Wednesday, 4 July 2012

ဂျူး

ဂျူး (၁၉၅၈ -)


 ကိုယ်ရေးဖြစ်စဉ်

ဂျူးကို ရေနံချောင်း မြို့၌ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂ဝ ရက် စနေနေ့တွင် အဘ ဦးသောင်းနှင့် အမိ ဒေါ်ငြိမ်တို့မှ မွေးဖွားသည်။ အမည်ရင်းမှာ တင်တင်ဝင်း ဖြစ်သည်။ မွေးချင်း (၅)ယောက်အနက် တတိယမြောက်ဖြစ်သည်။
ရေနံချောင်းမြို့တွင် သူငယ်တန်း၊ ကုန်းဇောင်းရွာတွင် သူငယ်တန်းမှ ပဉ္စမတန်းထိ၊ ရေနံချောင်းမြို့အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းများတွင် ဆဋ္ဌမတန်းမှ ဒသမတန်းထိ ပညာသင်ကြားခဲ့သည်။ ၁၉၇၆-ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး ၁၉၈၃-ခုနှစ်တွင် အမ်ဘီဘီအက်စ် ဘွဲ့ရရှိခဲ့သည်။
ရေနံချောင်း ကောလိပ် မဂ္ဂဇင်းတွင် ‘ရာဇဝင် ထဲမှာ မောင့်ကို ထားရစ်ခဲ့’ ဝတ္ထုတို စတင် ဖော်ပြခြင်း ခံရပြီး မန္တလေး တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းနှင့် ရှုမဝ မဂ္ဂဇင်း များတွင် ကဗျာနှင့် ဝတ္ထုတိုများ ရေးသားရင်း ထင်ရှား လာခဲ့သည်။ မဟေသီ၊ ဒဂုန်၊ ဟန်သစ်၊ ချယ်ရီ၊ ကလျာ၊ စပယ်ဖြူ မဂ္ဂဇင်း များတွင်လည်း ဝတ္ထုတို၊ မဂ္ဂဇင်း ဝတ္ထုရှည်နှင့် ဆောင်းပါးများ ရေးသားသည်။ နောက် ကြာတော့ သည်လည်း မောင့်စကား၊ နံရံ၏ အခြား တဖက်မှာ၊ ပင်လယ်နှင့် တူသော မိန်းမများ၊ အစ ရှိသော ဝတ္ထုရှည် လုံးချင်း များမှာ ထင်ရှားသည်။ ဝတ္ထုတို လုံးချင်း စာအုပ်များ မှာလည်း ထင်ရှားသည်။ ‘ရာဇဝင်ထဲမှာ မောင့်ကို ထားရစ် ခဲ့နှင့် အခြား ဝတ္ထုတိုများ၊ ကောင်းကင် မပါသော ညများ’ နှင့် အခြား ဝတ္ထုတို များတို့ ဖြစ်သည်။

 သူ့အကြိုက် ကဗျာ အမျိုးအစား

ဂျူး၏ သဘောအကျဆုံး ကဗျာ အမျိုးအစားက ရတုဖြစ်သည်။ နတ်သျှင်နောင်၏ ရတုများ၊ ရဝေရှင်ထွေး၏ ရတုများ၊ ဓာတုကလျာ၏ ရတုများနှင့် န၀ဒေး ရတုများကို တော်တော်များများ နှစ်သက်ခဲ့သည်။ ထို့ကြောင့် ခြောက်တန်း၊ ခုနစ်တန်း လောက်ကစ၍ ရတုစပ်နည်း ပေါင်းစုံကို စိတ်ဝင်တစား လေ့လာခဲ့သည်။

 စာပေရေးရာ

စတုတ္ထတန်း အရွယ်တွင် မိခင် ဖြစ်သူက စာရေးဆရာ ဓူဝံ၏ မာလာ ဝတ္ထုကို ပေးဖတ် ခဲ့သည်။ ထိုအချိန်မှ စ၍ စာရေး ဆရာနှင့် ဝတ္ထု အတတ် ပညာကို စိတ်ဝင်စားကာ စာရေးဆရာ ဖြစ်ချင် ခဲ့သည်။ မူလ ရည်ရွယ်ချက်မှာ တက္ကသိုလ် ဆရာမ လုပ်ကိုင်ရင်း စာရေးဆရာ ဖြစ်ရန် ရည်ရွယ်ခဲ့သည်။ ဆယ်တန်း ဖြေပြီးချိန်တွင် ဆရာဝန် ဖြစ်ရန် မရည်ရွယ် သော်လည်း မိခင်၏ တိုက်တွန်းချက် အရ ဆေး တက္ကသိုလ်သို့ တက်ရောက် ခဲ့သည်။ ၁၉၇၉ ခုနှစ် မန္တလေး ဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ ရာဇဝင် ထဲမှာ မောင့်ကို ထားရစ်ခဲ့ ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဖော်ပြ ခံရသော စာမူ ဖြစ်သည်။ ၁၉၈၁ ခုနှစ် ရှုမဝ ရုပ်စုံမဂ္ဂဇင်းပါ `သက်ငင်ချစ်´ (ချစ်ကိုယ်တွေ့) ဝတ္ထုဖြင့် စာပေနယ်သို့ စတင် အခြေချ နိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် အမှတ်တရ ဝတ္ထုဖြင့် အောင်မြင်သော စာရေးဆရာ (ဝေဖန်ခံရသော စာအုပ်) ဖြစ်လာသည်။ ၁၉၉၄ ခုနှစ်တွင် ကိုယ်တိုင် ထုတ်ဝေသူ ဖြစ်လာ ခဲ့ပြီး `ဂျူးစာပေ´ တိုက်ကို တည်ထောင် ခဲ့သည်။ ယနေ့အထိ ထင်ရှား လူကြိုက်များသော လုံးချင်း ဝတ္ထုများ သာမက ဝတ္ထုတို၊ ဝတ္ထုရှည်များ၊ ရုပ်ရှင် ခံစားမှု (မဟေသီ)၊ ချစ်သော ဤကမ္ဘာ ကဏ္ဍ (ကလျာ)၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်းပါးများ စသည့် ဆောင်းပါးများ၊ ရုပ်ရှင် ဇာတ်ညွှန်းများပါ ရေးသားလျက် ရှိသည်။ ဂျူး ရေးသား ခဲ့သော စာအုပ်များ အနက် ` ကြာတော့သည်လည်း မောင့်စကား´၊ `ကြေမွသွားသော တိမ်တိုက်များ အကြောင်း´၊` ပင်လယ်နှင့်တူသော မိန်းမများ´၊ `မရှိမဖြစ်မိုး´၊ `မြစ်တို့၏ မာယာ´ စသည် တို့ကို ရုပ်ရှင် ရိုက်ကူး ခဲ့ရသည်။ `တစ်ဦးတည်းသော သား´ ဝတ္ထုကို (၁၉၉ဝ) ပြည့်နှစ်တွင် ဗီဒီယို ရိုက်ကူးခဲ့ပြီး၊ ရုပ်ရှင် အဖြစ်လည်း ရိုက်ကူးမည် ဖြစ်သည်။ ဂျူး ရေးသား ခဲ့သော ဝတ္ထုများ အနက် ရိုမန်တစ် တစ္ဆေ (မြန်မာ အမျိုးသမီး စာရေး ဆရာမ ၁၂ ဦး) ကို ၁၉၈၆ ခုနှစ်က လည်းကောင်း၊ အဝေးကြည့် မှန်ပြောင်း (နားကြပ်ကိုဆောင် ကလောင်ကို ကိုင်ဆွဲ) ကို ၁၉၈၇ ခုနှစ်က လည်းကောင်း ဂျပန်ဘာသာသို့ ပြန်ဆိုခဲ့သည်။ စာရေး ဆရာမ ဂျူးသည် ကြည့်မြင်တိုင် မြို့နယ် အထက်ကြည့်မြင်တိုင် လမ်းတွင် နေထိုင်လျက် ရှိပါသည်

 ဂျူးပြဿနာ


 ကုန်ကြမ်း

ဂျူး၏ ၀တ္တုတိုတွေကလည်း တစ်ပုဒ်ရေးရင် ရေးသလောက် လှုပ်လှုပ်ရှားရှား ဖြစ်တတ်ပါတယ်။ ဒါကလဲ ၀တ္ထုတိုကို ထိထိရောက်ရောက် ဖန်တီးတတ်တဲ့ ဆရာမရဲ့ ကျွမ်းကျင်မှုကြောင့်လို့ ထင်ပါတယ်။ ဒီတော့ ၀တ္ထုတို တစ်ပုဒ်ရအောင် ကုန်ကြမ်း ဘယ်လို ရှာတယ် ဆိုတာက အစ ဘယ်လို ရေးရမယ် ဆိုတာ အထိ ဥပမာ တစ်ပုဒ်လောက်နဲ့ ပြောစေချင်ပါတယ်။
ဒီနေရာမှာ ကျွန်မ ပြောချင်တာက ကုန်ကြမ်းရှာတယ် ဆိုတဲ့ အသုံးအနှုန်းနဲ့ ကျွန်မနဲ့ အံမ၀င်တဲ့ အကြောင်းပါပဲ။ ကျွန်မက ဆေးကုသတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းတဲ့ လူ ဆိုတော့ စာရေးတဲ့ အချိန်ဟာ ဆေးကုတဲ့ အချိန်နဲ့ စာရင် သိပ်ကို နည်းပါတယ်။ စာရေးဖို့ ကုန်ကြမ်းကိုလည်း ရှာစရာ မလိုဘူး။ ကျွန်မရဲ့ အာရုံထဲကို ၀င်လာတဲ့ အဖြစ်အပျက်ကလေး တစ်ခု၊ ခံစားမှု တစ်ခုကို အတတ်ပညာနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ ကျွန်မအတွက် ၀တ္ထုတို တစ်ပုဒ် ရလာပါတယ်။ ကျွန်မအတွက် အာရုံဝင်စားဖို့က တစ်လ ကြာချင် ကြာမယ်။ တစ်နှစ် ကြာချင် ကြာမယ်။ သူ့အလိုလို ပေါ်လာတာ မဟုတ်ဘဲ ရှာယူရတဲ့ ကုန်ကြမ်းမျိုးကို မူတည်ပြီး (အခု အချိန်ထိ) ၀တ္ထု မရေးတတ်သေးပါဘူး။ ဒီတော့ ကျွန်မ ပြောနိုင်တာ တစ်ခုတော့ ရှိတယ်။ ၀တ္ထုတို တစ်ပုဒ် ဘယ်လို ရလာတယ် ဆိုတာမျိုးလေ။ ဘယ် ၀တ္ထု အကြောင်း ပြောကြမလဲ။
ကျွန်မ ရေးခဲ့သမျှ ၀တ္ထုတိုတွေထဲမှာ ၀တ္ထုတို ရေးနည်း အတတ်ပညာနဲ့ ပတ်သတ်ပြီး နှစ်သက် ကျေနပ်စရာ ဖြစ်ခဲ့သလောက် ကိုယ့်ဟာကိုယ် ပြန်ဖတ်ဖို့ ဘယ်တော့မှ စိတ်မရဲခဲ့တဲ့ ၀တ္ထုမျိုးရှိတယ် ဆိုရင် အဲဒါ အမေ ၀တ္ထုပဲ ဖြစ်ပါလိမ့်မယ်။
အခုန ပြောတဲ့ အမေ ၀တ္ထုမှာ ဇာတ်ကောင်ဆိုလို့ အမျိုးသမီးလေး တစ်ယောက်ပဲ ပါတယ်။ သူက မကွေးကောလိပ်မှာ ကျောင်းဆောင်နေတဲ့ ကျောင်းသူတစ်ယောက်လေ။ ဒီဇာတ်လမ်းရဲ့ မူရင်းကို ကျွန်မရဲ့ ညီမလေး ၀ိုင် ဆီက ရပါတယ်။ သူနဲ့ ကျွန်မက အိမ်မှာ အရင်းနှီးဆုံး၊ အပွင့်လင်းဆုံး သူငယ်ချင်းပေါင်း ပေါင်းတဲ့ ညီအစ်မပါ။ သူက ကျောင်းပိတ်ရက် အိမ်ပြန်လာတဲ့ တစ်နေ့တော့ ကျွန်မကို သူ့ အိပ်မက် အကြောင်း ပြောပြတယ်။ အမေ့ကို အိပ်မက်မက်တဲ့ အကြောင်းပေါ့။ အိပ်မက် မက်ပြီး နှစ်ရက် သုံးရက်အတွင်း သူ့အခန်း နံရံမှာ တောက်တဲ့ကြီးတစ်ကောင် ဘယ်လို ရောက်လာမှန်းမသိ ရောက်လာခဲ့တယ် လို့ပြောပါတယ်။ တစ်ခန်းတည်းနေ သူငယ်ချင်းရော သူရော ကြောက်လန့်ပြီး ခြောက်ထုတ်ဖို့ ကြိုးစားသတဲ့။ ဘယ်လို ခြောက်ထုတ်ထုတ် နေရာမရွေ့ဘဲ တွယ်ကပ်နေတာပဲတဲ့။
တောက်တဲ့ ဆိုတာမျိုးက တွယ်မိရင် မခွာတော့ဘူး မဟုတ်လား။ နောက်ဆုံးမှာတော့ သူ အပြင် ခဏ သွားနေတုန်း အဆောင်စောင့် အဖိုးကြီးနဲ့ သူ့ သူငယ်ချင်းက သတ်ပစ်လိုက်သလား၊ ခြောက်ထုတ်လိုက်သလား မသိ၊ သူပြန်လာတော့ တောက်တဲ့ကြီးကို မတွေ့တော့ဘူးလို့ ပြောပါတယ်။ သူပြောတဲ့ စကားတစ်ခွန်းက တော်တော် လန့်ဖို့ကောင်းတယ်။
"ဒီအဖြစ်ဟာ သွေးရိုးသားရိုးမှ ဟုတ်ပါ့မလားဟင်" တဲ့။
ကျွန်မတို့ အဲဒီလို ပြောဆို ဆွေးနွေး၊ သူ့ကို နှစ်သိမ့်ပြီး လတွေ ရက်တွေ ကြာလာတော့ ကျွန်မ သူ့ကို အကြံပေးမိတယ်။ နင် ဒီအကြောင်းကို ၀တ္ထုရေးပါလားလို့။ အဲဒီတော့ သူက လက်ရှောင်တယ်။ သူ မနိုင်ဘူးလို့ ထင်တယ် တဲ့။ ကျွန်မ ရေးချင်ရင် ရေးပါလား လို့ ခွင့်ပေးပါတယ်။ ကျွန်မလည်း ရေးဖို့ သဘောတူလိုက်ပြီး တော်တော်နဲ့ မရေးဖြစ်ခဲ့ပါဘူး။ အမေနဲ့ ပတ်သတ်ပြီး နည်းနည်းပါးပါး ပါရမှာ ဆိုတော့ ကျွန်မ လက်တွန့်နေခဲ့တာပေါ့။ နောက်ဆုံးတော့ ကျွန်မ အားတင်းလိုက်တယ်။ ကျောင်းသူလေးရဲ့ နေရာမှာ ကျွန်မ ၀င်နေကြည့်တယ်။ ခက်တာက တောက်တဲ့ ဆိုတာကို ကျွန်မ တစ်သက်မှာ တစ်ခါမှ နီးနီးကပ်ကပ် မမြင်ဖူးဘူး။ ဒီတော့ တောက်တဲ့ ဆိုတဲ့ နေရာမှာ အခြား သတ္တ၀ါ တစ်ခုကို အစားထိုးဖို့ စဉ်းစားပါတယ်။
ဒီမှာ ကျွန်မ စဉ်းစားမိတာက မကွေးက မြွေ အလွန်ပေါတဲ့ အရပ် ဆိုတာပါပဲ။ နောက်ပြီး မြွေဟာ တောက်တဲ့ထက် ပိုပြီး ဆွဲဆောင်နိုင်လိမ့်မယ်။ သူက ၀တ္ထုကို ပိုပြီး serious ဖြစ်စေလိမ့်မယ်လို့လည်း တွက်ပါတယ်။ ဒီလိုနဲ့ ကျွန်မဟာ မြွေနဲ့ ပတ်သတ်တဲ့ စာအုပ်စာတမ်းတွေ၊ နိုင်ငံခြား ၀တ္ထုတွေကို လေ့လာ ဖတ်ကြည့်ပါတယ်။ ဇာတ်လမ်း ဇာတ်ကွက်ကို ကျွန်မ ဖြည့်ပြီး ဖန်တီး ယူလိုက်ပါတယ်။ အဲဒီ ၀တ္ထုကို ရေးရင်း ရေးရင်း အဖြစ်အပျက်ကို ကြောက်ရွံ့လာလို့ စာအုပ်နဲ့ ဖောင်တိန်ကို ပစ်ချလိုက်ရတဲ့ ရက်တွေလည်း ရှိပါတယ်။ ခြောက်လ၊ ခုနစ်လလောက် ကြာသွားတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ၀တ္ထု ပြီးသွားခဲ့တယ်။ အဲဒီ ၀တ္ထုရေးရင်း ဘယ်နှစ်ကြိမ် မျက်ရည်ကျမိသလဲ ဆိုတာ မမှတ်မိဘူး။
စာရေးရင်း မျက်ရည်ကျရတဲ့ ၀တ္ထုဆိုလို့ နှစ်ပုဒ်ပဲ ရှိပါတယ်။ တစ်ပုဒ်က အမေ၊ တစ်ပုဒ်က အဝေးဆုံး ခရီးသို့ အနီးဆုံး အချိန် ၀တ္ထုပါပဲ။

 အမှတ်တရ ဝတ္ထု ဝေဖန်မှုကို ပြန်လည်ချေပခြင်း

အခုခေတ် မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်တောင် ရဲရင့်ထက်မြက်ကြတယ်လို့ ကျွန်မ ပြောချင်ပါတယ် စိတ်မရှိပါနဲ့။ ရုပ်ရှင် တစ်ခု၊ ၀တ္ထု တစ်ပုဒ်ကြောင့် လမ်းမှားကို လိုက်သွားရလောက်အောင် တုံးတဲ့ မိန်းမမျိုး သိပ်မရှိတော့ပါဘူး။
တစ်ခု သတိရလို့ ပြောချင်ပါသေးတယ်။ ဟိုတလောက ဧပြီလထုတ် မဂ္ဂဇင်း တစ်ခုမှာ ထင်ပါရဲ့။ ဝေဖန်ရေး ဆရာ တစ်ဦးရဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။ ၀တ္ထုနာမည်၊ စာရေးဆရာ နာမည် တပ်ပြီး မရေးပေမယ့် ကျွန်မရဲ့ အမှတ်တရ နဲ့ ပတ်သတ်ပြီး ရေးသားခဲ့တယ်။ သူ့ရဲ့ နိဂုံးချုပ်ကတော့ ရှင်းပါတယ်။ အမှတ်တရ ကို မြန်မာ အမျိုးသမီးကောင်းလေးတွေ မဖတ်သင့်ဘူးတဲ့။ ဒီဝတ္ထုကို ဖတ်တဲ့ မိန်းကလေး အမျိုးအစားဟာ အကျင့်စာရိတ္တ ပျက်ပြားပြီး ဟီရိသြတ္တပတရား ကင်းမဲ့တဲ့ မိန်းကလေးမျိုးသာ ဖြစ်တယ်တဲ့။ (သူ့သမီးကတော့ အဲဒီ အထဲမှာ မပါဘူးလို့ ပြောသွားပါတယ်။ အမှတ်တရ ကို သိပ်ကြိုက်တယ် ဆိုတဲ့ မိန်းကလေးတွေဟာ မကြာခဏ ကိုယ်ဝန် ဖျက်ချရတဲ့ မိန်းကလေး အတန်းအစားမျိုးတွေ လို့ ပြောသွားပါတယ်။ )
ဒီနေရာမှာ ကျွန်မက ဆရာဝန်တစ်ယောက် ဖြစ်နေတဲ့ အတွက် ကိုယ်ဝန် ဖျက်ချတဲ့ Case တွေနဲ့ ပတ်သတ်ပြီး တခြား လူတွေထက် အမြင် ကြည်လင်စွာ ပြောပြနိုင်လိမ့်မယ် လို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မရဲ့ ဆေးခန်းကို ကိုယ်ဝန် ဖျက်ချင်တဲ့ မိန်းကလေးတွေ လွဲမှားစွာ မကြာခဏ ရောက်လာတတ်ပါတယ်။ ကိုယ့်ရင်သွေးလေးကို သတ်ပစ်ရတဲ့ အထိ ရာဇ၀တ်မှု ကျူးလွန်ဖို့ မကြောက်ရွံ့ မတုန်လှုပ်ရလောက်အောင် သူတို့ကို ဘယ်အချက်တွေက တွန်းအားပေးခဲ့ပါသလဲ။ ဒါကို လေ့လာ ဆန်းစစ်ဖို့ လိုပါတယ်။
ဒီလို အမျိုးသမီးတွေကို နှစ်သိမ့် ဖျောင်းဖျရတာ၊ ပညာပေးရတာတွေကို ကျွန်မဖြင့် စိတ်တောင် ညစ်နေပါပြီ။ အဲဒီ အမျိုးသမီးတွေဟာ အများအားဖြင့် အိမ်ထောင်သည်တွေပါ။ (မအံ့သြပါနဲ့)။ ကိုယ့်ရည်းစားနဲ့ ကျူးလွန်မိတဲ့ မိန်းကလေး အရေအတွက် နည်းလွန်းပါတယ်။ တချို့ မိန်းကလေးတွေကတော့ မရှောင်သာ မတိမ်းသာ ငွေအတွက် ရလာတဲ့ ကိုယ်ဝန်တွေပါ။ ကိုယ်ဝန် ဖျက်ချင်တဲ့ မိန်းကလေး ၁၀ ယောက်မှာ ၉ ယောက်က အတန်းပညာ မတတ်တဲ့ ဆင်းရဲသူ မိန်းကလေးတွေပါ။ အမှတ်တရ ကို မဆိုထားနဲ့။ ၀တ္ထုဆိုတာတောင် သူတို့ သိတာ မဟုတ်ဘူး။ ဖတ်ချိန်လဲ မရပါဘူး။ အများစုက သေစာ ရှင်စာလောက်ပဲ တတ်ကြတာ။
နောက်ပြီး ကျွန်မရဲ့ အမှတ်တရ စာဖတ်ပရိသတ် အမျိုးသမီးတွေဟာ စုစုထွေးရဲ့ ကိုယ်ကျိုးစွန့်တဲ့ အချစ်၊ အနစ်နာခံနိုင်တဲ့ အချစ်၊ ချစ်သူအပေါ် မြူတမှုန် လောက်တောင် အပြစ် မမြင်နိုင်လောက်အောင် ချစ်တဲ့ အချစ် အပေါ်မှာ ခံစားတတ်ကြတဲ့ အမျိုးသမီးတွေပါ။ တစ်ခုခုကို ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲတဲ့၊ ကိုယ့်တာဝန်ကိုယ် ရဲရဲ မယူတတ်တဲ့ မောင့်ကို အပြစ်မြင်စိတ်နဲ့ စုစုထွေး အပေါ်မှာ ကရုဏာသက်ပြီး ကိုယ်ချင်းစာကြတဲ့ အမျိုးသမီးတွေပါ။ ဝေဖန်ရေးဆရာများ သမုတ်ထားသလို ချစ်သူနဲ့ လက်မထပ်ဘဲ အတူနေခြင်းဆိုတဲ့ ဇာတ်ကွက်မျိုးကို မမြင် မြင်အောင် ရှာကြည့်နေကြတာ မဟုတ်ပါဘူး။
အခု စာဖတ်ပရိသတ်ဟာ ခပ်ညံ့ညံ့ မဟုတ်ကြဘူး။ စာဖတ်ပရိသတ်ကို ညာလို့ ရမယ် မထင်နဲ့။ သူတို့ အတွေးအခေါ်တွေ ပြတ်သားလာတာ၊ ရဲရင့်လာတာ၊ အကြောင်းအရာ တစ်ခု အပေါ်မှာ နက်ရှိုင်းစွာ ချဉ်းကပ် လေ့လာတတ်လာတာ ... ဒါတွေဟာ ၀တ္ထုတွေကြောင့်ချည်းလဲ မဟုတ်ဘူး။ ရုပ်ရှင် ဂီတတွေကြောင့်ချည်းလဲ မဟုတ်ဘူး။ သူတို့ဟာ New Generation ဖြစ်နေလို့ပဲ။
ဒီတော့ မိန်းကလေးတွေ အတုယူ မှားလောက်တာတွေ၊ မမှားလောက်တာတွေနဲ့ ညာမနေပါနဲ့တော့။ ဖုံးကွယ်ထားလို့ မရတဲ့ ကိစ္စတွေကို ဖုံးကွယ် မထားချင်ပါနဲ့တော့။ အရှိကို အရှိအတိုင်းပဲပေါ့။ လူဆိုတာ လွတ်လပ်ခွင့်ကို မြတ်နိုးတာပဲ။ တစ်ပါးသူရဲ့ လွတ်လပ်ခွင့်ကို မနှောင့်ယှက်ဘူး ဆိုရင် လွတ်လွတ်လပ်လပ် တွေးခေါ်ပါစေလား။ လွတ်လပ်စွာ တွေးခေါ်ပြီး ရဲရင့်စွာ ယုံကြည်တတ်တဲ့ ဇာတ်ကောင်စရိုက်မျိုးကို ဖန်တီးမိတဲ့အတွက် ကျွန်မ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။

 ဂျူး ဖန်တီးတဲ့ ဇာတ်ကောင်စရိုက်

ဂျူး ဖန်တီးတဲ့ ဇာတ်ကောင်တွေဟာ မြန်မာ မဆန်ဘူး။ မြန်မာစရိုက် မရှိဘူး လို့ ဝေဖန်ကြသည်။
ပထမဆုံး မြန်မာဆန်တယ် ဆိုတာကို ခွဲခြမ်း စိတ်ဖြာကြည့်ရင် မြန်မာဆန်တယ် ဆိုတာ မြန်မာလူမျိုးများရဲ့ ဟိုရှေးယခင် ကတည်းက ကျင့်သုံးလာခဲ့တဲ့ စရိုက် လက္ခဏာကို ပြောတာမဟုတ်လား။ မြန်မာလူမျိုးတွေဟာ ရိုးသားတယ်။ သူများအပေါ် နိုင်ထက်စီးနင်း မလုပ်ဘူး။ တစ်ယောက်ကို တစ်ယောက် အခက်အခဲတွေ့ရင် ကူညီ ဖြေရှင်း ပေးလေ့ရှိတယ်။ ပရိယာယ် မကြွယ်ဝဘူး။ ဟန်မဆောင်တတ်ကြဘူး။ ဒါ မြန်မာတွေရဲ့ ကောင်းမြတ်တဲ့ character တွေပါ။ အဲဒီ character တွေကနေ သွေဖည်ပြီး ကျွန်မ ၀တ္ထု မရေးခဲ့မိသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မက မြန်မာလူမျိုး ပီပီ မြန်မာတွေရဲ့ ကောင်းကွက်တွေကို ချစ်မြတ်နိုးတတ်လို့ပါ။
မျက်နှာမလိုက်ဘဲ ပြောရစတမ်း ဆိုရင် ဘယ်နေရာမှာမဆို နည်းနည်း ညံ့တတ်တာ၊ တီထွင်ကြံဆမှု နည်းတာ၊ အရာရာမှာ နောက်ကျစွာ တွေးခေါ် မျှော်မြင်တတ်ကြတာ၊ ခေတ်နောက်ပြန်ဆွဲချင်ကြတာ၊ လှေနံဓားထစ် မှတ်ချင်ကြတာ အဲဒါတွေကတော့ မြန်မာလူမျိုးတွေရဲ့ ဂုဏ်ယူဖွယ်ရာ မဟုတ်တဲ့ character တွေပါ။
အတွေ့အကြုံ တစ်ခုကို လှေနံဓားထစ် မှတ်လို့ မရတာတွေ ရှိနေပါတယ်။ ခေတ်ပေါ် နည်းပညာ တစ်ခုဟာ ကိုယ့်အတွက် အသုံးတည့်မယ်၊ သင့်တော်မယ် ဆိုရင် အသုံးပြုရမှာပဲ။ ကုန်းကြောင်းအတိုင်း လှည်းနဲ့ ဆယ်ရက် သွားရမယ့် ခရီးကို လေယာဉ်နဲ့ တစ်နာရီ အတွင်း အရောက် သွားနိုင်တဲ့ ခေတ်ကို ရောက်နေကာမှ မြန်မာမှုကို ချစ်မြတ်နိုးပြီး လှည်းယာဉ်ကလေးနဲ့ သွားချင်တဲ့လူများ ရှိပါသလား။ ဘယ်သူမှ မရှိဘူး။
မြန်မာ အမျိုးသမီးတွေ အနေနဲ့ သားကို သခင်၊ လင်ကို ဘုရား ဆိုတဲ့ အတိုင်းအတာထိ ကိုယ့်ကိုကိုယ် နှိမ့်ချပြီး နေတတ်ကြတဲ့ စရိုက်မျိုးကိုတော့ ကျွန်မ ၀တ္ထုတွေထဲမှာ တွေ့ရမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတာတော့ ရှင်းပါတယ်။ အဲဒီ အယူအဆမျိုးကို ကျွန်မ ကိုယ်တိုင် မနှစ်သက်လို့ပါပဲ။
မိမိ လက်ထပ်ထားတဲ့ ခင်ပွန်းဟာ ကိုးကွယ်ဖို့ ထိုက်တန်လောက်အောင် မြင့်မြတ်ရင်တော့ ဒီစကားအတိုင်း မြန်မာမှု ပီသစွာ နေထိုင်ကျင့်ကြံဖို့ ၀န်မလေးပါဘူး။ ဒါပေမယ့် သူလဲ ၀န်ထမ်း၊ ကိုယ်လဲ ၀န်ထမ်း။ သူလဲ အိမ်စီးပွားရေးကို ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ ကိုယ်လဲ ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ အဆင့်အတန်းချင်း တူပါရက်နဲ့ ကိုယ့်မှာ ပိုများတာက မီးဖိုချောင် ဝေယျာဝစ္စ၊ သားသမီး မွေးထုတ် ပြုစုရတဲ့ ဒုက္ခ ဒါတွေ အမျိုးမျိုးနဲ့ တာဝန်ပိနေတဲ့ မိန်းမတစ်ယောက်ဟာ သူ့ခင်ပွန်းကို ဘုရားတစ်ဆူလို ကိုးကွယ် နေရဦးမှာလား။ ဒါဟာ တွက်ကပ်တာ မဟုတ်ဘူး။ အဓိက ကတော့ အချိန်မပေးနိုင်မှုပဲ။
ဟိုခေတ်က မြန်မာမိန်းမတွေဟာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး ငွေမရှာရဘူး။ သူတို့မှာ အိမ်ထောင် ထိန်းသိမ်းရတဲ့ တာဝန်ပဲ ရှိတယ်။ အခု မိန်းမတွေကတော့ အရင်လို သဘောမထားနိုင်တော့ဘူးပေါ့။ လူနေမှု စနစ်ရဲ့ တိုးတက်ပြောင်းလဲမှု အတိုင်း အလိုက်သင့် မျောပါရတော့တာကိုး။[1]

 ဂျူး ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ

  1. သူမင်းကိုဘယ်တော့မှ-၂ဝဝ၈ ခုနှစ်
  2. အမှတ်တရ - ၁၉၈၇ ခုနှစ်
  3. မြစ်တို့၏ မာယာ - ၁၉၉ဝ ပြည့်နှစ်
  4. ကောင်းကင်မပါသော ညနှင့် အခြားဝတ္ထုတိုများ - ၁၉၉၁ ခုနှစ်
  5. ကြေမွသွားသော တိမ်တိုက်များအကြောင်း - ၁၉၉၁ ခုနှစ်
  6. မရှိမဖြစ်မိုး - ၁၉၉၂ ခုနှစ်
  7. နံရံ၏ အခြားတဖက် - ၁၉၉၃ ခုနှစ်
  8. မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက် - ၁၉၉၄ ခုနှစ်
  9. ချစ်ခြင်း၏ အနုပညာနှင့် အခြားဝတ္ထုတိုများ - ၁၉၉၄ ခုနှစ်
  10. ကံကြမ္မာကို မယုံကြည်ကြသူများ - ၁၉၉၅ ခုနှစ်
  11. ပင်လယ်နှင့်တူသော မိန်းမများ - ၁၉၉၆ ခုနှစ်
  12. မြစ်တစင်းကို ဖြတ်ကျော်ခြင်း - ၁၉၉၆ ခုနှစ်
  13. ကြာတော့သည်လည်း မောင့်စကား - ၁၉၉၇ ခုနှစ်
  14. ကျွန်မ၏ သစ်ပင် - ၁၉၉၇ ခုနှစ်
  15. ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့နှင့် အခြားဝတ္ထုတိုများ - ၁၉၉၇ ခုနှစ်
  16. ရေမျှောသီး - ၁၉၉၇ ခုနှစ်
  17. ကျွန်မဖတ်ခဲ့သော စာအုပ်များ - ၁၉၉၈ ခုနှစ်
  18. ဆရာဝန် တယောက်၏ မှတ်စုများ - ၁၉၉၉ ခုနှစ်
  19. ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ - ၂ဝဝဝ ပြည့်နှစ်

 အခြား စာရေး ဆရာများနှင့် ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ

  1. ချစ်တယ် ကြိုက်တယ် ဆိုတာ ဘယ်လိုဟာမျိုး ခေါ်ပါသလဲလို့ မောင်ဘုရားကို ပြောပြစမ်းပါ နှမတော်လေးရယ်နှင့် အခြားဝတ္ထုများ - ၁၉၉၉ ခုနှစ်
  2. စာဆိုနှင့် စာ (ဆောင်းပါးပေါင်းချုပ်) -
  3. ပျောက်ဆုံးနေသော - ၁၉၉၇ ခုနှစ်
  4. မြန်မာဝတ္ထုတို အဖွင့် အပိုင်း (၁) - ၁၉၉၈ ခုနှစ်
  5. ရာစုသစ်သို့ ပျံသန်းခြင်း (ဝတ္ထုတိုစု) -
  6. အရောင်များနှင့် ကစားခြင်း
  7. ဥတ္တရလမင်း ခံစားသူအကြိုက် ဝတ္ထုတိုများ - ၁၉၉၉ ခုနှစ်
  8. ကြည်းတော၌မိုးခေါ်ခြင်း (ဂျူး၊ နေဝင်းမြင့်) 



 ကိုးကား

  1.  ဂျူးနဲ့ ဦးဝင်းငြိမ်း အင်တာဗျူး (ပေဖူးလွှာ မဂ္ဂဇင်း၊ ၁၉၈၉-ခု)
  2.  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုသော `နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း´၊ ပညာရွှေတောင် စာအုပ်တိုက် (၂ဝဝ၃ ခုနှစ်၊ ဧပြီလ၊ ပထမ အကြိမ်)
  3.  ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန် မဂ္ဂဇင်း အမှတ်(၆၂)၂၀၀၀-ပြည့်နှစ်၊ ဇူလိုင်လ

No comments:

Post a Comment