Monday, 30 July 2012

အလျဉ်

သေဆုံးတယ်ဆိုတာမရှိဘူး
သေတယ်၊ မဆုံးဘူး
မဆုံးအောင် သေတယ်
သေပြီးသားလူတွေ ထပ်သေတယ်
သေရမယ့်လူတွေ အသက်ဆက်တယ်
မသေမရှင်တွေက မရှင်မသေ
သေခြင်းနဲ့ရှင်ခြင်းဟာ သိပ်မကွဲပြားတော့ဘူး
ဟိုနားမှာမွေးပြီး သည်နားမှာသေတယ်
စောစောကမွေးပြီး ခုလေးတွင်သေတယ်
မွေးကတည်းက သေပြီးသားလည်းဖြစ်မယ်
အသေ
အရှင်
မသေမရှင်
အဲသည်ကြားမှာ အပျောက်ရှိတယ်
အသေလည်းပျောက်တယ်၊ အရှင်လည်းပျောက်တယ်
မသေမရှင်တွေလည်း ပျောက်တယ်
အရှင်ဖြစ်ဖြစ် အသေဖြစ်ဖြစ် မသေမရှင်ဖြစ်ဖြစ် အပျောက်ဖြစ်ဖြစ်
ဖက်နဲ့ထုပ်ထားရတဲ့ အသက်ဟာ ဘယ်တော့မှ အသေမဖြောင့်ဘူး
အသက်ငင်နေတဲ့စားစရာ၊ သောက်စရာ၊ ၀တ်စရာ၊ နေစရာ
သေငယ်ဇောနဲ့ မြောနေတဲ့သေစရာနဲ့ရှင်စရာ
မသေမချင်းတော့ ရှင်လိမ့်မယ်
ရှင်ပေမယ့်လည်း ဆုံးနေပါပြီ။     ။

                                          မင်းထင်ကိုကိုကြီး

No comments:

Post a Comment