Wednesday, 23 May 2012

''မြစ်တစ်စင်း၏ အတိမ်အနက်''



“နင်တို့ လေးလေးသိန်း မိန်းမ ခိုးပြေးပြီ”
နံနက်ခင်း သတင်းအဖြစ် အမေ လှမ်းပြောသည်။
သွားတိုက်ဆေးဘူး ညှစ်နေတဲ့ လက်တောင် တန့်သွားသည်။ ဒါပေမယ့် ဘူးထဲကနေ သွားတိုက်ဆေးတွေ တားဆီးလို့ မရတော့။ လျှံထွက်သွားပြီ။ အံ့သြ စိတ်တွေနဲ့ အတူ မယုံကြည်ချင်သေး။ ခေါင်းက ရေကို ခါလိုက်ရင်း အမေ့ကို လှမ်းကြည့်တော့ ထမင်းအိုး မွှေလို့။

“သေချာလို့လား အမေ။ ကျွန်တော်တောင် ညက လေးလေးသိန်း ရုံပေါက် စောင့်တာ တွေ့လို့ ရုပ်ရှင် ၀င်ကြည့်ခဲ့ သေးတယ်”

“ဟဲ့...မသေချာဘဲ ပြောမလား။ နင်မနိုးခင် လေးတင် ရီးညွန့် လာပြောသွားတဲ့ ဥစ္စာ”

ကျွန်တော် ဘာဆက်ပြောရမှန်း မသိတော့။ လေးလေးသိန်း မိန်းမ ရီးညွန့် ကိုယ်တိုင် လာပြောတာ ဒီထက်ပိုပြီး သေချာတာ မရှိဘူး။ စောစောစီးစီး ကြားရတာ စိတ်ရှုပ်ထွေး စရာပါ။ ရီးညွန့်အတွက် စိတ်မကောင်းလည်း ဖြစ်မိသည်။ အမှန်တကယ် တွေးကြည့်ရင် ရီးညွန့်ဘက်က နာမိ၏။ စကားပြောရင် အသံအကျယ်ကြီးနဲ့ ဘွင်းဘွင်းကြီး ပြောတတ်တာက လွဲရင် စိတ်ရင်းကောင်းတဲ့ သူပါ။ တကယ်တမ်း ရီးညွန့်နဲ့ ကျွန်တော် ဘာမှ မတော်စပ်။ လေးလေးသိန်းနဲ့မှ ဆွေမျိုးရင်းချာ။ အဖေနဲ့ ညီအစ်ကို တစ်ဝမ်းကွဲ တော်တာမို့ ကျွန်တော့်ဦးလေး။ ရီးညွန့်က ကျွဲဖြူကန် ရွာသူ။ သူတို့နှစ်ယောက် အိမ်ထောင်ကျတော့ လေးလေးသိန်းက အသက်သုံးဆယ်။ ရီးညွန့် အသက်က ရှိလှ ၁၇ နှစ်၊ ၁၈ နှစ်။ လေးလေးသိန်းက အိမ်ထောင် မပြုခင်ကတည်းက ရုပ်ရှင်ရုံ ၀န်ထမ်း။ ရတဲ့လခ ဆိုတာကလည်း စီးကရက် ဖိုး၊ လက်ဖက်ရည်ဖိုး၊ အရက်ဖိုး၊ ခေါင်းလိမ်းဆီဖိုးနဲ့တင် မလောက်။ တစ်ဦးတည်း သားမို့ လက်ဖျားရေဆွတ် ထမင်းစားပြီး အလှအပ ကြိုက်တဲ့ သူ့အဖို့ မိဘတွေဆီက လက်ဖြန့် တောင်းရသည်။

အိမ်ထောင် ကျတော့လည်း မိဘတွေက အိမ်ပေါ် တင်ကျွေး ထားရတာပေါ့။ မမချိုမွေးတဲ့ အထိ။ ကံကြမ္မာ အလှည့်အပြောင်း ခေါ်မလား။ မမချို လေးနှစ်သမီးလောက်မှာ လေးလေးသိန်း မိဘ နှစ်ပါးလုံး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြသည်။ ရီးညွန့် အဖို့ကတော့ တကယ့်ကို မဟာဒုက္ခကြီး ဆိုက်တာပဲ။ တစ်သက်လုံး အပူအပင်ကင်း ကင်းနေလာတဲ့ လေးလေးသိန်းဟာ ရုပ်ရှင်ရုံမှာ ဘေးပေါက်လည်း မရှာတတ်။ အပြင် အလုပ်လည်း ရှာကြံ မလုပ်ချင်တော့ စားဝတ်နေရေး ခက်ခဲလာသည်။ စိတ်လေပြီး အရက်ကို ညပိုင်း သောက်တဲ့အဆင့်ကနေ မိုးလင်းတာနဲ့ သောက်တဲ့ အဆင့် ဖြစ်သွားတာပဲ အဖတ် တင်ရဲ့။

ဒီပြဿနာကို ဖြေရှင်းဖို့ ရီးညွန့် ခေါင်းပေါ် ပုံကျသွား သည်။ အရပ်ထဲ၊ ဈေးထဲမှာ မုန့်ဟင်းခါးတောင်း ခေါင်းပေါ်ရွက်ပြီ ဖြည့်ဆည်းသည်။ လေးလေးသိန်းကတော့ စီးကရက် လက်ကြားက မချ။ ဘိုကေလေး တသသ၊ အရက် ကလေး တမြမြ။ ဒီလောက် ကောင်းတဲ့ ရီးညွန့်ခမျာ လေးလေးသိန်း ညကျ မူး လာရင် ထမင်းထဲ ကျောက်ခဲ တို့၊ စပါးလုံးတို့များ ပါသွား လို့ကတော့ အဆဲခံရပြီမှတ်။ ကျွန်တော်တောင် တစ်ခါ တစ်ရံ ကြားထဲက မနေနိုင်လို့ “ရီးညွန့်ရာ လေးလေးသိန်းကို ဘာများကြည့် ယူခဲ့တာ လဲ” လို့မေးရင် စိတ်လို လက်ရရှိတဲ့ နေ့များ ဆိုရင် “ကိုယ်တော်လေး ကျုပ် က တောသူ။ တစ်လနေလို့ မြို့တစ်ခေါက် ရောက်ဖို့ လွယ်တာ မဟုတ်ဘူး။ တစ်နှစ်မှ လေးငါးခေါက်။ တောမှာ အလုပ်ပါးရင် ရွာကမိန်းမတွေ စုပြီး ဈေးဝယ်၊ ၀ယ်ပြီးရင် တော့ ရုပ်ရှင်ကို ကြည့်ဖြစ် အောင်ကြည့်တာလေ”

“ဘာဆိုင်လို့လဲ ရီးညွန့် ရာ”

“ငါ ခေါင်း ခေါက်လိုက်ရ။ နင်တို့လေးလေးသိန်း အကြောင်း သိတယ်မဟုတ်လား။ သူက ကျော်ဆွေလို ဘိုကေနဲ့ စီးကရက် လက်ကြား အမြဲညှပ်တဲ့ လူလေ။ သဘော မကျဘဲ နေမလားဟဲ့။ ရွာက သူနဲ့ခင်တဲ့ မိန်းမတွေဆို စီးကရက် ၀ယ်တိုက်ရတာနဲ့၊ နေကြာစေ့ ထုပ်ကျွေးရတာနဲ့။ ဒီကြားထဲ နင်တို့ လေးလေး သိန်းက ငါ့ကို ကြည်ကြည် ဌေးပေါက်စလို့ ခေါ်သေး”

“ဒါနဲ့ ရသွားတာလား”

“စကားဆုံးအောင် နားမထောင်ဘူး။ ဒီလိုဟေ့ မြို့မှာ တပေါင်းပွဲတော် လည်ဖို့ ရွာက အဖွဲ့တွေနဲ့ လိုက်လာရင်း ရုပ်ရှင် သွားကြည့်တာ။ ရုပ်ရှင် က စောသေးတာနဲ့ နင်တို့ လေးလေးသိန်းက ငါတို့ အဖွဲ့ကို ပွဲတော်ထဲ အအေးသောက်ဖို့ ခေါ်တာနဲ့ သွားကြတာပေါ့။ ပွဲတော်က ခုလို ဘယ်ဟုတ်မလဲ။ လူတွေက တအား စည်တာရယ်။ ဘယ်လိုက ဘယ်လို လူစု ကွဲသွားတယ် မသိဘူး။ နင်တို့ လေးလေးသိန်းနဲ့ နှစ်ယောက်သား အဖော်တွေ လိုက်ရှာရင်း အချိန်တွေကုန်ရော။ ရုပ်ရှင်ရုံက ပြန်ရှာတော့လည်း မတွေ့နဲ့။ ငါ့မှာ ကြောက်သွားတာနဲ့ နင်တို့ လေးလေးသိန်း ခေါ်ရာနောက် လိုက်လာမိရော။ ရွာကိုလည်း တစ်ယောက်တည်း မပြန်ရဲ တာလည်း ပါတာပေါ့ဟယ်။ ငါကိုက အ တာပါဟာ။ နင်တို့ လေးလေးသိန်းကို အထင် ကြီးမိတာကိုး”

ဒီလို ပြောပေမယ့် ရီးညွန့် လေသံက စိတ်နာတဲ့ အသံ၊ စိတ်ပျက်တဲ့ အသံ မပါဘူး။ ဆေးပေါ့လိပ် ကလေးပင် အဖွာမပျက်။ မနှစ်ကတော့ တစ်ဦး တည်း မွေးထားတဲ့ မမချိုကို ရှစ်တန်း စာမေးပွဲနီးမှ ကျောင်းထုတ်ပစ်သည်။ မမချိုမှာ သူ့ကိုကျောင်း မထုတ်ဖို့ အမေ့ကို လာပြီး စစ်ကူတောင်း ရှာသည်။ အမေကလည်း မမချိုကို ကျောင်းပြန်ထားဖို့ ပြောပေမယ့် ရီးညွန့်ကတော့ အကြောင်းပြချက်တွေ တစ်သီကြီး ရှင်းတော့တာရယ်။

“အညိုရ၊ ထုတ်ချင်လို့ ထုတ်တာ မဟုတ်ဘူးအေ့။ ငါ့မှာလည်း မုန့်ဟင်းခါး တောင်းရွက်ပြီးရှာတာ ဆံပင်တောင် မကျန်တော့ဘူး။ ဒါတောင် ဈေးက အရင်လို ရောင်းမကောင်း။ သူ့ကျောင်း စရိတ်ကလည်း ကြီးလာ။ ဒီကြားထဲ အိမ်ကဟာကြီး သောက်ဖို့က တစ်မျိုးလေ။ မိန်းကလေးပဲ ဒီလောက်စာ တတ်ရင် တော်ပြီပေါ့။ ငါ စောစော သေသွားရင် သူ့ အဖေနဲ့ ဘယ်လိုရပ်တည် မလဲ”

အမေပဲ လက်လျှော့ လိုက်ရသည်။ မမချိုကတော့ ညညကျရင် အိမ်ဘက်လာပြီး ငိုတော့တာပဲ။ အမေကတော့ ရှေ့နှစ်ကျရင် ကျောင်း ပြန်ထားပါလိမ့်မယ်နဲ့ ချော့ ထားရသည်။ မကြာပါဘူး။ မမချိုလည်း တရုတ် မုန့်ဆိုင်မှာ ဆိုင်အိပ်ဆိုင်စား အလုပ်ရ သွားသည်။ မမချို အလုပ် လုပ်တာ တစ်နှစ် မပြည့်သေး ဘူး ထင်ပါရဲ့။ အခု လေးလေးသိန်းက နောက်မိန်းမ ခိုးပြေးပြီ။

“ဟဲ့ကောင်လေး စိတ်ကူး ယဉ်မနေနဲ့ မြန်မြန်လုပ်။ ထမင်းကြမ်း စားရအောင် နင်တို့အဖေ ဒေ၀ ကုမ္မာမင်း သားက စိတ်တို နေဦးမယ်”

“မစားတော့ဘူး အမေ။ ရီးညွန့်အိမ် သွားမလို့”

“အမလေး မသွားရပါ ဘူးတော်။ ကိုယ့်ဘာသာနေ။ တော်ကြာ နင်ပါ အဆစ်ပါ သွားမယ်။ ခုလာတော့”
မလှမ်းချင်တဲ့ ခြေလှမ်း တွေနဲ့ အိမ်ထဲ ၀င်ရတော့သည်။ စိတ်ထဲကတော့ အမေ အလစ်မှာ ဘာပဲဖြစ်ဖြစ် ရီးညွန့်ကို သွားပြီး အားပေးရမည်။

ဒီနေ့လို နေ့မျိုးက မိသား စုစုံတဲ့နေ့။ အဖေလည်း အလုပ်အား၊ ကျွန်တော်လည်း ကျောင်းပိတ်ရက်။ အမေ့ လက်ရာ ၀က်သား ပုန်းရည်ချက်၊ ဘူးသီးဟင်းချို၊ ငရုတ်သီး ကြော်မို့ ခေါင်းမဖော်တမ်း စားကြသည်။ ကျွန်တော်တောင် ထမင်းကို တစ်ခါမှ သုံးပန်းကန် မစားဖူးပေမယ့် သုံးပန်းကန်ကုန်တော့မယ်။ အမေက ဟင်းခွက်ကို ဇွန်းနဲ့ လှမ်းခပ်ပြီး အဖေ့ထဲထည့် ပေးရင်း စကားတစ်ခွန်း လှမ်းပြောသည်။ ကျွန်တော့် ပါးစပ်နား ရောက်ခါနီးထမင်း လုတ်လည်း မထည့်ဖြစ်တော့ ဘူး။

“အဖေကြီးရေ ညက အစ်ကိုကြီးသိန်းနဲ့ သူ့မိန်းမ အိမ်ပြန် ရောက်လာတယ်တဲ့ တော်။ သူတို့မို့ မရှက်တယ်”

အဖေက အမေ့ကို စူးစူးစိုက်စိုက် တစ်ချက်ကြည့်ပြီး ဘာမှ မဖြစ်သလိုပင် ထမင်း ဆက်စားသည်။ အမေလည်း အဖေ့အကြည့် ကြောက်ပြီး ခေါင်းငုံ့ကာ ရှေ့မဆက်တော့ဘူး။ ဆက်မစားနိုင်တဲ့ သူမှာ ကျွန်တော်။ ထမင်း ပန်းကန်ကို အသာလေး မယူရင်း မီး ဖိုချောင်ဘက် လှမ်းလိုက် သည်။
“ဟေ့ကောင် ဘယ်လဲ။ တော်ပြီလား”

“၀ပြီအဖေ”

တော်ပါသေးရဲ့။ အဖေ ဆက်မမေးတော့လို့။ ပန်းကန်ကို မြန်မြန်ဆေးကာ နောက်ဖေးပေါက်ကနေ ရီးညွန့်တို့ အိမ်ဘက် အပြေး ထွက်ခဲ့သည်။ ခေါင်းလျှော်၊ ရေချိုး နေတဲ့ ရီးညွန့်ဆီသို့ အမြန် ကပ်ကာ အသံခပ် တိုးတိုးလေးနဲ့ မေးလိုက်သည်။
“ရီးညွန့် လေးလေးသိန်း ပြန်ရောက်လို့ဆို”

“အေးလေ ခုတော့ အိပ်နေတယ်”

“သူ့ နောက်မိန်းမလည်း ပါတယ်ဆို”

“ပါတာပေါ့ဟဲ့”

“ဟာ လေးလေးသိန်းက ဘာလို့ ခေါ်လာတာလဲ”

“ငါခေါ်လိုက်တာလေ”

“ဗျာ...”

လူကို ဘာဆက် ပြောရမှန်း မသိတော့ဘူး။ ရီးညွန့်ကတော့ ရယ်တောင် ရယ်နေသေးသည်။ ကိုယ့်ယောက်ျား နောက်မိန်းမ ယူတာ စိတ်မနာ တဲ့အပြင် သူကပဲ နှစ်ယောက်လုံးကို ခေါ်သေးသတဲ့။ ဒီလောက် အချစ်ကြီးပြီး ခွင့်လွှတ်တတ်တဲ့ အမျိုးသမီး မတွေ့ဖူးဘူး။ ကျွန်တော်သာ ခေါင်းကုတ်ပြီး ပြန်လာခဲ့ရ သည်။ မကျေနပ်တဲ့ ခံစားမှုလား၊ ထူးဆန်းတဲ့ အဖြစ်မို့လား မသိ၊ နောက်တစ်နေ့ ရီးညွန့်တို့ အိမ်ဘက်ကို ပြန်သွားမိသည်။

လေးလေးသိန်း မိတ်ဆက်ပေးလို့ ဒေါ်ခင်နုဟု သိရသည်။ အသက်က သုံး ဆယ်ကျော်လောက် ရှိပြီ ထင်ပါရဲ့။ အသားညိုညို၊ ၀၀ပုပုလေးမို့ လေးဆယ်နား နီးချင်နီးလောက်သည်။ အောက်သူဆိုပဲ။ လေးလေးသိန်းနဲ့ ဘယ်လိုများ တွေ့ခဲ့ ကြသလဲ။ ရီးညွန့်လို့ စကား ကျယ်ကျယ်မပြော။ လုပ်စရာ ရှိတာ လုပ်ပြီးရင် ငြိမ်ငြိမ်လေး ထိုင်နေတာပဲ။ စကား သွားပြောရင်လည်း ခေါင်း ညိတ်တာနဲ့ ရယ်တာပဲ ရှိသည်။ မျက်နှာကတော့ ပြတ်သားမယ့် လက္ခဏာ။ ရီးညွန့်ကတော့ ဒေါ်ခင်နုကို နာမည်မခေါ်။ ညီမလေးလို့ ခေါ်တာရယ်။ ဒါပေမယ့် အခေါ်လေးက အခိုင်းလေးလည်း ပါသည်။

“ညီမလေး ပဲအိုးလေး ကြည့်လိုက်ပါဦး။ ဆီချက်ပါ တစ်လက်စတည်း သတ်လိုက်ပါကွယ်”

“ညီမလေး ညည်း အစ်ကိုကြီး အင်္ကျီနဲ့ ပုဆိုးလေး နှစ်ထည်လောက် ဖွပ်လိုက်ပါ ဦး။ မမ နေမကောင်း ချင်လို့ နော်”

ဒီလို ညီမလေး ညီမလေးနဲ့ ဒရစပ်။ မခင်နု လာမှပဲ ရီးညွန့်တို့ လွတ်လပ် ရေးရသွားထင်ရဲ့။ တစ်နေ့ တစ်နေ့ အနည်းဆုံး နှစ်ခေါက်လောက်တော့ အိမ် ဘက်ကို ပေါက်လာတတ်သည်။ ကျွန်တော်ပင် အံ့သြရသည်။ အရင်တုန်းကဆို တစ်ပတ်နေလို့ တစ်ခါရောက် မလာတဲ့သူ။ အမေက လာဖို့ ခေါ်ရင်တောင် မအားပါဘူး အေချည်း။ လေးလေးသိန်း စားချင်တဲ့ ငါးရံ့ဟင်းလေး ချက်နေလို့၊ လေးလေးသိန်း အ၀တ်တွေ လျှော်ရမှာနဲ့၊ မနက်ဖြန် ဈေးရောင်းဖို့ ပဲ ဟင်းတည်ရမှာ၊ ဆီချက် ချက်ရမှာဦးနဲ့။ ခုတော့ ညပိုင်းဆို ရင် အိမ်မှာ ရီးညွန့် မပျက်မကွက် ရောက်လာပြီ။ ဒါပေမယ့် ရီးညွန့် အိမ်ဘက်ကတော့ ဒေါ်ခင်နုရဲ့ငိုသံနဲ့ ရန် တွေ့သံတွေကိုတော့ ညတိုင်း အချိန်မှန် မကြားရတာ ကြာပေမယ့် ခု ပြန်ကြားရသည်။

ဒီနေ့မနက်လည်း ရီးညွန့်နဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်း မြင်ရချေပြန်ပြီ။ ကျွန်တော့် တစ်သက်နဲ့ တစ်ကိုယ် မနေ့ကထိ မုန့်ဟင်းခါး ၀ယ်စားခဲ့ လာသူက ရီးညွန့်။ အခု ၀ယ်ဖို့ ကြည့်လိုက်တော့ ဒေါ်ခင်နု။
“ဟာ ရီးခင်နု၊ ဈေးရောင်း လိုက်လို့ပါလား”

“ဟုတ်တယ်။ ရီးညွန့် ခေါင်းနဲ့လည်ပင်းက အသက် ကြီးလာတော့ မရွက်နိုင်တော့ဘူး။ ဒဏ်ဖြစ်တယ်နဲ့ တူပါရဲ့။ လုပ်စားလာတာလည်း ကြည့်ဦး၊ ၁၆ နှစ် လောက်ရှိပြီလေ။ ကဲကဲ နေ မြင့်ပြီ သွားစို့”

ဒီစကားကို ၀င်ပြော လိုက်တာက ရီးညွန့်။ ဒေါ်ခင် နုကတော့ ဘာမှမပြော ပြုံး နေတာပါပဲ။ ကျွန်တော့်မှာ ဘာရယ်မဟုတ် တွေးမိပြန် သေးသည်။ ဒီလို ရီးညွန့်ခိုင်း သမျှ ရှောရှောရှူရှူ လုပ် ပေးနေရတာ ရီးညွန့် ကြောက်လို့လား။ ဒါမှမဟုတ် အိမ်ထောင်ရှိတဲ့ ယောက်ျားကို ယူမိတဲ့ အပြစ်ကြောင့်လားလို့ လေ။ ဒီတစ်ခါတော့ ဒေါ်ခင်နုကို သနားစိတ်ဝင်မိပြန် ရော။ ဘာပဲဖြစ်ဖြစ် လေးလေးသိန်းနဲ့ ခေါ်ခင်နု ဒီအိမ် ကို ရောက်လာပြီးကတည်း က ပြန်မလာတော့ဘဲ အလုပ်မှာ နေတဲ့ မမချိုကိုတော့ ဒေါ်ခင်နုရဲ့ သိတတ်မှုကို တွေ့ရင် ပြောပြမိမှာ အမှန်။

ပြီးတော့ ရီးညွန့်။ အစ တုန်းကတော့ လေးလေးသိန်းကို ချစ်လွန်းလို့ ခွင့်လွှတ် အနစ်နာ ခံတယ်လို့ ထင်တာပေါ့။ ခုတော့ ကျွန်တော် ငယ်ငယ်တုန်းက ကြားဖူးတဲ့ ဥစ္စာစောင့် ဇာတ်လမ်းနဲ့ တူသလိုလိုလေ။ ဥစ္စာစောင့် ဆိုတာ ဥစ္စာစောင့်ဘ၀က ကျွတ် ချင်လွတ်ချင်ရင် လူစားလဲ ရသလိုမျိုး ရီးညွန့်အစား ဒေါ်ခင်နုနဲ့ လဲလိုက်တယ်လို့ ထင်သည်။

“ဟေ့ကောင် မုန့်ဟင်း ခါးပန်းကန် ကိုင်ပြီး ဘာတွေ စဉ်းစားလာတာလဲ။ လဲမှ ငတ်နေဦးမယ်”

အင်္ကျီ ၀တ်နေတဲ့ အဖေ လှမ်းပြောမှ သတိဝင်လာ သည်။ မီးဖိုချောင်ထဲ မြန်မြန် ၀င်ပြီး အမေ့နားသို့ ကပ်ကာ တိုးတိုးလေး ကပ်ပြောပြလိုက် ရဲ့။ အမေ ပြန်ပြောတော့မှပဲ ကျွန်တော်လည်း ကျောက်ရုပ် ဖြစ်သွားသည်။
“သိသားပဲ။ ညက နင်တို့ရီးညွန့် လာပြောတယ်။ ခင်နု လာမှပဲ သူ ၀ဋ်ကျွတ် တာတဲ့။ မနက်ဖြန်က စပြီး ခင်နုကို မုန့်ဟင်းခါးရောင်း ခိုင်းမယ်။ အစက ဒီကောင်မ ဒဏ်မခံနိုင်ဘဲ ပြန်ပြေးလိမ့်မယ် ထင်တာ။ ခုတော့ ပြန်ပြေးမှာတောင် ကြောက်နေပြီတဲ့။ အမေ့ကိုတောင် ပြောသွားသေး။ အညိုရေ ခိုင်း ကောင်းတဲ့နွား ချော့ခိုင်းရ တယ်။ ကြမ်းလို့ မရဘူးတဲ့”

အဲဒီနေ့ တစ်နေ့လုံးပဲ ကျွန်တော် ၀ယ်စားတဲ့ မုန့် ဟင်းခါးကို ရီးညွန့် ချက်တာလား၊ ဒေါ်ခင်နုချက်တာလား မစဉ်းစားဖြစ်ဘူး။ မုန့်ဟင်း ခါးရည်ကလည်း ပေါ့ သလား၊ ငန်သလား မသိတော့ဘူး။ စားလို့တော့ မဆိုး။ အစပ်အဟပ် တည့်လို့ ထင်ပါရဲ့လေ။

                                                                                                       မောင်မင်းညို (တောင်တွင်း)
                                                                                               (ရွှေအမြုတေ မဂ္ဂဇင်း၊ စက်တင်ဘာလ

No comments:

Post a Comment