Saturday, 10 November 2012

ဆူဇန်


မင်းနာမည်နဲ့ ရေးထိုးထားတဲ့စာအုပ်ကို
ဗီတာမင်အားဆေးသောက်ရသလို
ဒီလအတွင်းမှာ သုံးကြိမ်တိတိဖတ်ရင်း
ငါ့နှလုံးသားကို ထိမှန်စေခဲ့တယ်...ဆူဇန်။

မင်းအသက်အရွယ်သာသာလောက်တုန်းက ငါဟာလမ်းပေါ်မှာ
အချစ်အတွက် တစ်ခုတည်းနဲ့ သီချင်းတွေကို
အသံဆိုးကြီးနဲ့ အော်ကြီးဟစ်ကျယ်သီဆိုရင်း

ဂျင်းဘောင်းဘီဝတ်ပြီး ဆံပင်ရှည်ထား
ဆိုင်ကယ်ကို လီဗာကုန်ဖြဲစီးရင်း
လွတ်လပ်မှုဆိုတာကို တလွဲသင်ယူခဲ့တယ်။

မင်းကျတော့ အသံလည်းကောင်း အဆိုလည်းကောင်းပေမယ့်
လွတ်လပ်မှုဆိုတာ သီချင်းဆိုရုံနဲ့ မလုံလောက်ဘူးဆိုတာ
ယုံကြည်ချက်ဟာ အသံကောင်းရုံနဲ့ မပြီးသေးဘူးဆိုတာ
မင်းရဲ့ဆံပင်လေးထဲမှာ မင်းတိုင်းပြည် လွတ်လပ်မှုအတွက်
သမိုင်းဝင်အချက်အလက်တွေ သယ်ဆောင်ခဲ့တယ်
မင်းရဲ့ဖိနပ်လေးထဲမှာ မင်းတိုင်းငြိမ်းချမ်းမှုအတွက်
ဖက်ဆစ်စနစ်ဆိုးတွေကိုတွန်းလှန်တဲ့နေ့တွေ သယ်ဆောင်ပေးခဲ့တယ်
ဒါ... အဖူးမှာလည်း ရနံ့တွေရှိကြောင်း
မင်းလို ပွင့်ပြရဲတဲ့ သတ္တိ
ယောက်ျားရင့်မာကြီးတွေတောင် ဖျားလောက်တယ်။

အဲဒီအတွက် ဆူဆန်ဆိုတဲ့ မင်းနာမည်ဟာ
ပြင်သစ်ပြည်ရဲ့ ကမ္ဘာကျေုာ် ပန်းချီကားတစ်ချပ်
ပြင်သစ်ပြည်ရဲ့ ဂန္ထ၀င်ကဗျာတစ်ပုဒ်
မင်းတိုင်းပြည်အတွက် ငါ ဂုဏ်ပြုတယ်
ငါဟာ မြန်မာပြည်က ကဗျာဆရာတစ်ယောက်
ခုနှစ်နှစ်အရွယ် သမီးလေးတစ်ယောက်ရှိတယ်
မင်းလို မိန်းကလေးမျိုးဖြစ်စေချင်သလို
ဘ၀မှာ မှတ်တမ်းတင်လောက်တဲ့ သမိုင်းမရှိသေး
ငါ "အ" ခဲ့တာတွေ အများကြီး
ကမ္ဘာမှာ မင်းနာမည်ဟာ
ဘယ်တော့မှ ဆေးသားမပြယ်ဘူး။

                                              နေပန်ဦး
                                        ရနံ့သစ် မဂ္ဂဇင်း၊ နိုဝင်ဘာ၊၂၀၁၁။

No comments:

Post a Comment