| |
ပြောကို မပြောချင်ဘူး ဆိုပြီး ပြောချင်လွန်းလို့ စကားစတဲ့ အစမျိုးတော့ ပျင်းတောင် ပျင်းသေးတယ်လို့ ဖြစ်နေကြပြီ မဟုတ်လား။
အခုဟာက ပြောချင်လွန်းလို့ကို ပြောတာ...
ဖြစ်ရပုံများ ကျုပ် ယောက်ျား ကိုသိန်းတန်ပေါ့။ တကတဲ လူပုံက ရိုးရိုး၊
စကားပြောရင် မပွင့်တပွင့်နဲ့ တကယ့်ကို မခုတ်တတ်တဲ့ ကြောင်။ မပြေးတတ်တဲ့
ကြွက်။ တစ်သက်လုံး သင်လို့မှ “အေးပါ အေးအေးရယ်” လောက်ပဲ တတ်တဲ့လူက
အခုများတော့ မြောက်တကြွကြွနဲ့ ခြေဖျားက လေစားနေတဲ့ပုံ၊ တကယ် မယုံရင်
တစ်နေကုန် ထိုင်ကြည့်၊ နဖူးက ခြေဖျားအထိ အမြင် ကတ်စရာ။ အဟုတ်ပြောတာ၊ ဒီလင်
ပေါင်းလာတာ ဆယ်နှစ်ဆယ်မိုး မကတော့ဘူး။
အခုလို ရုတ်တရက်ကြီး ပြောင်းလဲသွားတော့ ကျုပ်ဖြင့် အစက ဟုတ်မှဟုတ်ပါ့ မလားလို့ပဲ၊ ဒါပေမယ့် ဟုတ်တယ်တော့၊ တစ်ဘ၀ထဲ နှစ်ကိုယ်ခွဲ သွားသလိုပဲ ကျုပ်လည်း သူတစ်ယောက်တည်းနဲ့ အိမ်ထောင်နှစ်ဆက် ကျသလို ဖြစ်သွားတော့ တာပေါ့။ တကတဲ ပြောကို မပြောလိုက် ချင်ဘူး၊ အဲ အဲလေ။ ကျုပ်တို့ ရွာပြင်က ဆိုင်းဘုတ်မှာတော့ အိမ်ခြေ ၅၈၊ လူဦးရေ ၃၀၃ လို့ ရေးထားတာပဲ။ ဒါပေမယ့် တကယ် စေ့စေ့ ပေါက်ပေါက်တော့ ဘယ်သူမှ လိုက်ရေ မကြည့်ဖူးပါဘူး။ ဟုတ်တယ်လေ။ လူဦးရေ ဆိုတာကလည်း တိုးလိုက်လျော့လိုက်။ မွေးလိုက်သေလိုက် မဟုတ်လား။ ကဲပါ၊ အဲဒါတွေ အသာထား၊ အခုကျုပ် ပြောချင်တာက ဒီလို၊ ဒီလူဦးရေ သုံးရာကျော်ထဲမှာမှ သင်းကို အဲဒီ အဖွဲ့က ရွေးတာဆိုတော့ နည်းနည်းများ ထူးဆန်း မနေဘူးလား။ ဟုတ်တယ်လေ။ ရွာထဲမှာ သင်းလို ဂိုက်ဆိုက်တွေမှ တစ်ပုံကြီး၊ သင်းထက် ပုံကြည့် ကောင်းတာရော၊ အဲ အကြည့်ရဆိုးတာ ရောပေါ့လေ။ ဖြစ်ပုံများ အစ ပထမ ကျုပ်ဖြင့် ဒီသတင်း ကြားတော့ ယုံတောင် မယုံချင်ဘူး။ အဟုတ်ပြောတာ။ သင်းပုံစံနဲ့ ဖြစ်မှဖြစ်ပါ့မလား လို့လည်း တွေးမိသေးတယ်။ ဟုတ်တယ်လေ။ အစက တည်းက ကျုပ်ပြောခဲ့တယ် မဟုတ်လား၊ ကိုသိန်းတန်က ခပ်အအလို့။ အဲ အဲ ဒါပေမယ့် အဲဒီ ခပ်အအက ထန်းရည်ကြတော့ ကြိုက်သတဲ့လေ။ နေထွက်တော့ လေသက်သတဲ့၊ နေစောင်းတော့ လေတောင်းသတဲ့။ နေညိုတော့ လေပြို သတဲ့။ ဒီလိုနဲ့ တစ်နေကုန် တစ်နေခန်း ထန်းတောထဲကကို မထွက်တော့တာ၊ ကျုပ်မှာလည်း အခြားပြဿနာ အကြီးအကျယ် မဖြစ်ပြီးရော၊ အခြားမိန်းမ သွားမကြိုက်ပြီး ရော၊ အခြားလောင်းကစား မဖက်ပြီးရော၊ ဒီလို ပြီးရော ပြီးရောနဲ့ နေလာလိုက်တာ အခုကလေး နှစ်ယောက်ရပေါ့။ သင်းကတော့ လူ့မင်းသား။ နေ့လား ညလားလည်း မသိဘူး၊ ရှိလား မရှိလားလည်း မသိဘူး။ ကျုပ်မှာတော့ ဖုတ်ဖက်ကို ခါလို့။ တကယ် အမိ၊ အဖစကား မပယ်ရှားချင်လို့ ဒီလင် ယူမိတာပါ။ အစပထမ တော့ ဟုတ်တုတ်တုတ်၊ အဖေ၊ အမေ ငုတ်တုတ်ရှိစဉ် ကတော့ လုပ်လိုက်တဲ့ အလုပ် ဆိုတာ လက်နဲ့ခြေ ပြတ်တယ်လို့ မရှိဘူး။ ဟော သူ့ ယောက္ခထီး၊ ယောက္ခမလည်း ဆုံးရော တမှိုင်မှိုင် တတွေတွေ၊ တဝေေ၀ တတွေးတွေး နဲ့ တကယ် ကျုပ်အဖေ၊ အမေသေတာ သူကပဲ ကျုပ် ထက် ပိုဝမ်းနည်းသလိုလို ငေးငေးငိုင်ငိုင်နဲ့ နောက်တော့ ဘာမှကို သုံးလို့ မရတော့ဘူး။ ဘာအလုပ်မှလည်း လက်ကြော မတင်းတော့ဘူး။ ဒီလိုနဲ့ တဖြည်းဖြည်း အသောက် အစား ဖက်လာတာ။ “ထန်းတောထဲမှာ တော့ မယား ရှိလို့လား”လို့ စကား နာထိုးကြည့်၊ ပါးစပ် တဖြဲဖြဲနဲ့ “ထန်းပင်တွေက ငါ့ မိန်းမလောက် မဖြောင့်ပါဘူးကွာ”လို့ ပြန်ပက်တတ်သေးတာ။ တစ်ခါတစ်ခါ တကယ် စိတ်တိုလို့ ရန်မထောင်လိုက်မိနဲ့ ပုဆိုးပြင် ၀တ်သလိုလို၊ ဇွန်းပျောက်ပဲ ရှာနေသလိုလိုနဲ့ ပြန်မပြော နားမထောင်။ တကယ် ယုန်သူငယ် ကြိမ်ပြရိုက်ထားသလို။ နောက်တော့ “အေးပါ အေးအေးရယ်”ဆိုပြီး ဒုံရင်း ဒုံရင်း။ အဲ အခုတော့ အဲဒီ ဒုံရင်း ဒုံရင်းကို ပုံသွင်းကြမလို့တဲ့ လေ။ ဒီလို ဒီလို။ ရွာထဲမှာ မြို့ကြီးက ဗီဒီယို ရိုက်တဲ့ အဖွဲ့တွေ ရောက်နေတယ်။ ကြားတုန်းက အဲသလောက် မအံ့သြမိဘူး။ ဟုတ်တယ်လေ။ ကျုပ်တို့ရွာ ရှုခင်း၊ ရှုကွက်က ကောင်းတာကိုး။ တောအထပ်ထပ်၊ တောင်အသွယ်သွယ်နဲ့ ရေကန်နဲ့ ချောင်းနဲ့ စေတီ ပုထိုးတွေနဲ့။ ကျုပ်တို့ ရွာမှာ ပြပြနေတဲ့ ဗီဒီယိုကား တွေထဲမှာကလည်း အဲသလို ပုံစံမျိုးတွေပဲ မဟုတ်လား။ အစတော့ ဟုတ်မှာလို့ပဲ တွေး မိတယ်။ ပထမ တစ်ရက်၊ နှစ်ရက် သူတို့တွေ ရိုက်နေကြတာ။ ကျုပ်လည်း အလုပ် တစ်ဖက်နဲ့ အချိန်ပြည့်ကြီးတော့ သွားမကြည့်အားပါ ဘူး။ ဒီလိုနဲ့ သုံးရက်မြောက်လောက် ကျတော့မှ တစ်ရွာလုံး အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြတာ ဟုတ်ပါ့။ ကိုသိန်းတန် ဗီဒီယိုမင်းသား ဖြစ်တော့မယ်တဲ့။ ဟိုနေရာ တိုးတိုးတစ်မျိုး၊ ဒီနေရာ ကျယ်ကျယ်တစ်ဖုံနဲ့ ကျုပ် နားထဲ စုပြုံဝင်လာနေတာ လေ။ အစပထမဖြင့် ကျုပ်လား၊ ဘယ်ယုံလိမ့်မတုံး။ ရွာထဲက လူတွေများ အ ရန်ကော၊ သူတို့မြို့မှာ ဒီလောက် လူတွေ ပေါတာလို့ တွေးမိသေးတာ။ အံမယ် ကိုယ်တော် ချောကြည့်တော့လည်း ပြုံး တစစနဲ့။ “ဒါနဲ့ တော့်အကြောင်း ပြောနေကြတာ ဟုတ်လား” လို မေးကြည့်တော့လည်း အင်းမလုပ် အဲမလုပ်နဲ့။ စက်အဖွဲ့က လူတွေပြောပြမှပဲ ကျုပ်ဖြင့် တစ်ကိုယ်လုံးကို အံ့သြယူရတယ်။ တကယ်တဲ့ တော်ရေ။ ကျုပ်ယောက်ျား မအူမလည်ကို ဗီဒီယိုရိုက်မှာ တကယ်တဲ့။ သူတို့ အပြောကတော့ တစ်ရွာလုံး လူပတ်ရှာတာ ဒီဇာတ်ကောင် နေရာက ကိုသိန်းတန်နဲ့ ကွက်တိဆိုပဲ။ ကျုပ်ဖြင့် အူနှိပ် နေရတယ်။ ဟုတ်တယ်လေ။ ကျုပ်ယောက်ျားမှာ မင်းသားနဲ့ တူတာဆိုလို့ သူ့ နာမည်ပဲရှိတာ မဟုတ်လား။ ဒါတောင် ဟိုမင်းသားက နာမည်ရှေ့မှာ တွံတေး ပါသေးတာကိုး။ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် တကယ် ရိုက်မှာဆိုတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် ကျုပ်ဖြင့် ကြည့်ကြည့် ချင်သား။ သူက ကိုယ့်ယောက်ျား ဆိုတော့လေ။ ဟော အဲဒီနေ့မနက် ကျုပ်နိုးတော့ ကိုယ်တော်က မရှိတော့ဘူးရယ်။ ဘယ် အချိန်ကတည်းက ထထွက် သွားတယ် မသိရဘူး။ အရင်ဆို ဒီလို ဘယ်ဟုတ်လိမ့်မလဲ။ နေထွက်လို့ ထရံဖောက်ဆင်း ပြီး နေပြောက်က သူ့မျက်နှာ ၀င်ထောက်နေတာတောင် လွတ်တဲ့ဘက် ရှောင်ကွေးချင် ကွေးနေ တတ်သေးတာ။ အံမာ အခု သူ့ဟာနဲ့သူကျ ဖြူးလို့။ ဒါနဲ့ ကျုပ်လည်း လုပ်စရာရှိတာ မြန်မြန်လုပ်၊ ထမင်းအိုး၊ ဟင်းအိုးကမန်း ကတန်းတည်ပြီး ကလေး နှစ်ယောက်လက်ဆွဲ ထွက်ခဲ့ရ တယ်။ ဟော လမ်းမှာတွေ့တဲ့ လူတွေက ကျုပ်တို့ကို ကြည့်ပြီး စကားလုံး ကုလားဖန် ထိုးနေကြတာ။ “ကြည့်ကြည့် အဲဒါ နိုင်ငံကျော် ရုပ်ရှင်မင်းသမီး ယောက်ျားရဲ့ မိန်းမတဲ့” ပထမ ကြားကြားချင်းတော့ ကျုပ်စိတ် ထောင်းခနဲပဲ။ နောက်တဖြည်းဖြည်းချင်း စဉ်းစားကြည့်တော့မှ ဟုတ်သားလို့ တွေးမိတယ်။ အဲ ဖြစ်ပုံက ဒီလို။ ဒီဇာတ်ထုပ်မှာ ကျုပ်ယောက်ျားက အရက်သမားဆိုပဲ။ တစ်နေ့ အဲ အဲဒီတစ်နေ့ပဲ သူက ပါရမှာပါ။ တစ်နေ့သူတို့ သူငယ်ချင်းတစ်တွေ အရက်သောက် ကြရင်း ငွေလိုလို့ဆိုပြီး ကျုပ် ယောက်ျားက အိမ်ပြန်ပိုက်ဆံ တောင်းတာတဲ့။ အဲဒီမှာ သူ့ မိန်းမက အဲ သူ့မိန်းမကတော့ နိုင်ငံကျော်ရုပ်ရှင် မင်းသမီး ပေါ့လေ။ အဲဒီ မင်းသမီးက မပေးဘူးတဲ့။ ဒါနဲ့ ရန်ဖြစ် စကားများပြီး ရိုက်ကြပုတ် ကြရာကနေ မင်းသမီး လက်ချက်နဲ့ ကျုပ်ယောက်ျားသေ ပါလေရော။ ဒါနဲ့ မင်းသမီး လည်းထောင်ကျ၊ အောင်မာ အဲဒီ မင်းသမီး ထောင်ကျတာ ကနေမှ ဇာတ်လမ်းကစမှာ တဲ့။ သိပါဘူးတော်။ သူတို့ ဇာတ်တွေ ဘာတွေတော့၊ ကျုပ်တော့ ကျုပ်ယောက်ျား ဘယ်လို ကမှာလဲ၊ အဲလေ ဘယ်လို သရုပ်ဆောင်မှာလဲပဲ စိတ်စောနေမိတယ်။ ဟုတ်တယ်လေ။ ကိုယ့်ဟာက အစိမ်းသက်သက်၊ ဟိုက နိုင်ငံကျော် ရုပ်ရှင်မင်းသမီး မဟုတ်လား။ အင်း ဒီမင်းသမီး နေရာမှာသာ ကျုပ်ဆိုလို့ကတော့ အရက်ဖိုးလောက်များ ရော့ အင့်ဆိုပြီး တန်းပေးလိုက်မှာ နားအေးပြီးရော မဟုတ်လား။ သူလိုချင်တဲ့ငွေ ရသွားတော့ ဟော ကျုပ်လည်း ကျုပ် အလုပ်အေးအေး လုပ်ရရော ပေါ့။ အဲလေ တွေးရင်း အပြင်မှာ ကျုပ်တို့ ဖြစ်နေကျ အဖြစ်တွေဆီ ရောက်သွားတယ်။ ဟုတ်တယ်လေ။ သူထန်း ရည်ဖိုးတောင်းတိုင်း ကျုပ်က ထုတ်ထုတ်ပေးနေကျ မဟုတ်လား။ ကြည်ဖြူလို့တော့ ဘယ်ဟုတ်လိမ့်မလဲ။ အဲ မကြည်ဖြူဘူး ရယ်လို့လည်း ရှိပါဘူးလေ။ ဒီလိုနဲ့ ကျုပ်နဲ့ကလေးတွေ ဟိုရောက်လို့ တအောင့် လောက်ကြာတာတောင်မှ ဗီဒီယို ရိုက်တာက စသေးဘူး ရယ်။ ရွာက လူတွေဆိုတာ လည်း ကျိတ်ကျိတ်တိုးလို့။ ဟိုနားစုစု ဒီနားစုစုနဲ့ ဟိုဘက် ရွာ၊ ဒီဘက်ရွာကလူတွေ တောင် လာကြည့်ကြတာ တွေ့ရတယ်။ အစက ကျုပ် စိတ်ထဲ ကျုပ်ယောက်ျားများ လာကြည့်လေသလားပေါ့ လေ။ နောက်မှ ဘယ်ဟုတ် လိမ့်မလဲ။ သူတို့ကြည့်တာက နိုင်ငံကျော်ရုပ်ရှင် မင်းသမီးကိုး။ အဟီး တော်ပါသေးရဲ့။ အဲ အဲလေ။ ဒီလိုနဲ့ ကျုပ်တို့ရွာ အခေါ် အော်လံပိစိ ဆိုတဲ့ဟာလေး ကိုင်ထားတဲ့ ဒါရိုက်တာကြီး ဆိုသူက ဘာတွေထအော် တယ်မသိပါဘူး။ ဒီလူ့ ဂိုက် ပေါက်ကြည့်ရတာတော့ ကျုပ်တို့လို မြန်မာရုပ်ပါပဲ။ အဲ သူအော်တဲ့ ဟာတွေကသာ ဆန်းနေတာ။ ဘာတဲ့ ဆက်တင်တွေရော၊ အက်ရှင်တွေရော၊ ဆင်းတွေရော၊ တက် တွေရော ဗလုံးဗထွေး ရောထွေးလို့ပါပဲ။ ကျုပ်ဖြင့် နား ကို လည်ပါဘူး။ ဒီလိုနဲ့ နေပူကျဲကျဲကြီးမှာ သူတို့တွေ စရိုက်ကြတယ်။ ကျုပ်ယောက်ျားနဲ့ အခြား လူသုံးယောက် အရက် ထိုင် သောက်ရင်း စကားတွေပြော နေကြတာ၊ သူတို့ဘာတွေ ပြောနေကြသလဲတော့ ကျုပ်တို့ မကြားရပါဘူး။ အံမယ် ကြည့်ဦး ကျုပ်ယောက်ျားက တကယ့်မင်းသားကြီး ကျနေတာပဲ၊ ထိုင်နေလိုက်တာများ ဖြောင့်လို့။ ဒီလိုနဲ့ တစ်ယောက်တစ်ခွက် ငှဲ့သောက် နေကြတာ။ ဒါနဲ့ပဲ ဘေးနားက ကောင်လေးလက်တို့ ပြောရသေးတယ်။ တော်ကြာ အသောက်များသွားရင် ဒုက္ခ မဟုတ်လား။ မူးကုန်ရင် အကုန်မှားသွားမှာလို့ ဆိုတော့ ကောင်လေးက “အာ ကြီးတော်ကလည်း တကယ့်အရက် မဟုတ်ပါဘူး ရေတွေပါဗျ” တဲ့။ အဲတော့် တတ်လည်း တတ်နိုင်တဲ့လူတွေ။ ရေသောက်တာတောင် မူးသတဲ့။ ကြည့်ပါဦး၊ မူးတာများ အပြင်က တကယ့်ငမူးတွေ ထက်တောင် အသက်ဝင်သေး တယ်။ ကျုပ်ယောက်ျားကတော့ ထားပါတော့လေ။ သင်းက မနက်ကတိုင် အနည်းနဲ့ အများတော့ တင်ထားဦးမှာ မဟုတ်လား။ သင်းအကြောင်း မသိတာမှတ် လို့။ အဲဒီလိုနဲ့ လူတစ် ယောက်က “ငွေလိုတယ်ကွ”လို့ ထအော်ရင်း အရက်ခွက်ကို ဆောင့်ချတာ တွေ့လိုက်ရတယ်။ အဲ သိပ်မကြာပါဘူး ကျုပ်ယောက်ျားက ကောက်ခနဲ ထရပ်ပြီး ကျုပ်တို့ဘက် ခပ်တည်တည်ကြီး ထွက်ချ လာတော့တာ၊ ဒီမှာပဲ... “ဟိုး ဟိုးကတ် ကောင်းတယ်”လို့ ဒါရိုက်တာကြီးက ထအော်ပြန်တယ်။ နောက်ပြီး ကျုပ်ယောက်ျားဆီကို သွားပြီး “ကောင်းတယ် ကိုသိန်းတန်၊ ကောင်းတယ်၊ ကောင်းတယ်” တဲ့။ ဟယ် ဒီလို ကျတော့လည်း ဗီဒီယိုရိုက်တာက အလွယ်သားကလား။ ဒီလိုနဲ့ တစ်ခန်းပြီးတစ် ခန်းရိုက်လိုက်ကြတာ ကျုပ် ယောက်ျားခမျာလည်း မနား ရရှာပါဘူး။ မှားလိုက်ပြန် လုပ်လိုက်။ ဒါရိုက်တာကြီးက သူ့နား နားကပ်ပြီး တိုးတိုး ပြောလိုက်နဲ့၊ အံမယ်ဒါမျိုး ကျတော့လည်း ကိုယ်တော် ချောက စိတ်အရှည်သား။ ခေါင်းလေးညိတ်ကာ ညိတ်ကာ ချွေးကလေးသုတ်ကာ သုတ်ကာနဲ့ ဟိုမင်းသမီးနဲ့ ရန်ဖြစ်တဲ့ အခန်းများဆိုရင် ဒေါသဖြစ်လို့ ထင်ရဲ့၊ အသားတွေတောင် တဆတ်ဆတ် တုန်လို့ ပီပြင်လိုက်တာများ မပြောပါနဲ့တော့။ ကြည့်ဦး မင်းသမီးကလည်း နင်ပဲငဆ ပြောပဲ ပြောတတ်လိုက်တာ။ ကျုပ်ယောက်ျားများ သူ့ ယောက်ျား အရင်းခေါက် ခေါက်ကျနေတာပဲ။ တတ်လည်း တတ်နိုင်ပါ့။ နောက်ပြီး သင်းလည်း ကြည့်ဦးလေ မင်းသမီးကိုများ “ငါလုပ်လိုက်ရ၊ သေတော့မယ်၊ သေတော့မယ်”နဲ့။ ဟင်း ဟင်း ကျုပ်များ အပြင်မှာ အဲသလိုခံပြော ကြည့်ပါလား။ ခေါင်းနဲ့ကိုယ် အိုးစားမကွဲရင် ကြိုက်သလို ပြော။ ဟောဟော ကြာပါဘူး၊ သင်းလည်း ဟိုမင်းသမီး လက်ချက်နဲ့ မြေပေါ်မှာ ဆန့်ဆန့်ကြီး အဟီး သေနေလိုက်တာများ အသက်ဝင်သလား မမေးနဲ့။ ကောင်းချက်ဆိုတော့ ဒါရိုက်တာကြီးခမျာလည်း ပြုံးလို့၊ မင်းသမီးကလည်း ပြုံးလို့။ ကျုပ်ယောက်ျားလား ပါးစပ်က နားရွက်ပြေးချိတ် တော့မယ့် အတိုင်းပဲ။ “အဆင်ပြေရဲ့လား၊ အဆင်ပြေရဲ့လား”နဲ့ ဒါရိုက်တာကြီး နားကပ်ပြီး သွားကြီး ကိုဖြီးလို့။ အဲသလို တစ်နေကုန် ရိုက်လိုက်ကြတာ ကျုပ်တို့ လည်း ထမင်းတွေ ဟင်းတွေ မေ့လို့။ အတန်ကြာတော့ ဆာလို့ထင်ပါရဲ့ ကလေးတွေက ဂျီကျလာပါရော။ ဒီတော့မှ ကျုပ်လည်း ကမန်းကတန်း အိမ်ပြန် ပြေးခဲ့ရတယ်။ ဟုတ်ပါ့။ နေတောင် အနောက်စွန်း စွန်းကျနေပေါ့။ ဒီနောက်ပိုင်းတော့ ကျုပ်အစက ပြောခဲ့သလိုပါပဲ။ ကိုသိန်းတန် အချိုးပြောင်း သွားပုံများ ခြေကလေး မြောက်ကြွ မြောက်ကြွနဲ့ ကိုယ်လုံးကျွတ် ပေါင်ဒါဖို့ပြီး ဟိုနားမတ်တတ်၊ ဒီနားမတ်တတ်နဲ့ အလှူသွား၊ အလှူ လာပွဲနေပွဲထိုင်မှ ၀တ်ဖို့ဝယ် ထားတဲ့ အ၀တ်အစားတွေ ကောက်စွပ်လို့၊ စကားပြော ရင်လည်း ဟန်ကြီးတစ်ခွဲ သားနဲ့၊ ကျုပ်ကိုကြည့်တဲ့ ကြည့်ပုံများ အူကို ယားရောပဲ။ အဲ နောက်တစ်ခု ထပ် တိုးလာတာကတော့ အရင်ကဆို စကားသိပ် မပြောတဲ့ ကိုသိန်းတန် အခုစကားတွေ ဖွာဖွာ လာတာပဲ။ ရွာထဲက လူတွေကလည်း သိတယ် မဟုတ်လား။ တစ်စိတ်တစ်အိတ် လုပ်ချင်ကြတဲ့လူတွေ။ သူ့များ မတွေ့လိုက်နဲ့ တွေ့ လိုက်ရင် “မင်းသားကြီး၊ မင်းသားကြီး”နဲ့ ဟုတ်တာရှိ၊ မဟုတ်တာရှိ ကိုသိန်းတန် မျက်နှာ ကြည့်ကြည့်လိုက် ဖြီးလို့၊ သူ့ကို အဲသလို ခေါ်ရင်ပဲ ကျေနပ်နေသလားတော့ မသိပါဘူး။ နောက်ပြီးသူက ဟန်ပါပါ ပြန်မေးတတ်သေး တာ။ “ကျုပ် သရုပ်ဆောင်တာ ဘယ့်နှယ့်နေသလဲ” “ကောင်းရော ကောင်း ရဲ့လား” “အဲဒီ ဇာတ်ကားထွက် လာရင် တစ်ရွာလုံးကို ပြဦးမှာ”
အိုစုံလို့ပါပဲ။ တစ်ရက် လာလည်း ဒီစကား၊
နောက် တစ်ရက်လာလည်း ဒီစကား ဆိုတော့ ရွာထဲကလူတွေ အတွက် ပြောလည်းပြောချင်
စရာပေါ့လေ။ ကျုပ်တို့ကွယ် ရာမှာပဲဖြစ်ဖြစ်၊ မကြား တကြားပဲဖြစ်ဖြစ်။
“ကိုသိန်းတန်တော့ သွားရှာပြီ”တဲ့။ အဲအဲ ဒါပေမယ့် တစ်ခု တော့ရှိတယ်။ ဟုတ်တယ် ကိုသိန်းတန်တစ်ယောက် အရင်လို ထန်းတောထဲ သွားပြီး အချိန် ဖြုန်းနေတာမျိုး တော့ မရှိတော့ဘူးရယ်။ ဟုတ်တယ်။ ထန်းရည်လည်း မသောက်တော့ဘူး။ အရင် သူနဲ့ ပေါင်းနေကျ အပေါင်း အသင်းတွေနဲ့လည်း အဆက်အဆံ သိပ်မရှိတော့ဘူး ထင် ပါရဲ့။ နောက်ပြီး တစ်ခုထပ် ထူးခြားလာတာကတော့ ကျုပ်ကို အလုပ်တွေဘာတွေ ကူလုပ် ပေးလာတာပဲ။ ရေလည်း ခပ်ပေးလား ပေးရဲ့၊ ထင်းလည်း ခွဲပေးလား ပေး ရဲ့၊ တစ်ခါတစ်ရံဆို ဟင်း တွေ ထမင်းတွေတောင် ကူချက်တတ်သေးတာ၊ အင်း ကျုပ်ဖြင့် ကျုပ်ယောက်ျားကို ကြည့်ပြီး ၀မ်းသာ လိုက်ရတာလေ။ ဘယ်သူတွေ ဘယ်လို ပဲဖြစ်ဖြစ် ရွာထဲက လူတွေ သူ့ကိုဘယ်လိုပဲ ပြောပြောပါ လေ။ ကျုပ်မမှုပါဘူး။ သူ ကျုပ်အနားမှာ အခုလို အေး အေးလူလူနေပြီး ကူညီ လုပ် ကိုင်ပေးနေတာပဲ ကျုပ် အတွက် စိတ်ချမ်းသာနေရပြီ မဟုတ်လား။ အင်း ကိုသိန်း တန်တို့ကတော့... ကိုသိန်းတန်တို့က တော့ တစ်ခါတစ်ခါ လင်ကိုယ်မယား နှစ်ယောက်တည်း အေးအေးလူလူ ထမင်းစား ရင်းပဲဖြစ်ဖြစ်၊ ညအိပ်ရာဝင် ခါမှာပဲ ဖြစ်ဖြစ် ကျုပ်အနား ကပ်ပြီး တိုးတိုး တိုးတိုးနဲ့ ပြောနေတတ်သေးတာ “မိန်းမရေ၊ ဟိုစက်အဖွဲ့ တွေ ပြန်လာရင် လာဦးမှာကွ နော်”တဲ့။ သူဒီလို ပြောတိုင်း ကျုပ်ဖြင့် စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ၀မ်းပဲနည်းသလိုလို၊ ကိုသိန်းတန်ကိုပဲ သနားမိ သလိုလိုနဲ့ နောက်တော့ “အေးပါ ကိုသိန်းတန် ရယ် အေးပါ အေးပါ”လို့ပဲ တိုးတိုးလေး ပြန်ဖြေနေမိ တယ်။ အဲ အဲ ဒါပေမယ့် ကျုပ် ရင်ထဲမှာလေ ၀မ်းသာသလိုလို၊ ၀မ်းနည်းသလိုလိုနဲ့ ဟို ဗီဒီယို ရိုက်တဲ့ အဖွဲ့ကိုလေ ကျေးဇူးတွေ အထပ်ထပ်တင် နေမိတာ။ ဟုတ်တယ်လေ၊ သူတို့ကြောင့် ကိုသိန်းတန် တစ်ယောက် အခုလို လူကောင်း ပြန်ဖြစ်သွားတာ မဟုတ်လား။ ဒီတော့ အိမ်မှာ ကြည့်စရာ စက်ရှိတာ၊ မရှိတာ အပထား၊ အဲဒီအခွေ ထွက်လာလို့ကတော့ အပိုင်ဝယ်ပြီး အိမ်ဦးခန်းမှာ တင်ထားဦးမှာလို့ တွေးနေမိသေး တယ်။ ဟုတ်တယ်လေ။ ကျုပ်က နိုင်ငံကျော်ရုပ်ရှင် မင်းသမီး ယောက်ျားရဲ့ မိန်းမ မဟုတ်လား။
သားဦး
(ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၀) |
စာပေသည် လူမျိုး၏ ယဉ်ကျေးမှု၊ တိုင်းပြည်တစ်ပြည်၏ အဆင့်အတန်း၊ နိုင်ငံတစ်နိုင်ငံ ၏ သမိုင်းကို ဖော်ပြနေပါသည် ။
Wednesday, 23 May 2012
''နိုင်ငံကျော်ရုပ်ရှင်မင်းသမီးယောင်္ကျားရဲ့ မိန်းမ''
Subscribe to:
Post Comments (Atom)
ပြောကို မပြောချင်ဘူး ဆိုပြီး ပြောချင်လွန်းလို့ စကားစတဲ့ အစမျိုးတော့ ပျင်းတောင် ပျင်းသေးတယ်လို့ ဖြစ်နေကြပြီ မဟုတ်လား။
No comments:
Post a Comment