Wednesday, 4 July 2012

ပခုက္ကူ ဦးအုန်းဖေ (၁၉၁၇)

၁။ အမည်ရင်း - ဦးအုန်းဖေ
၂။ မိဘအမည် - ဦးဖိုးယူ + ဒေါ်ကြက်ရုံး
၃။ မွေးသက္ကရာဇ် - ၂၀၊ ၅၊ ၁၉၁၇
၎။ မွေးဖွားရာဒေသ - ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေးရွာ အုပ်စု၊ ထနောင်း၊ ကုန်းရှားတောရွ
ကိုယ်ရေးဖြစ်စဉ်
ဦးအုန်းဖေသည် အဖ ဦးဖိုးယူ၊ အမိ ဒေါ်ကြက်ရုံးတို့၏ သားသမီး ငါးဦး အနက် အကြီးဆုံးသား ဖြစ်ပြီး ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေးရွာ အုပ်စု၊ ထနောင်းကုန်းရှားတောရွာ၌ မြန်မာသက္ကရာဇ် ၁၂၇၉ ခုနှစ်၊ (ခရစ်နှစ် ၁၉၁၇) တွင် ဖွားမြင်သည်။ မိဘများမှာ ဆင်းရဲလှသဖြင့် ၁၀ နှစ်သား အထိ ပညာ မသင်ကြားခဲ့ရပေ။ အသက် ၁၀ နှစ်ကျော်မှ ပခုက္ကူမြို့နယ်၊ စို့ကွင်းကျေးရွာ မြောက်ကျောင်း ဆရာတော် ဦးဇဝနထံတွင် မိဘများက အပ်နှံပေး သဖြင့် ၁၅ နှစ်သား အထိ စာပေပညာ သင်ကြားခဲ့ရသည်။ ထို့နောက် ဆရာတော် ဦးဇဝန၏ စီစဉ်ပေးချက် အရ ရေစကြိုမြို့ ကုန်သည်ကြီး တဦး အိမ်တွင် ထမင်းကျွေး အလုပ်သမား အဖြစ် နှစ်နှစ်ကျော် ပင်ပန်း ဆင်းရဲစွာ လုပ်ကိုင် နေထိုင်ခဲ့ရသည်။ ရေစကြိုမြို့မှ ထွက်ခွာလာပြီး ရန်ကုန်မြို့၊ ဂွတ္တလစ်လမ်း၊ မြင်းထိန်းခြံတွင် မြင်းများကို အစာကျွေးခြင်း၊ ထိန်းကျောင်း ပြုစုခြင်း စသော အလုပ်ကြမ်းများကို ထမ်းကျွေး လခမဲ့ဖြင့် လုပ်ကိုင် ခဲ့ရပြန်သည်။

ယင်းအလုပ်က အဆင်မပြေပြန်သဖြင့် ရန်ကုန်မြို့ သိမ်ကြီးဈေး တဝိုက်တွင် လှည့်လည်၍ ကွမ်းယာ ရောင်းခြင်းဖြင့် ဘဝကို ရုန်းကန် လှုပ်ရှား ခဲ့ရပြန်သည်။ ထို့နောက် အသက် ၂၀ ကျော်တွင် ဇာတိရွာသို့ ပြန်ပြီး တောင်သူလုပ်ခြင်း၊ ဘုံဘေဘားမား သစ်ဖောင်တွင် သုံးနှစ်ခန့် ဖောင်လုပ်သား ဘဝဖြင့် သက်စွန့် ကြိုးပမ်း လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ဦးအုံးဖေသည် ပခုက္ကူမြို့နယ်၊ တင်းဂါတ် ကျေးရွာအုပ်စု၊ သူကြီး အဖြစ် ရွေးချယ် တင်မြောက်ခြင်း ခံရသည်။ ယင်းနောက် အလံနီ ကွန်မြူနစ်များ၏ ရန်ငြိုး ဖွဲ့ခြင်းကို ခံရသည့် အတွက် ၁၉၄၉ ခုနှစ်တွင် ပခုက္ကူမြို့သို့ ပြောင်းရွှေ့ နေထိုင်သည်။ ထို့နောက် ဈေးကောက်၊ ပွဲစား၊ ဆေးရွက်ကြီး ကုန်သည် စသဖြင့် လုပ်ငန်းများ ပြောင်းလဲ လုပ်ကိုင်ခဲ့ရာ ၁၉၅၆ ခုနှစ်တွင် ပခုက္ကူမြို့၌ 'သိန်းတရာ ဆေးပေါင်းရုံ' အမည်ဖြင့် ဗာဂျီးနီးယား ဆေးပေါင်း လုပ်ငန်းကြီးကို တည်ထောင် လုပ်ကိုင်နိုင်ခဲ့သည်။ ဆေးရွက်ကြီး၊ ဆေးမျိုးပင်များ ရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။

ဦးအုံးဖေသည် စာပေ ဝါသနာ ပါသဖြင့် ငယ်စဉ်မှ စ၍ ယနေ့ အထိ ရရာ စာအုပ်ကို ရသည့် အချိန်တွင် ဖတ်ရှု လေ့လာ လိုက်စားခဲ့သည်။ သူသည် အလုပ်လုပ်ရာတွင် အလွန်ကြိုးစား၍ အပင်ပန်းခံ လုပ်ကိုင် ဆောင်ရွက်သလို ငွေကြေး ကိစ္စတွင်လည်း စနစ်ဇယား ကျနသူ ဖြစ်သည်။ ၁၉၄၈ ခုနှစ်မှ စ၍ ယနေ့ အထိ နေ့စဉ် မပျက်မကွက် မှတ်တမ်း ရေးမှတ်သည်။ ဝင်ငွေ ထွက်ငွေ စာရင်းတွင်လည်း တမူး တပဲ မကျန်ရအောင် ထည့်သွင်းသည်။ အဝတ်အစား အနေအထိုင် အလွန် ချွေတာသည်။ ကိုယ်ပိုင်ကား မစီးဘဲ စက်ဘီးဖြင့်သာ သွားလာသည်။ ဆေးပျိုးခင်းများသို့ နေ့စဉ် လမ်းလျှောက်၍ သွားသည်။ နေပူမရှောင်၊ မိုးရွာမရှောင် ဆေးပျိုးခင်းထဲတွင် လုပ်သည်။ ဦးအုံးဖေသည် သမာအာဇီဝ စီးပွားရေး လုပ်ငန်းများကိုသာ လုပ်ကိုင်သည်။ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ကြိုးစား၍ စီးပွားရှာသည်။ ဖြစ်ထွန်းလာသော အကျိုးစီးပွားကိုလည်း စနစ်တကျ အကျိုးရှိစွာ သုံးစွဲသည်။

မြန်မာစာပေ ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည် ရည်သန်၍ သူ၏ ကိုယ်ပိုင်ငွေမှ ငွေသား ၇၆ သိန်းနဲ့ ၁၂၇၉ ကျပ်ကို နိုင်ငံတော်သို့ လွှဲအပ်ခြင်းဖြင့် 'ပခုက္ကူ ဦးအုံးဖေ စာပေဆု' ဟု အမည်တွင်သော စာပေ ရန်ပုံငွေ တရပ်ကို တည်ထောင် ပေးခဲ့သည်။ ဦးအုံးဖေသည် အခြား လူမှုရေး ကိစ္စ အဝဝတွင် ရက်ရောစွာ လှူဒါန်းခဲ့သည်။

ဦးအုန်းဖေ လှူဒါန်းသည့် စာပေ ရန်ပုံငွေ ပမာဏသည် နိုင်ငံတော်တွင် မကြုံဖူး စံပြုလောက်ပြီး စာပေကဏ္ဍ အတွက် တန်ဖိုး မဖြတ်နိုင်သော အကျိုး သက်ရောက်မှုများ ရရှိစေမည် ဖြစ်သည်။ ပခုက္ကူ ဦးအုံးဖေ စာပေဆုသည် မြန်မာ စာပေကို မြင့်မား တိုးတက်ရေးနှင့် ကယ်ဝ ဖွံ့ဖြိုးရေး၌ ထိရောက်သော အထောက်အကူ တရပ် ဖြစ်ပေသည်။

ဦးအုံးဖေသည် စာပေ ဖွံ့ဖြိုး တိုးတက်ရေးကို စိတ်အား ထက်သန်သည်နှင့် အမျှ ကိုယ်တိုင်လည်း ရေးသားလျက် ရှိသည်။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဆောင်းပါးများ၊ ကိုယ်တွေ့ ဆောင်းပါးများမှာ မိမိဘဝ အတွေ့အကြုံကို မ့ခင်းမချန် ရေးသား ဖော်ပြထားပြီး စာဖတ်သူတိုင်းကို အထူး ဆွဲဆောင်နိုင်သည်ကို တွေ့ရသည်။

၁၉၉၃ ခုနှစ်တွင် လူမှုထူးချွန်ဆု ပထမ အဆင့် ရရှိခဲ့ပြီး၊ ၁၉၉၆ ခုနှစ် မေလ ၂၉ ရက်မှ ဇွန်လ ၁၂ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သော မြန်မာ စာရေးဆရာ ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် လိုက်ပါ သွားရောက်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် 'တွေ့ရကြုံရ ကျွန်တော့်ဘဝ' ကို ရေးသား ထုတ်ဝေပြီး ဒုတိယတွဲလည်း ဆက်လက် ထုတ်ဝေခဲ့သည်။ လက်ရှိ ပခုက္ကူမြို့ ဗိုလ်ချုပ်လမ်း၌ နေထိုင်လျက် ရှိသည်။


 ရေးသား ထုတ်ဝေ ခဲ့ပြီးသော စာအုပ်များ

၁။ ဆောင်းပါး ပေါင်းချုပ် (၁) ၁၉၉၇
၂။ တွေ့ရကြုံရ ကျွန်တော့်ဘဝ (ပထမတွဲ) ၂၀၀၀
၃။ တွေ့ရကြုံရ ကျွန်တော့်ဘဝ (ဒုတိယတွဲ) ၂၀၀၂
၎။ ငယ်ကချစ် အနှစ်တရာ မမေ့ပါနှင့် ကိုယ်တွေ့ ဆောင်းပါးများ (ပထမအကြိမ်) ၂၀၀၄
၅။ တွေ့ရကြုံရ ကျွန်တော့်ဘဝ (တတိယတွဲ) ၂၀၀၅


 ကိုးကား

  1.  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၆ နိုဝင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)'

No comments:

Post a Comment