အဖေလည်း ပါသွားပြီ
ဒီမိုးက ရေစီးတယ်
အဖေ့တိုက်ပုံ အင်္ကျီလေးက အရင်အတိုင်း
ဒီမိုးက ရေစီးတယ်
လျှပ်စီးအပြက်မှာ မြင်လိုက်ရတာ အစ်ကို့ လက်တစ်ဖက်လား
ဒီမိုးက ရေစီးတယ်
အစ်ကို့ လက်ထဲမှာ ဘောပင်လေးတစ်ချောင်း
ဒီမိုးက ရေစီးတယ်
အစ်ကို့ လက်တို့ စွန်းနေတာ မင်နီတွေလား
ဒီမိုးက ရေစီးတယ်
ကျည်ဆံတွေလို ဆက်တိုက်ကျနေတဲ့  မိုးစက်တွေကြား
ထီးရှာထွက်သွားတဲ့ ညီလေးရဲ့  ဖိနပ်တစ်ဖက်က
ပလက်ဖောင်းပေါ်မှောက်လျက်
ဒီမိုးက ရေစီးတယ်
အဲဒီဘေးမှာ သူငယ်ချင်းရဲ့ ဖိနပ်
ဒီမိုးက ရေစီးတယ်
မိုးကြိုးတစ်ခု ညီမလေးနဲ့  သူ့ သူငယ်ချင်းကို တည့်တည့်မှန်တယ်
ဒီမိုးက ရေစီးတယ်
ညီမလေးလွယ်အိတ်ထဲက စာအုပ်တွေ
မိုးရေထဲလမ်းမပေါ် မီးထတောက်နေတုန်း
ဒီမိုးက ရေစီးတယ်
စိမ်းပြီးမှောင်နေတဲ့  ကောင်းကင်က ထစ်ချူန်းသံကို လန့်ပြီး
သမီးလေးလည်း ငိုရဦးမယ်
ဒီမိုးက ရေစီးတယ်
ဒီမိုးက ရေစီးတယ်
ဒီမိုးကို လက်ခုပ်နဲ့ ခံပြီး ကိုယ့်ကိုယ်ကို သရဏဂုံတင်တော့ အမေမျက်ရည်ကျတယ်။ ။
မင်းထင်ကိုကိုကြီး
ဧပြီ ၊ ၁၆ teen magazine
No comments:
Post a Comment