Wednesday, 4 July 2012

အောင်သင်း

အောင်သင်း

အောင်သင်း
စာရေးဆရာ အောင်သင်းသည် တချိန်က 'စာပေ လူကြမ်းမင်းသား' အဖြစ် နာမည်ကြီးခဲ့ပြီး၊ ကျောင်းသား လူငယ်များ တိုးတက် ကြီးပွားရေး အတွက် အမြို့မြို့ အနယ်နယ် လှည့်လည် လှုံ့ဆော် ဟောပြောခဲ့သူ၊ လက်ထောက် ကထိကဟောင်း ဖြစ်သည်။

 ကိုယ်ရေးအကျဉ်း

  • ဆရာဦးအောင်သင်းကို ၁၉၂၇ ခု၊ ဧပြီလ ၁၇ ရက်တွင် တောင်တွင်းကြီးမြို့၌ အဖ သခင်ညီမောင်၊ အမိ ဒေါ်ရွှေကြင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ၃ ဦး ရှိပြီး၊ အကြီးဆုံး ဖြစ်သည်။ အမည်ရင်းမှာလည်း အောင်သင်းပင် ဖြစ်သည်။ တောင်တွင်းကြီးမြို့ တောင်ပြင်ရပ် ဦးသာဒွန်းဇံ မူလတန်းကျောင်းတွင် စတုတ္ထတန်းအထိပညာသင်ကြားခဲ့သည်။ စတုတ္ထတန်း အောင်ပြီးနောက် မိုးထိ အလယ်တန်းကျောင်းတွင် ဆက်လက်ပညာသင်ကြားခဲ့သည်။ ဆဋ္ဌမတန်း ကျောင်းသားဘဝတွင် ၁၉၃၈ ခု၊ ကျောင်းသား သပိတ်နှင့် ကြုံရပြီး၊ ထိုနှစ်မှာပင် မိခင်ဖြစ်သူ ကွယ်လွန်ခဲ့သည်။
  • သတ္တမတန်းတွင် စာမေးပွဲပြီးနောက် ကျောင်းထွက်ခဲ့သည်။ ထို့နောက် ဖခင်ဖြစ်သူ နောက်အိမ်ထောင်ပြုသည်။ ၁၉၄၁ ခုတွင် ရှင်သာမဏေဝတ်ပြီး၊ သမဏေဘဝဖြင့် ပညာသင်နေစဉ် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ သာမဏေဘဝမှ
ထွက်လိုက်ရသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇ တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ထိုမှတဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက်သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူး အဆင့်ထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။
  • ၁၉၄၉ ခုနှစ်၊ ပြည်တွင်း စစ်မီးကြီး တောက်လောင်လာသည့်အခါ ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းခံရပြီး မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် အကျဉ်းကျခံခဲ့ရသည်။ ၁၉၄၉ ခု၊ နိုင်ဝင်ဘာလတွင် သရက်ထောင်ကို ဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
  • ၁၉၅၂ တွင် တောင်တွင်းကြီးသို့ ပြန်လာခဲ့ပြီး၊ တက္ကသိုလ်ဝင်တန်း (၁၀ တန်း) စာမေးပွဲ ဝင်ရောက်ဖြေဆိုရာ ၁၉၅၃ ခုတွင် စာမေးပွဲ အောင်သည်။ ထိုနှစ် အောက်တိုဘာလတွင် မိုးထိ အထက်တန်းကျောင်း၌ အလယ်တန်းပြဆရာအဖြစ် ဝင်ရောက် အမှုထမ်းခဲ့သည်။ ၁၉၅၆ တွင် အလုပ်မှထွက်၍ မကွေးကောလိပ် ဥပစာ ဝိဇ္ဇာတန်းသို့ တက်ရောက် ပညာဆည်းပူးပြန်သည်။ ၁၉၆၀ ခုတွင် ဝိဇ္ဇာတန်းကို မြန်မာ ဘာသာစကားနှင့် အနုစာပေ၊ အင်္ဂလိပ် ဘာသာစကားနှင့် အနုစာပေ၊ ဒဿနိကဗေဒ ဘာသာတွဲဖြင့် အောင်မြင်ခဲ့သည်။
  • ၁၉၆၁ ခုတွင် ဘီးအီးဒီ (B.Ed.) ဆက်တက်နေစဉ်၊ မြန်မာစာဌာန ပါမောက္ခ ဦးဝန် (ဆရာကြီး မင်းသုဝဏ်) ၏ လက်ထက်၌ မဟာဝိဇ္ဇာ အရည်အချင်းစစ် စာမေးပွဲဖြေခွင့် ပေါ်လာခဲ့သဖြင့် သင်တန်းတက်ရောက်ခွင့်ကိုဖြေဆိုရာ
အောင်မြင်ခဲ့သည်။ ၁၉၆၂ တွင် ရန်ကုန်တက္ကသိုလ်၌ နည်းပြဆရာဖြစ်လာပြီး၊ ၁၉၆၃ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ခဲ့သည်။
  • ၁၉၆၅ ခုနှစ်၊ မေလတွင် မေမြို့ (ယခု ပြင်ဦးလွင်) စစ်တက္ကသိုလ် မြန်မာစာဌာနသို့ လက်ထောက်ကထိက ရာထူးဖြင့် ပြောင်းရွှေ့ အမှုထမ်းခဲ့သည်။ ၁၉၇၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ရန်ကုန်တက္ကသိုလ်သို့ ပြန်ပြောင်းရပြီး မဟာဝိဇ္ဇာတန်းကို ဆက်တက်ပြီး ပညာဆည်းပူးပြန်သည်။ ၁၉၇၄ တွင် 'ဝတ္ထုတို လေ့လာချက် စာတမ်း' ပြုစုတင်ပြပြီး မဟာဝိဇ္ဇာတန်းကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
  • ၁၉၅၉ ခုနှစ်၊ မေလထုတ် မြဝတီ မဂ္ဂဇင်းတွင် ဖော်ပြခံရသော သရက်ထောင် ဖောက်ခဲ့စဉ်က ဆောင်းပါးသည် ဆရာ အောင်သင်း၏ ပထမဆုံးလက်ရာ ဖြစ်သည်။ ထိုဆောင်းပါးကို ဦးစွာပထမ ရှုမဝမဂ္ဂဇင်းသို့ ပေးပို့ခဲ့ရာ၊ အယ်ဒီတာအဖွဲ့က ပြည်တွင်းစစ်နှင့် ပတ်သက်သော အကြောင်းအရာများကို မထည့်ရန် ဆုံးဖြတ်ထားသောကြောင့် ပြန်ပို့ပေးခြင်းခံရသည်။ ထို့နောက်မှ မြဝတီသို့ ပို့ခဲ့ရာ မြဝတီ မဂ္ဂဇင်း၌ ထည့်သွင်း ဖော်ပြခံရသည်။
  • ၁၉၆၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ထုတ်ဝေသည့် ပုသိမ်မဂ္ဂဇင်းတွင် ဆောင်းပါး ၂ ပုဒ် 'လူသေ လူမဖြစ်မီက သျှင်ဥက္ကဋ္ဌ' ဟူသော ဆောင်းပါး၊ အခြား ဆောင်းပါး တပုဒ် နှင့် အင်္ဂလိပ်ကဗျာ ဘာသာပြန်တပုဒ် ရေးသား ပေးပို့ခဲ့ရာ၊ လူတဦးတည်း၏ စာမူ ၃ ပုဒ် ဖော်ပြရန်မသင့်ဟု ဆုံးဖြတ်သောကြောင့် Henery Davibes ၏ The Welcome ကဗျာတွင် 'မောင်သံနိုင်' ဟူသော အမည်နှင့် ဖော်ပြခဲ့သည်။
  • ၁၉၆၂ ခုတွင် 'စာဆိုတော်' ဟူသော ပြားငါးဆယ်တန် မဂ္ဂဇင်းကလေး ထွက်လာခဲ့ဖူးသည်။ ထိုမဂ္ဂဇင်း၏ စာပေ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ (တာဝန်ခံ အယ်ဒီတာမှာ တပ်မတော် မင်းရဲထွန်း ဖြစ်သည်)။ ထိုစာစောင်တွင်လည်း လစဉ် သုံးလေးပုဒ် ရေးရသောကြောင် 'မောင်သံနိုင်' ကလောင်အမည်ကို တခါထပ်ပြီး သုံးလိုက်ရသေးသည်။ သို့သော် နောက်ပိုင်းတွင် အောင်သင်းမှတပါး အခြားမည်သည့် ကလောင်အမည်ကိုမျှ အသုံးမပြုတော့ဘဲ၊ နာမည်ရင်း အတိုင်းသာ ရေးခဲ့သည်။
  • ၁၉၆၃ ခုတွင် ကံ့ကော်မြိုင်စာတန်းများ စာစု၌ စာတမ်း ၃ ပုဒ် ရေးခဲ့ရာ ၂ ပုဒ်ကို ထိုစဉ်က အထက်တန်း၊ အလယ်တန်း မြန်မာစကားပြေ လက်ရွေးစင်တို့တွင် ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်းခဲ့သည်။ ၁၉၆၆ ခုနှစ်ဝန်းကျင်တွင် 'စိတ်ပင်လယ် စာတမ်းများ' အတွက် စာတမ်းငယ် ၂ ပုဒ် ရေးပေးခဲ့သည်။ ၁၉၇၁ ခုတွင် ရှုမဝ၌ 'မြန်မာဘာသာစကားနှင့် ကာရန်မဲ့ ကဗျာ' ဟူသော စာပေဝေဖန်ရေးဆောင်းပါးကို ရေးခဲ့သည်။ ထိုအချိန်မှစ၍ စာပေ သဘောတရား၊ စာပေ ဝေဖန်ရေးများကို ဆက်တိုက် ရေးခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် 'စာပေရေးရာ ဆောင်းပါးများ' အမည်ရှိ စာပေဆောင်းပါး စာစုကို ပုံနှိပ်ထုတ်ဝေခဲ့သည်။
  • ၁၉၈၃ ခုနှစ် နိုဝင်ဘာလတွင် သဘင်မဂ္ဂဇင်း အမှတ် (၁) ကို စတင်ထုတ်ဝေခဲ့ရာ ထိုမဂ္ဂဇင်း အမှတ် (၁) မှစ၍ (၂၅) လ တိုင်တိုင် 'အကြိုက်ဆုံး ဝတ္ထုတို' ကဏ္ဍကို လစဉ် ရေးသားခဲ့သည်။ ၁၉၇၈ ခု၊ ဧပြီလတွင် နိုင်ငံရေး လှုပ်ရှားမှု၌ ပါဝင် ပတ်သက်သည်ဟု မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက ယူဆသောကြောင့် အလုပ်မှထုတ်ပယ်ခြင်း ခံရသည်။ ထိုအချိန်မှ စ၍ အလွတ် ကျူရှင်များတွင် မြန်မာစာပေသင်ကြားပေးခြင်း၊ စာပေရေးသားခြင်းတို့နှင့်သာ အသက်မွေးဝမ်းကျောင်းပြုခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။
  • အမှတ် ၄၆၊ ဓမ္မိကဝတီလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့တွင် ယခုလက်ရှိနေထိုင်လျက် ရှိသည်။

 ရေးသား ပြုစုခဲ့သော စာအုပ်များ

၁။ ကလေးလူငယ် စာပေ (ပထမအတွဲ) ၁၉၇၄
၂။ စာစီ စာကုံးများနှင့် တွေးနည်း ရေးနည်း ၁၉၈၇
၃။ စာပေရေးရာ ဆောင်းပါးများ ၁၉၈၇
၎။ ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေ ၁၉၉၄
၅။ ဝတ္ထုရေးရာ ဆောင်းပါးများ ၁၉၉၄
၆။ အမွေ ၁၉၉၅
၇။ ကလေးများအတွက် ကိုယ်တွေ့စာစီစာကုံး ၁၉၉၇
၈။ တစ်ခါတန်းက တပည့်တွေ ၁၉၉၇
၉။ အင်တာဗျူး (ဦးအေးမောင်၊ ရွှေဇင်ထိုက်၊ ကြည်မင်း) ၁၉၉၇
၁၀။ အောင်သင်း၏ အတွေးစကားများ ၁၉၉၇
၁၁။ ကိုယ်ကျင့်နှင့် ပညာ ၁၉၉၈
၁၂။ အကြိုက်ဆုံး ဝတ္ထုတိုများနှင့် သုံးသပ်ချက်များ ၁၉၉၉
၁၃။ ယနေ့ လူငယ်နှင့် ရသစာပေ ၁၉၉၉
၁၄။ ကန့်ကူလက်လှည့်နှင့် အခြားဆောင်းပါးများ ၁၉၉၉
၁၅။ နှစ်ကိုယ်သိ ၂၀၀၀
၁၆။ ပေးသူနှင့် ယူသူ ၂၀၀၁
၁၇။ မင်္ဂလာသြဝါဒ စကား ၂၀၀၁
၁၈။ သူ့အတွေး ကိုယ့်အမြင် ၂၀၀၂
၁၉။ မျိုးဆက်သစ်အတွက် ဂန္တဝင်မိတ်ဆက် ၂၀၀၂
၂၀။ မျိုးဆက်သစ်အတွက် ပိဋကတ် မိတ်ဆက် ၂၀၀၂
၂၁။ ရှင်ဘုရင်ပါပဲနှင့် ရွှေပြည်တန်သော ဆောင်းပါးများ ၂၀၀၂
၂၂။ ရွှင်ရွှင်ပြုံးပြုံး စာစီစာကုံး ၂၀၀၂
၂၃။ စဉ်းစားစရာလေးတွေ ၂၀၀၂
၂၄။ ဖတ်ကြည့်စမ်းပါ စွန့်စွန့်စားစား ၂၀၀၂
၂၅။ ကမ္ဘာ့ပြဿနာ ရှင်းတဲ့နေ့နှင့် ရသစာတမ်း ၂၀၀၂
၂၆။ လှလိုက်တာနော်နှင့် ရသ စာတမ်းငယ်များ ၂၀၀၂
၂၇။ သံလွင်ရွက် သရဖူ ၂၀၀၂
၂၈။ အတွေ့အကြုံနှင့် အတွေ့အကြုံ ၂၀၀၄
၂၉။ အနာဂတ်ကို မကြောက်နှင့် ၂၀၀၄
၃၀။ တိုလီမိုလီစာပေ ၂၀၀၄
၃၁။ သူတို့အလွမ်း ကျွန်တော်တို့အလှ ၂၀၀၄
၃၂။ ကန့်ကူလက်လှည့် ၂၀၀၄
၃၃။ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ၂၀၀၄
၃၄။ ခေတ်သစ်ကမ္ဘာ အတွက် ပညာရေးနှင့် စာရိတ္တ ပျိုးထောင်မှု (ဘာသာပြန်) ၂၀၀၄
၃၅။ သေကိန်းဆိုက်တဲ့သူနှင့် အခြား ဝတ္ထုတိုများ ၂၀၀၄
၃၆။ တကိုယ်ရည်မှ နှစ်ကိုယ်တူ ဘဝသို့ ၂၀၀၅
၃၇။ မင်္ဂလာနံနက်ခင်း သြဝါဒ ၂၀၀၅
၃၈။ စကားတော်နှင့် အခြား ဆောင်းပါးများ (ဘာသာပြန်) ၂၀၀၅
၃၉။ နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ ၂၀၀၆
၄၀။ ကိုယ်တွေ့ စာစီစာကုံး ၂၀၀၆
၄၁။ လက်ခံလိုက်စမ်းပါ တကယ့် အနုပညာ ၂၀၀၆
၄၂။ ကျွန်တော် ကျောင်းဆရာ ၂၀၀၇

 ထင်ရှားသော စာအုပ်အချို့

  1. စာပေရေးရာဆောင်းပါးများ
  2. ၀တ္ထုရေးရာဆောင်းပါးများ
  3. အကြိုက်ဆုံးဝတ္ထုတိုများနှင့် သုံးသပ်ချက်များ(ပ၊ဒု)
  4. မျိုးဆက်သစ်တိုးတက်ရစ်ဖို့
  5. အမွေ
  6. ကန့်ကူလက်လှည့်
  7. ကိုယ်ကျင့်နဲ့ပညာ
  8. နှစ်ကိုယ်သိ(နိုင်ငံတကာဝတ္ထုတိုများဘာသာပြန်)
  9. အာဖရိကမုဆိုး(ဘာသာပြန်)
  10. လှလိုက်တာနော်နှင့်ရသစာတမ်းငယ်များ
  11. ကမ္ဘာပြဿနာရှင်းတဲ့နေ့နှင့် ရသစာတမ်းငယ်များ
  12. မျိုးဆက်သစ်တွက် ပိဋကတ်မိတ်ဆက်
  13. မျိုးဆက်သစ်တွက် ဂန္တ၀င်မိတ်ဆက်။
  14. စဉ်းစားစရာလေးတွေ
  15. တစ်ခါတုန်းက တပည့်တွေ
  16. သေကိန်းဆိုက်တဲ့ ည နှင့် အခြားဝတ္တုတိုများ
  17. အနာဂတ်ကို မကြောက်နဲ့
  18. စာပေလူကြမ်းမင်းသားအောင်သင်း
  19. သူတို့ နှင့်ကျွန်တော်
  20. ရွှင်ရွှင်ပြုံးပြုံးစာစီစာကုံး
  21. ကိုယ်တွေ့ စာစီစာကုံး
  22. အရိုင်းစံပါယ်
  23. ကျွန်တော့်ကွန်ပျူတာ
  24. မောင်ထင်ရဲ့ ပုဂ္ဂလအဘိဓာန်


 ကိုးကား

၁။ ကန့်ကူ လက်လှည့်၊ အောင်သင်း၊ Future Publishing House၊ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယအကြိမ်။
၂။ နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ပဉ္စမတွဲ)၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ စာတည်းအဖွဲ့က စုဆောင်း ပြုစုသည်၊ ရွှေဟင်္သာ စာအုပ်တိုက်၊ ၂၀၀၈ စက်တင်ဘာ၊ ပထမအကြိမ်။

No comments:

Post a Comment