ်။ ဒါပေမဲ့ ဆိုင်ကြီးမဟုတ်။ ငါးကျပ်၊ တစ်ဆယ် အမြတ်လေးတွေ စုရတာဆိုတော့ တစ်နေ့ဘယ်လောက်ရမှာလဲ။ ဒါလေးနဲ့ မိသားစုမီးဖိုချောင်ကို ထိန်းနေရတယ်။ အပိုဝင်ငွေမရှိဘူး။ ဈေးကုန်လေး အဆက်မပြတ် မှာနိုင်ဖို့တောင် ကြိုးစားနေရတဲ့ဘ၀။
အဖေနဲ့ အမေက တောင်သူမို့ စပါးဝမ်းစာတော့ လောက်ငပါတယ်။ နှမ်းခင်းကျယ်ပေမယ့် အဆင်မပြေဘူး။ နှမ်းဆိုတာ ရာသီဥတုပေါ် မှီခိုနေရတာမို့ ဒီနှစ်လျှော်တယ်။ မိုးလုပ်ပုံကလည်း ကြည့်ဦးလေ။ ရွာသင့်တဲ့အချိန် တစ်ပေါက်မှမကျ။ မလိုတဲ့အချိန်မှ တဝေါဝေါဆိုတော့ အားလုံးပစ်လိုက်ရတာပဲ။
မိုးလင်းကမိုးချုပ် တကုပ်ကုပ်နဲ့ အမေ့မှာ ပေါင်းသင်ပေါင်းလိုက် လုပ်လိုက်ရတာ။ ဆီစားလေးမှ မနည်းရရတယ်။
ပင်ပင်ပန်းပန်း အင်အားစိုက်ထုတ်ရသလောက် ထိုက်ထိုက်တန်တန် အကျိုးမရှိတဲ့ဘ၀မှာ တောင်သူတွေ ရှေ့ဆုံးကဖြစ်မယ်ထင်တယ်။
ဒါကြောင့် ကိုယ်ထူကိုယ်ထ ဆေးရုံအတွက် ငွေခွဲတမ်းကောက်တဲ့အခါ အားလုံးရင်မောကြရတယ်။
ဆေးရုံဆိုတာကလည်း တော်ရုံတန်ရုံ ငွေကြေးပမာဏနဲ့ ပြီးတဲ့ကိစ္စမျိုးမှမဟုတ်။ သိန်းထောင်ချီနေတဲ့ အလုပ်မျိုးဆိုတော့ ထမ်းထားရတဲ့ပခုံးတွေ မသက်သာဘူး။
မနှစ်က တစ်သိန်းကျတယ်။ အဖေရက်ထားတဲ့ သက်ငယ်တွေ ရောင်းပေးလိုက်ရတာ အိမ်အမိုးမလုံ ဖြစ်သွားတယ်။ ဒါပေမဲ့ဖြစ်ပါတယ်။ အများရှေ့မှာ တောင်းသမျှ ပေးနိုင်ဖို့ လုံတဲ့ဘေး ရွှေ့နေလိုက်ရုံပေါ့။
စားရတာရော ဘာထူးလဲ။ တစ်ခါတစ်ရံ အသားဟင်းကလေး ၀ယ်စားချင်တာတောင် တုန်တုန်ချည့်ချည့် ဖြစ်ရတယ်။ ဖြစ်သလိုနဲ့
ထမင်းဝိုင်းသိမ်းခဲ့ရတဲ့ ဘ၀တွေလေ။ ခပ်ရိုင်းရိုင်းပြောရရင်တော့ မငတ်ရုံပေါ့။
စားရတဲ့အခါ ချို့ချို့။ နေရတဲ့အခါ ရို့ရို့။ ပေးစရာတွေကျ တောင်းသလောက်ပေးပဲ။ ဆရာဇော်ဂျီရဲ့ “တို့တိုင်းပြည်” ကဗျာဟာ ကျွန်တော်တို့အတွက် သစ္စာတစ်ခု ဖြစ်နေသေးတယ်။ မြင်သာမြင်ရ မစားရတဲ့ ဘ၀တွေလေ။
ကိုယ့်အရပ် ကိုယ့်ဒေသ ဖွံ့ဖြိုးဖို့ဆိုပေမယ့် တစ်ခါတစ်ရံ ရင်ထဲ ချဉ်စိတ်ပေါက်မိတယ်။
“သူကြီးဘုရား ရွာသားကောင်းမှု” ခေါင်းစဉ်အောက်မှာ ထမ်းထားရတဲ့ ပခုံးတွေ လေးလံလွန်းပါတယ်။
ဒီအချိန်မှာ ပုဂံခေတ် ဘုရားတည်ကြတဲ့ ဘုရင်တွေအကြောင်းကို တွေးနေဖြစ်တယ်။ ဘုရားတည်ကြတာချင်း တူပေမယ့် သမိုင်းစာမျက်နှာပေါ် တင်ကျန်ပုံချင်း မတူကြဘူး။
အနော်ရထာ၊ ကျန်စစ်သားတို့ ဘုရားတည်တဲ့အခါ ပြည်သူပြည်သားတွေ ၀မ်းမြောက်ကြတယ်။ နတ်သိကြားတွေ သာဓုခေါ်ကြတယ်။ နရပတိစည်သူတို့ ဘုရားတည်တဲ့အခါ ပြည်သူတွေ ဒုက္ခရောက်ကြတယ်။ စိုးရိမ်သောကစိတ်တွေနဲ့ နေ့ပေါင်းများစွာ ကျော်ဖြတ်ခဲ့ကြရတယ်။
လောကကြီးမှာ ရည်ရွယ်ချက် ကောင်းပေမယ့် လုပ်ရပ်တွေ မနိုင်မနင်းဖြစ်ရင် နီးစပ်ရာဝန်းကျင်ကို ကျွမ်းမြည့်လောင်မြိုက်စေပါတယ်။ အထူးသဖြင့် အပြုံးတွေကို ထမ်းပေးထားရတဲ့ ပခုံးတွေမှာ ပိုလောင်တယ်။ အဲဒီလိုလောင်ရင် အများအတွက်ဆိုတဲ့ ပရစိတ်က မဖြူစင်တော့ဘူး။ ဖော့ပြီးပြောမယ်ဆိုရင်တော့ ခရမ်းရောင်သန်းသွားတယ်။
ဒါကြောင့် ချောတိုင်အပေါ် အလံတက်နုတ်သူတွေလည်း ပြုံးနိုင်၊ အောက်ကနေ တောင့်ခံပေးထားရတဲ့ ပခုံးပိုင်ရှင်တွေလည်း ပြုံးနိုင်၊ ကြည့်ရ၊ မြင်ရသူတွေ အားလုံးလည်း ပြုံးနိုင်ရွှင်နိုင်ကြမယ့် ရည်ရွယ်ချက်နဲ့ လုပ်ရပ်တွေကိုပဲ တောင့်တမျှော်လင့်နေမိပါတယ်။ ။
နော်(ကျောက်တိုင်)

No comments:
Post a Comment