Sunday, 24 June 2012

“လူပုံကောင်းကောင်းတစ်ပုံ“

၁။
ဘ၀ကို တည်တယ်ဆိုကတည်းက
အိုးအိမ်ကလေး တည်တယ်ဆိုကတည်းက
အရာရာကို ရင်ဆိုင်ဖို့
အစပြုလိုက်တာပဲ ဖြစ်တယ်။


ကမ္ဘာ တည်ပြီးတဲ့နောက်
အိုဇုန်းလွှာပေါက်တာ နောက်ကျပါတယ်။
သစ်တော ပြုန်းတီးနေတာ လူတွေသိတော့
လူတွေ သစ်ပင်တွေ ပြန်စိုက်ကြတယ်။

ကောင်းမှုနဲ့ မကောင်းမှု
ဘယ်ဟာ အရင် လာသလဲလို့ မေးတဲ့အခါ
ကောင်းမှုက အရင် လာတယ်လို့
မဆိုင်းမတွ အဖြေ ပေးလိုက်နိုင်ပါတယ်။

ကောင်းမှုက အရင်လာတယ်၊ သက်တမ်းရှည်တယ်။
မကောင်းမှုက နောက်မှလာတယ်၊ သက်တမ်းတိုတယ်။
ဒါကြောင့်ပဲ သက်ရှိ လောကဟာ
နှစ်သန်းပေါင်းများစွာ ရပ်တည် ရှင်သန်နေတာပေါ့။
လူတွေနေဖို့ အထပ်နှစ်ဆယ်
အထပ်သုံးဆယ် တိုက်ကြီးတွေ
အေးအေးဆေးဆေး တည်ဆောက်နေတာ
ကောင်းမှုက အရင် ရောက်လာတတ်လို့ပေါ့။


၂။
အချိန်ကာလပေါင်း များစွာထဲက
တစ်ချိန်ချိန်မှာ မိုးကောင်းကင်ကြီး မည်းမှောင်သွားပြီး
မုန်တိုင်းအကြီးကြီး ၀ုန်းဝုန်းဒိုင်းဒိုင်း ရောက်လာတတ်တယ်။
သဘာဝတရားမှာ မုန်တိုင်းဆိုတာ ရှိနေတယ်။
မုန်တိုင်းဟာ အဖျက်စွမ်းအားကြီးပေမယ့်
ခဏပဲ ရှင်သန်နိုင်တာပါ။
သဘာဝတရားရဲ့ထာဝရလက်ဆောင်ကတော့
လေပြည်လေညင်းပဲ ဖြစ်လိမ့်မယ်။
လေပြည်လေညင်းကသာ နေ့စဉ်လို ရောက်လာတတ်လို့ပဲ။

မုန်တိုင်းက ကြမ်းတမ်း၊ ပြင်းထန်၊ ဖျက်ဆီး
ဒါပေမယ့် မကြာခင်မှာပဲ ပျောက်ကွယ်သွားရတယ်။လေပြည်လေညင်းကတော့
နူးနူးညံ့ညံ့၊ ညင်ညင်သာသာ
နေ့စဉ်နေ့တိုင်း အချိန်တိုင်းလိုလို
လူ့ဘ၀ထဲ အမြဲလိုလို
ငြိမ့်ငြိမ့်ညောင်းညောင်း ၀င်ရောက်လာ
ငြိမ်းချမ်းမှုကို ယူဆောင် လာတတ်တယ်လေ။
လေပြည်လေညင်းကပဲ
ဘ၀မှာ မျှော်လင့်ချက်တွေ ရှိနေကြောင်းလည်း
သတိပေးနေရဲ့။
ငြိမ်းချမ်းတယ်ဆိုတာ
သာယာတဲ့၊ လုံခြုံတဲ့ အခြေအနေထဲမှာမှ မဟုတ်
မကောင်းဘူး၊ ဆိုးတယ်ဆိုတဲ့
အခြေအနေထဲမှာလည်း
တည်ငြိမ်စွာ၊ ကြည်လင်စွာ
ရပ်တည်နိုင်စွမ်းတာ
ငြိမ်းချမ်းရေး အဓိပ္ပာယ်
ပိုပြီး ပြည့်ဝ စေတာပေါ့။
အမှောင်အမိုက်မှာ
လူတွေ အလင်းရောင်ကို ရအောင်ယူကြတယ်။
နားခိုစရာတွေ၊ စားသောက်ဖွယ်တွေ
ဂီတသံတွေ ရောက်လာတယ်။
ငြိမ်းချမ်းရေးရဲ့ ရုပ်သွင်ကို
လမင်းမှာ၊ မိုးတိမ်မှာ၊ တောင်တန်းနဲ့
သစ်ပင်တွေမှာ
နေရာတိုင်းမှာ မြင်တွေ့နိုင်တာပါပဲ။


၃။
လူတစ်ယောက်ရဲ့ရုပ်ပုံ
ကြည်သာရွှင်ပျစွာ သူ ဆီးကြိုတတ်တယ်။သူ့မျက်နှာဟာ
ကြည်လင်တယ်၊ ငြိမ်းချမ်းတယ်။
တည်ငြိမ်ရင့်ကျက်မှုလည်း တွေ့ရမယ်။
ကောင်းမွန်တဲ့ စကားကို သူ ပြောတတ်တယ်။
ဒီလို ပုံသဏ္ဌာန်ရှိတဲ့ လူရဲ့ဘ၀ဟာ
ပန်းခင်းလမ်းပဲ ဖြစ်မှာပဲလို့
ထင်မှတ်လိမ့်မယ်။
အမှန်တကယ်
သူ တွေ့ကြုံဖြတ်သန်းလာရာ
ဘ၀များမှာ အမှောင်များ၊ အမိုက်များ
ခရောင်းလမ်းများ၊ ဘေးအန္တရာယ်များ
ထူပြောရာ နေရာဆီက သူ လာခဲ့တယ်။
မသေလို့ တွေ့ရတာလို့ သူ ပြောတတ်ရဲ့။
ဒီကနေ့ ဒီနေရာ သူရောက်လာပုံက
သူ ဆီးကြိုနှုတ်ခွန်းဆက်ပုံက
ဒုက္ခမရောက်ခဲ့သူတစ်ဦးလို တည်ငြိမ်ခဲ့တယ်။
သူ့အပူ သူတစ်ပါး မကူးစက်စေရ၊
သူ့အေးချမ်းမှုသာ ကူးစက်စေလိုသူ။
အားလုံးကို သူ ပေးခဲ့ချင်တာလည်း
ဒုက္ခကို အပြုံးမပျက် ဖြတ်သန်းခဲ့ဖို့ပါပဲ။
သူဟာ
ဒုက္ခရဲ့သားကောင်း ရတနာသာ ဖြစ်ပေရဲ့။
သူ့ပုံဟာ ကောင်းမွန်တဲ့ လူပုံပဲ ဖြစ်ပါရဲ့။


၎။
တကယ်တော့ သူ့ဘ၀ဟာ
အဖေတစ်ခု သမီး တစ်ခုပါ
သူ့သမီး ငယ်လေးက သေးသေးကွေးကွေး
သမီးလေးက ဉာဏ်ကောင်းပေမယ့်
အားငယ်တတ်တယ်။

တစ်နေ့က ဒီအဖေနဲ့ ဒီသမီး
မိုးကုပ်စက်ဝိုင်းကြီးအောက်မှာ
လမ်းလျှောက်ထွက်လာတယ်။
မြက်ခင်းစိမ်းလန်း ကွင်းပြင်ကျယ်ကျယ်
အဝေးမှာ တောင်တန်းတွေ တစ်မျှော်တစ်ခေါ်
ဒီလှတဲ့ မြင်ကွင်းဟာ
နှစ်ပရိစ္ဆေဒများစွာ ကြာမြင့်ပြီပေါ့။

မိုးကောင်းကင်အောက်မှာ
အားနွဲ့သူ သမီးငယ်ကို
အဖေက အားပေးစကား ပြောနေရဲ့။
“သမီးလေး
ကမ္ဘာပေါ်မှာ
အင်အား အကြီးဆုံး သတ္တ၀ါက ဘာလဲ”
သမီးလေးက အသက် ငယ်သေးတော့
သူ ဉာဏ်မီသလောက်ပဲ ဖြေတာပေါ့။
“ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံးသတ္တ၀ါ
ဆင်ကြီးတွေပဲ ဖြစ်မှာပေါ့ ဖေဖေ”
“သမီးလေးရေ
ဆင်ကြီးတွေလည်း အင်အားကြီးပါရဲ့။
ဒါပေမဲ့ အင်အား အကြီးဆုံး သတ္တ၀ါက
သေးသေးကွေးကွေး ပုရွက်ဆိတ်ကလေးတွေပဲကွဲ့”

သမီးလေးက အံ့သြ သွားတာပေါ့။
“ဟုတ်ပါ့မလား ဖေဖေရယ်
ပုရွက်ဆိတ်ကလေးတွေက သေးသေးလေးတွေပဲ”

“ဟုတ်ပါတယ် သမီးလေးရဲ့
ပုရွက်ဆိတ်ကလေးတွေက
သူတို့ရဲ့ခန္ဓာကိုယ်ထက်
အဆများစွာ လေးလံတဲ့ ဆန်စေ့တွေ
အစားအစာတွေကို
သယ်ပိုး ကိုက်ချီသွားနိုင်တယ်။
ပြီးတော့ ပုရွက်ဆိတ်ကလေးတွေမှာ ညီညီညွတ်ညွတ် လုပ်တတ်တဲ့ အင်အားကလည်း ကြီးမားတယ်ကွဲ့”
“အဲဒီတော့ ဖေဖေ ပြောချင်တာက
သမီး ခန္ဓာကိုယ်လေး သေးကွေးတယ်၊ အားနွဲ့တယ် ဆိုပေမယ့်
သမီး လုပ်နိုင်တာတွေ အများကြီး ရှိတာပဲ။
လူဟာ လုပ်နိုင်တာ ဟူသမျှကို လုပ်ဖို့
မပြီးဆုံးသေးဘူးကွဲ့။
လူ့ရဲ့ခရီးဟာ မပြီးဆုံးသေးဘူး။
ရှေ့မှာ စိတ်ဝင်စားဖွယ်တွေ
မျှော်လင့်ချက်တွေ အပြည့် ရှိနေလိမ့်မယ်။
အကောင်းဆုံး လူပုံဆိုတာ
မလုပ်နိုင်သေးတာတွေ လုပ်ပြနိုင်စွမ်းတာပေါ့”


၅။
ဘ၀ကို တည်တယ် ဆိုကတည်းက
အိုးအိမ်လေး တည်တယ် ဆိုကတည်းက
အရာရာကို ရင်ဆိုင်ဖို့
အစပြုလိုက်တာပဲ ဖြစ်တယ်။
အကောင်းဆုံး လူပုံမှာ
ငြိမ်းချမ်းရေး ရှိမယ်၊ အင်အားရှိမယ်။

နေ့စဉ်နေ့တိုင်း
မှန်ရှေ့မှာ ကိုယ့်ဥပဓိ ရုပ်ကို
လူတွေ စေ့စေ့စပ်စပ် ကြည့်တတ်ကြတယ်။
ရုပ်ရည် ချောမော လှပသူ မဟုတ်လည်း
အ၀တ်အစား ကောင်းကောင်း မ၀တ်နိုင်လည်း
လူပုံကောင်းကောင်းတွေ ရလာ နိုင်ပါရဲ့။
အကောင်းဆုံး လူပုံကို
ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးကြရမှာပေါ့။

တူလေး၊ တူမလေးများသို့...
ထွန်းဝေမြင့်
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

No comments:

Post a Comment