Sunday, 24 June 2012

”အလည်လွန်ခဲ့သောနှစ်များ“

ထိုင်နေတဲ့ မျက်ဝန်းရှေ့
ကမ္ဘာတစ်ခု ရောက်လာတယ်။

ဆာလောင်နေသော မျက်ဝန်းတွေ
သစ်ပင်ထိပ်ဖျားမှာ ကြိုးပြတ်နေသော လေတံခွန်တွေ
ကြွေသွားတဲ့ ပန်းပွင့်တွေကို
မေ့လျော့ခြင်းများ
မွေးပြီးသေတဲ့ကဗျာ
အငြင်းပယ်ခံ နေ့စွဲတွေ အကြောင်း
ဆွံ့အချင်ယောင် ဆောင်နေတဲ့ နှင်းဆီ
အားလုံး
အဝေးပြေး ကားတစ်စင်းလို
မောင်းထွက်သွားတယ်။
မေးခွန်းက
ဒီလမ်းက သွားရင်
ဘယ်ရောက်သလဲ
မီးရောင် မရှိတဲ့ အရပ်မှာ နေချင်တယ်
ဟွန်းသံကင်းမဲ့ ဇုန်မှာ
တစ်ရေးကောင်းကောင်း အိပ်ချင်တယ်
သေသွားတဲ့ ကဗျာတွေကို ရည်စူးပြီး
နှစ်လည်ဆွမ်းလေးဖြစ်ဖြစ် သွတ်ချင်တယ်
ငှက်တစ်ကောင်လို
လွတ်လွတ်လပ်လပ် ပျံသန်းချင်တယ်
အခမ်းအနားတစ်ခုခုမှာ
အနေအထိုင် မတတ်သူများ ကဗျာရွတ်ချင်တယ်
ဆန္ဒဆိုတာ
သင်္ဘောသီးပင်လိုပဲ
အပြွတ်လိုက် အခိုင်လိုက်ပေါ့။

ဘယ်အရာဝတ္ထုမဆို
အဓိပ္ပာယ်တစ်မျိုးစီတော့
စူးစူးနစ်နစ် ရှိကြတာပါပဲ
လမ်းဟာ သွေးဟာ
မျှော်လင့်ချက်ဟာ သိက္ခာဟာ ၀ီစီသံဟာ
ရက်စွဲတွေဟာ ခွေးရဲ့နေရာဟာ
အသက်တစ်ချောင်းဟာ
သမာဓိဟာ ပျော်ရွှင်ခြင်းဟာ
ကိုယ်ချင်းစာတရားဟာ
ခွန်အားဗလဟာ
ရေဒီယို နားထောင်ခြင်းဟာ။

မန္တလေးရောက်လိုက် ရန်ကုန်ရောက်လိုက်
မိုးရွာလိုက် နေပူလိုက်
နေ့ချင်းပြန် ခေတ်ကြီးထဲက
နေ့ချင်းပြန် အရေးတကြီးများ
ရဟတ်စီးသလိုလား
ပျားအုံဖွပ်သလိုလား ငါးမျှားသလိုလား
ဂျင်ထိုးသလိုလား ခြောက်ကောင်ဝိုင်း ရောက်သလိုလား
ဟစ်ဟော့သီချင်း ဆိုသလိုလား။

ဘာမှ ယုံလို့မရဘူး
ခေတ်ရဲ့အသံ
လူထုရဲ့ လိုအပ်ချက်ကို မျက်ကွယ်ပြုရင်
အဲဒါ သစ်္စာဖောက်တာပဲ
ဥပမာ
ဗျိုင်းယောင်ဆောင်သော ကျီး
ကဗျာယောင်ဆောင်သော ကဗျာဆရာ။

ပျင်းလို့
ပြန်လှန်လေ့ကျင့်ခန်းများ လေ့ကျင့်
ပျင်းလို့
ကြောင်ကို ရေချိုး
ပျင်းလို့
ဝတ္ထုတစ်ပုဒ်ရေး
ပျင်းလို့
လမ်းကလေး ဘာကလေးလျှောက်
ပျင်းလို့
မရိုက်တတ် ရိုက်တတ် ဂေါက်ရိုက်
ပျင်းလို့
KTV သွား
ပျင်းလို့
မွေးနေ့ပွဲလေး ကျင်းပ
ပျင်းလို့
စင်ကာပူလေး၊ ထိုင်းလေး သွား
ပျင်းလို့
ကားလေးလျှောက်စီး
ပျင်းလို့
ဘီယာလေး ၀ီလေး မှီဝဲ။

ပျင်းခွင့်ရှိသူတို့ရဲ့
မညီမျှသော အနေအထားများ
မိုးနဲ့မြေ
ကဗျာဆရာနဲ့ လွတ်လပ်စွာ တူးဖော်ရေး
လှောင်ချိုင့်ထဲက ငှက်နဲ့ ပျံနေတဲ့ခို
ဝက်သားနဲ့ ချဉ်ပေါင်ရွက်။

ရန်မခရယ်လို့ မိုဃ်းဇော်ရယ်လို့
စည်သူငြိမ်းရယ်လို့
ကဗျာကိုချစ်တဲ့ ကဗျာလိုကောင်တွေရယ်လို့
နီနီရဲရဲ စိန်ပန်းကလေးရယ်လို့
အနေဆင်းရဲသူ ကြွက်ကလေးရယ်လို့
လောကမှာ
ရယ်သောသူ အသက်ရှည်၏လို့
ဆိုထားတယ် မဟုတ်လား။

ကွယ်လွန်သွားတဲ့ အဖေ
အခု ဘယ်ဘ၀မှာလဲ
တစ်ခေတ်တစ်ခါက နှင်းဆီ
အခု ဘယ်ရောက်နေသလဲ
တက်ကြွလတ်ဆတ်တဲ့ လူငယ်ဘဝ
အခု မှန်တိုင်းပြောသေးလား
ပျဉ်းမနားသား ကဗျာဆရာ အိုအောင်က
အခုများဆိုတဲ့ ကဗျာ ရေးခဲ့ဖူးတယ်
အခု ငါရေးနေတဲ့ ကဗျာက
ဟောဒီနေ့တွေမှာ
အခု ငါပြောချင်တာက
အမည်မပေးရသေးတဲ့ ကလေးများအကြောင်း
အခု ငါ နေမကောင်းဘူး
နှာစေးနေတယ်
ချောင်းဆိုးနေတယ် အသံဝင်နေတယ်။

လူကြုံရှိက
မှာစရာများ ရှိပါတယ်
နံရံမှ ဆွေးရိနေသော ဓာတ်ပုံမှန်ပေါင်ကို လဲရန်
မှန်ပေါင်အသစ်တစ်ခု
ဆာလောင်နေသော လူများသို့ ဝေငှရန်
ပေါင်မုန့်မီးကင် အချပ်တစ်သောင်း
အိမ်ရှေ့လမ်းမ အမှိုက်လှည်းရန်
မတ်တတ်တံမြက်စည်းတစ်ချောင်း
ကမ္ဘာ့ မြေပုံတစ်ချပ်
စစ်ပွဲသတင်း မပါသော ဂျာနယ်
ဝယ်ရမရတော့ မသိ
တဖြည်းဖြည်း ချွတ်ခြုံ ကျလာသော
စိတ်ဓာတ်အတွက်
လူငယ်စိတ်တစ်ခု
တစ်ဆက်တည်း
အခု
သင် ဖတ်နေတဲ့ ဒီကဗျာကို အဆုံးသတ်ပေးရန်
အခု
သင် ပြေးလွှားနေတဲ့ ဒီခေတ်ကို အပြစ်မတင်ရန်။

                                                                         ကေမျိုးငြိမ်း
                                                              (Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)

No comments:

Post a Comment