Wednesday, 13 June 2012

''လမ်းအခွဲမှာ ၀ဲခဲ့ရတဲ့ ရွှေမျက်ရည်''

“သားရေ။ ခရီးရောက် မဆိုက် ပြောရဦးမယ်။ ဆရာမလေး ပြောင်းရတော့ မယ်တဲ့” ကိုင်းထွန်ရာက ပြန်လာ လို့ နွားနှစ်ကောင်ကို ခြံထဲ သွင်းရုံရှိသေး၊ အမေက ဆီးပြောလိုက်တော့ ရင်ထဲ ဒိုင်းခနဲ ဆောင့်ခုန်သွားတယ်။
ဘယ်ဘက် ရင်တစ်ခြမ်းရဲ့ စူးနစ်မှုဟာ ခေါင်းဖြတ် ခံလိုက်ရတဲ့ မြွေတစ်ကောင်လိုပဲ။ ခြံဝမှာ ပူလောင်မှုတွေနဲ့ တွန့်ကောက်လို့။

“ဘယ်တော့လဲ အမေ”လို့ ပြန်မေးလိုက်တဲ့ ကျွန်တော့် အသံဟာ မိုင်ရာချီ ပြေးခဲ့ရသူ တစ်ယောက်ရဲ့ ခက်ခက်ခဲခဲ ဆွဲထုတ် လိုက်ရတဲ့ လှိုင်းခတ်သံမျိုးပါ။ ကျွန်တော့် အမေးကို အမေ ဖြေသလား။ မဖြေလား မသိဘူး။ သိလိုက်တာကတော့ ဆရာမ အိမ်ဘက်လှမ်း နေတယ်ဆိုတာပဲ။ ဆရာမ အိမ်က ကျွန်တော်တို့ အိမ်နဲ့ သိပ်တော့ မဝေးပါဘူး။ နှစ်အိမ်ပဲ ခြားပါတယ်။ လှမ်းကြည့် ရင်တောင် မြင်ရတဲ့ အကွာအဝေးမျိုးပါ။ ခြံတံခါး ရှေ့ရောက်တော့ အသံထွက်ဖို့ ကြိုးစား တယ်။ မရဘူး။ ရင်ကဆို့ နေတယ်။ ဒါကြောင့် တောင့်တောင့်ကြီး ရပ်နေဖြစ်တုန်း သူ မြင်သွားတယ်။

“ဟော ကိုခိုင်။ လာ လေ။ ရပ်ပြီး ဘာလုပ်နေတာ လဲ”

ညစဉ် စိတ်ကူးထဲ ထွေးခဲ့ရတဲ့ အပြုံးလေးနဲ့ လှမ်းခေါ် တယ်။
တောအပြန် အ၀တ် အစားတွေနဲ့ ဆိုတော့ သူ့ ရှေ့ သွားရမှာ စိုးရွံ့နေလို့ ချက် ချင်း မသွားဖြစ်ဘူး။
ဆည်းလည်းလေးရဲ့ ဒုတိယ အကြိမ် လှုပ်ခတ် တော့မှသာ ခြေလှမ်းကို စရွှေ့ ဖြစ်တယ်။
“ဆရာမ ပြောင်းရတော့ မယ်ဆို”

“အင်း”
“ဘယ်တော့လဲ”
“သန်ဘက်ခါ”

ပြန်ဆင်းလိုက်တဲ့ ခြေလှမ်းက သိပ်မြန်လွန်းလို့ ရုတ်တရက် ဆရာမတောင် ကြောင်သွားပုံရတယ်။ ဘာ စကားမှ မပြောလိုက်နိုင်ဘူး။ ခပ်လှမ်းလှမ်းရောက်မှ ကိုခိုင် ဆိုတဲ့ အသံကို ကြားလိုက် ရတယ်။ ဒါပေမဲ့ ခြေလှမ်း တွေက ရပ်လို့မှ မရတော့တာ ပဲလေ။

တန်ဆောင်မုန်း လဆန်း မို့ လက ထင်းခနဲသာနေတယ်။ ကြယ်တွေကလည်း စုံလို့။ ကြည်စင်နေတဲ့ ညရဲ့ အလှဟာ အရင်လိုသာဆို သိပ်ကြည်နူးစရာ ကောင်း မှာပေါ့။ အခုတော့ ခံစားမှု တွေ တနင့်တပိုး ပိုက်ထွေး ထားရတာမို့ ညရဲ့အလှက လည်း ရုပ်ဆိုးလွန်းနေတယ်။

ဆရာမ ပြောင်းရတော့ မယ်တဲ့။ ဘယ်ဘက်ရင်အုံရဲ့ တခစ်ခစ် ကိုက်ခဲမှုမှာ ဝေဒနာရဲ့အတိမ်အနက်ကို နားလည်လိုက်မိတယ်။ ရင်ထဲကို တစိမ့်စိမ့် စီးဝင်လာတဲ့ သံယောဇဉ်တွေ ကို ဥပေက္ခာပြုရင်း ပိုင်ဆိုင် ခဲ့ရတဲ့ ခင်မင်မှုလေးကို ပြတ် တောက်သွားမှာစိုးလို့ တစ်ဖက်သတ် ဘ၀နဲ့ မပွင့်လင်းခဲ့ တာ ပြန်တွေးကြည့်တော့ ၃ နှစ်။ ဟုတ်တယ်။ ကျွန်တော် တို့ရွာလေးကို ဆရာမ ရောက်လာခဲ့တာ ၃ နှစ်တောင် ကျော် ခဲ့ပြီပဲ။ စိတ်ထဲမှာတော့ မနေ့ ကလို။

အဲဒီနေ့က အဘမြိုင် ခိုင်းလို့ မြို့သွားပြီး ဆရာမ ကြိုဖို့ တာဝန်ယူခဲ့တာဟာ ဝေဒနာရဲ့အစဆိုပါတော့။
ကိုယ့်တုန်းက မရခဲ့တဲ့ ပညာရေး အခွင့်အလမ်းတွေကို ကျေးရွာရဲ့အနာဂတ် ပန်း လေးတွေ ရစေချင်တဲ့ ဆန္ဒနဲ့ ကိုယ်စွမ်းသလောက် ကူညီ ပေးခဲ့တာကိုတော့ အားလုံးက သိကြတယ်။ ဒါကြောင့် လည်း ၁၂ မိုင်ဝေးတဲ့ မြို့ အထိ သွားကြိုဖို့ တာဝန်ကို စိတ်ချ ယုံကြည်စွာနဲ့ ပေးအပ် ခဲ့ကြတာပေါ့။

မှတ်မိသေးတယ်။ ကျွန်တော် မြို့ရောက်တော့ လိုင်းကား မရောက်သေးတာ နဲ့ လှည်းဘီးမှာ နွားတွေချည်ပြီး စောင့်နေရတယ်။ ရောက်လာမယ့် ဆရာမ ပုံကို စိတ်ကူး နဲ့မှန်းဆရင်း စိတ်လှုပ်ရှားနေတုန်း လိုင်းကားဝင်လာတယ်။

ထုံးစံအတိုင်း တောမြို့ လေးရဲ့လိုင်းကားဝင်ချိန်ဆို တော့ တဒင်္ဂမှာ လှုပ်လှုပ် ရှားရှားပေါ့။ အော်ဟစ်ပြော ဆိုကြတဲ့သူတွေ၊ ကုန်စည်ချ တဲ့ သူတွေနဲ့ လောလော လော လောလေးဖြစ်နေကြတယ်။ အဲဒီလိုလူတွေကြားထဲမှာ ဣနြေ္ဒ ရရနဲ့ဆင်းလာတဲ့ ကျွန်တော့် အရွယ် ကောင်မလေးကို သတိထားမိလိုက်တယ်။ သူကလည်း ဟို ကြည့် ဒီကြည့်နဲ့။ တစ်စုံတစ်ရာကို ရှာနေတယ်။

ကျွန်တော် အရဲစွန့်သွား မေးတော့ ကျွန်တော်တို့ ရွာကို တာဝန်ကျတဲ့ ဆရာမလေး ဆိုတာ သေချာသွားတယ်။ ဒါကြောင့် သူ့ပစ္စည်းတွေ လှည်း ပေါ်တင်လိုက်တယ်။

ရုံးက သူ့ကိစ္စတွေ ပြီးတာနဲ့ လှည်းစ ထွက်ခဲ့တာပဲ။
ရွယ်တူ မိန်းကလေး တစ်ယောက်ကို လှည်းပေါ် တင်ပြီး နှစ်ယောက်တည်း မောင်းခဲ့ရတဲ့ ဒီခရီးဟာ ဘ၀ရဲ့ပထမဆုံးသော ခရီးဆို တော့ ရင်တွေခုန်ပြီး စကား တောင် မပြောနိုင်ခဲ့ဘူး။

ဒါပေမဲ့ ၀န်းကျင်အသစ် ဒေသသစ်ကို ရောက်လာခဲ့ တဲ့ ဆရာမကတော့ စကား တွေ ပြောနိုင်လွန်းတယ်။ “ရွာက ဘယ်လောက်ဝေးသ လဲ၊ ရေပေါရဲ့လား၊ အိမ်ခြေ ဘယ်လောက်ရှိလဲ” စတဲ့ မေး ခွန်းပေါင်း မြောက်မြားစွာကို တရစပ် မေးခဲ့တယ်။ မရောက်ဖူးတဲ့ အရပ်ဆိုတော့ ရင်ထဲက လှုပ်ရှားမှုကို အတိုင်းသား မြင်ရပြီး ကိုယ်ချင်းလည်း စာမိပါတယ်။

တောင်ကမူတွေတက် ရ၊ လျှိုလေးတွေ ဖြတ်ရတော့ “ရွာက တော်တော် ဝေးတာပဲ၊ မိုးရာသီဆို အသွားအလာ ခက်မယ်” ဆိုတဲ့ ဆရာမရဲ့ မှတ်ချက်တွေကို တစ်စ တစ်စ ဖြေရင်း ဖြေရင်းနဲ့ပဲ ကျွန်တော်တို့ ရင်းနှီး သွားခဲ့ ကြတယ်။

ရွာဝင်တော့ တစ်ရွာလုံး အပြုံးကိုယ်စီနဲ့ ဆီးကြိုကြလို့ “အမောတော့ ပြေပါတယ်” တဲ့။ ကျွန်တော့် အနားကပ်ပြီး မှတ်ချက်တွေ ပေးနေသေးတယ်။

အဲဒီနောက်မှာတော့ ကျွန်တော်တို့ အိမ်ရဲ့နှစ်အိမ် အကျော်မှာ ရွာအစီအစဉ်နဲ့ ထားပေးခဲ့တယ်။ ပထမဆုံး သိကျွမ်းခဲ့ ရတဲ့ မိတ်ဆွေ အဖြစ်နဲ့ရော၊ တစ်ရွာလုံး အားထားရတဲ့ မိဘ နှစ်ပါးရဲ့ကုန်စုံ ဆိုင်လေးကြောင့်ပါ မကြာခဏ သူရောက် လာတတ်တယ်။ အဲဒီ အခါတိုင်း ရင်ထဲမှာ ပျော် လို့။ အဖေနဲ့ အမေဆိုတာက လည်း ဆရာမလေးများ အိမ်ရောက်လာရင် ဖွယ်ဖွယ်ရာ ရာလေးတွေကို ရှာကြံကျွေး တတ်ကြတယ်။ တစ်ခါတစ်ရံ ထမင်းဝိုင်းပြင်ပြီး စားစေတဲ့ အထိ ဆိုပါတော့။

ရှက်ရွံ့အားနာနေတတ် ပေမဲ့ အဖေနဲ့အမေရဲ့ စေတနာ တွေကို သူ (ဆရာမ) ဥပက္ခာ မပြုရက်နိုင်ရှာဘူး။ ဒီလိုနဲ့ သံယောဇဉ်တွေ တစ်ပတ်ချင်း ရစ်ပတ်ပြီး အိမ် သားတစ်ယောက်လို သဘော ထားခဲ့ကြတယ်။ သားသမီးဆိုလို့ ကျွန်တော် တစ်ယောက်သာ ရှိတဲ့ အမေက တစ်ခါတစ်ရံ ပြောတတ်သေးတယ်။ “ဆရာ မလေးသာ ငါ့သမီးဆို သိပ် ကောင်းမှာ”တဲ့။ အမေ ပြောတဲ့ အဓိပ္ပာယ်ကို နားမလည် တတ်ပေမဲ့ အဲဒီလို ပြောတိုင်း ကြည်နူး ရတာတော့ အမှန် ပါပဲ။

နွေကျောင်းပိတ်လို့ ဆရာမလေးများ ပြန်သွားပြီဆို အမေ့မှာ လွမ်းဖျားလွမ်း နာကို ကျလို့။ ကျွန်တော်ကတော့ ကျောင်းဖွင့်ရင် ပြန်လာမှာပဲ ဆိုတဲ့ အတွေးနဲ့ အ၀တ်အစား အသစ်တွေ ချုပ်ပြီး အတန်းတက်ဖို့ မျှော်နေတဲ့ ကလေး တစ်ယောက်လို အားခဲ နေရတတ်ပါတယ်။

ဆရာမ ရွာပြန်လာရင် မြို့တက်ပြီး အမြဲ ကြိုရသူဟာ ကျွန်တော်ပါ။
ဝေးကွာခဲ့ရတဲ့ နှစ်လတာ အတွင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ ဆရာ မနဲ့ ကျွန်တော့် အကြားမှာ တစ်ထောင့်တစ်ည ပုံပြင်တွေထက် ပိုခဲ့ပါတယ်။ ၁၂ မိုင် ခရီး ဆိုတာကလည်း သိပ်ကို တိုလွန်းတဲ့ ခရီးတစ်ခု ဆိုပါတော့။

လှည်းလေး တစ်စီးနဲ့ ကျွန်တော်တို့နှစ်ယောက် ရွာထဲကို ၀င်တိုင်း “ဆရာမ ပြန်လာပလား”ဆိုတဲ့ နှုတ်ဆက်သံတွေ၊ “လှည်းကလေးနဲ့ အသော့နှင်လာတာ ကြည့် လို့ကောင်းတယ်ဟေ့” ဆိုတဲ့ ၀မ်းသာအယ်လဲ အသံတွေဟာ တစ်ရွာလုံးပွက်လော ရိုက်လို့။ ဒါကိုပဲ ကျွန်တော့်မှာ ဂုဏ်ယူမဆုံး ဖြစ်ခဲ့ရတယ်။ တိတ်တခိုးနဲ့ ရင်မ ဆံ့အောင် ပျော်ခဲ့ရပါတယ်။

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်တဲ့ တချို့ရက်တွေ ဆို ကျွန်တော်တို့ လယ်ထဲကိုင်း ထဲအထိသူ(ဆရာမ)လိုက်တတ်တယ်။ ကလေးတွေကို ချစ်တဲ့သူဟာ သဘာဝ အလှတွေ ကိုလည်း ချစ်တတ်ရှာတယ်။

ငှက်ကလေးတွေရဲ့ တေးသီသံမှာ ကြည်နူးတတ် တယ်။ ကိုင်းပန်းလေးတွေ ကို မြတ်နိုးတတ်တယ်။ စိုက် ပင်လေးတွေကို တို့ထိ ဆော့ ကစားရင်း သဲချောင်းလေး မှာ ရေခပ်ရတာကို ပျော်နေ တတ်တယ်။ ကျောင်းမှာ လူကြီး လုပ်နေရသမျှ အဲဒီ အချိန်မျိုးမှာတော့ ပီဘိ ကလေးလေးလိုပဲ။ လွတ် လပ်ပေါ့ပါးလို့။

“ကမလင်းဟင်း အချဉ် ရည်သောက်ပြီး လယ်တဲ လေးမှာ ထမင်းစားရတာ အပျော်ဆုံးပဲ”လို့ မကြာခဏ ပြောတတ်တယ်။ ပြီးတော့ “ကိုခိုင် ဒီလိုရွာလေးမှာ ကျွန်မ တစ်သက်လုံးနေချင် တယ်”တဲ့။ မျက်ဝန်းနက် လေးတွေကို ပုတ်ခတ်ပုတ် ခတ်လုပ်ရင်း ပြောလေ့ရှိ တယ်။ အဲဒီအခါတိုင်း ကျွန်တော့်မှာ အစာနင်ထား တဲ့ ကြက်ကြီးလို တအစ်အစ် တအောက်အောက်ဖြစ်လို့။

စကားလုံးတွေ ပြွတ်သိပ်နေတဲ့ အခါ တစ်လုံးတစ် ပါဒမျှ ထွက်ကျမလာနိုင် ကြောင်း အဲဒီကတည်းက သိ ခဲ့ဖူးတယ်။ ဒီလိုနဲ့ အချိန်တွေ ကြာ ခဲ့တယ်။ လယ်ထဲ ကိုင်းထဲ၊ သဲချောင်းလေးထဲမှာ သူ့ ခြေရာလေးတွေ အထပ်ထပ် ဖြစ်ခဲ့တယ်။ ရင်ဘတ်ကြီးနဲ့ သူ့ အပြုံးလေးတွေကို အထပ် ထပ်ထွေးပွေ့ထားဖြစ်ခဲ့တယ်။ ဒါပေမဲ့ ...
“ကိုခိုင်”
ခေါ်သံကြောင့် ဖြတ် ရိုက်ခံလိုက်ရတဲ့ သူလို အထိတ် တလန့် ကြည့်မိသွားတယ်။ သေချာတာပေါ့။ သူရယ်ပါ။

“အိမ်ကို ရောက်ခဲ့သေးတယ်။ သံတံတား သွားတယ် လို့ အရီးမြပြောလို့ လိုက် လာတာ”

ပြောရင်း ကျွန်တော့် ဘေးဝင်ထိုင်တယ်။ စွဲမက်ခဲ့ ရတဲ့ အရင်းနှီးဆုံး ရနံ့တစ်ခု က အာရုံကို ပုတ်နှိုးလိုက်တော့ သူ့ တစ်ကိုယ်လုံး ရင်ခွင်ထဲပွေ့ဖြစ်သွားတယ်။ ခပ် တင်းတင်းထွေးပိုက် ထားပေမဲ့ ခံစားမှုက လစ်ဟာနေတယ်။

သူ မရုန်းပါဘူး။ ဒါ ပေမဲ့ ကျွန်တော် ဖြေလျော့ မိလိုက်တယ်။ “သူ စိတ်ဆိုး သွားရင်”ဆိုတဲ့ အတွေးက ဒီနေ့ ဒီအချိန်အထိ လွှမ်းမိုးနေ ဆဲပါပဲ။ ပျော့ညံ့လွန်းတာကို တော့ တစ်ခါတစ်ရံ ဒေါသ ဖြစ်ချင်တယ်။

တိတ်ဆိတ်နေတဲ့ ညဆိုး ထဲမှာ ပုရစ်မြည်သံလေးတွေ ကလွဲရင် နှစ်ဦးစလုံးရဲ့ သက် ပြင်းရှိုက်သံတွေက အကျယ် လောင်ဆုံးပါပဲ။ ရင်တစ်ခု လုံးကို တစ်စုံတစ်ရာနဲ့ ဖိခံ ထားရသလိုမို့ စကားလေး တစ်ခွန်းတောင် မပြောနိုင် တော့ဘူး။ အရုပ်ဆိုးလွန်း ပါတယ်။

နောက်ဆုံး ငွေသော်တာ ရဲ့ လက်ပြနှုတ်ဆက်မှာ ကျွန်တော်တို့ ပြန်ခဲ့ကြတယ်။
သူ့ခြံနားရောက်တော့ အေးစက်နေတဲ့ကျွန်တော့် လက်ကို ဆုပ်ကိုင်လိုက်ရင်း စကားတစ်ခွန်းပြောတယ်။

“ကိုခိုင့်ကို အမြဲသတိရ နေမယ်”တဲ့။
လုံလောက်ပါပြီ။ ဘ၀ က ဒီလောက်ဆို ပြည့်စုံသွား ပါပြီလေ။

ပစ္စည်းတွေ အားလုံး တင်ပြီးတော့ နွားနှစ်ကောင်ကို တံပိုးကောက်ခိုင်းလိုက် တယ်။ သခင်ရဲ့ စိတ်ကို သိ နေလို့လားမသိ။ မကောက်ချင် ကောက်ချင် ဖြစ်နေလို့ အတင်းကောက်ခိုင်းလိုက်ရ တယ်။

လှည်းဘေးမှာတော့ ဆရာမကို လာနှုတ်ဆက်ကြ တဲ့သူတွေနဲ့ ဆရာမ တပည့် လေးတွေက ၀ိုင်းလို့။ လှည်း ပေါ်ရောက်တဲ့အထိ နှုတ် ဆက်လို့ မပြီးနိုင်ကြသေးဘူး။

အနည်းငယ် ညှိုးငယ် နေတာကလွဲရင် သူကတော့ ပုံမှန်ပါပဲ။ တစ်ခါတစ်ရံ ပြုံးလို့ပင် ပြောနေသေးတယ်။ ကလေးတွေနဲ့ သံယောဇဉ် ကြီးသူတွေမှာသာ မျက်နှာ ကြီးတွေနီပြီး တရှုပ်ရှုပ်ဖြစ်ကြ ရတယ်။

အမေဆို လက်ဆောင် ပစ္စည်းလေးတွေ ထည့်ပြုပေး ပြီးကတည်းက လာကို မလာ နိုင်တော့တာ။ ကျွန်တော် ရော....
မြို့အထိ လိုက်ပို့ရမတဲ့ လေ။ တစ်ရွာလုံးရဲ့ အားကိုး ယုံကြည်မှုဟာ ဒီတစ်ခါတော့ ရင်နာစရာကောင်းလွန်းပါ တယ်။
“ကိုခိုင် မင်္ဂလာ ဆောင်ရင် ဖိတ်ဦးနော်။ ကျွန်မ တကယ်လာမှာ”

အကြည့်ချင်း ဆုံလိုက်မိတာက လွဲရင် ထုံးစံအတိုင်း ဘာမှ ပြန်မပြောဖြစ်ဘူး။
မိုင်ဆယ်ချီဝေးတဲ့ မြို့ ကြီးကနေ ဒီလိုလှည်းလမ်း လေးပဲရှိတဲ့ ရွာလေးကို ပြန် လာဦးမတဲ့လား။
ဘာပဲဖြစ်ဖြစ်။ သူ ပျော် နေမှာပါလေ။
တစ်ချိန်ကတော့ ဒီ လမ်းလေးမှာ နှစ်ဦးသား လှည်းလေးနဲ့ မောင်းရတိုင်း ကျွန်တော်လည်း ပျော်ခဲ့ဖူးပါ တယ်။ အခုတော့ ရင်ထဲမှာ နေဆယ်စင်းလို ပူတယ်။ တစ်ညလုံးလည်း တလူးလူး တလွန့်လွန့်။

မြတ်နိုးခဲ့ရတဲ့ သူ့ မျက် နှာလေးကို နောက် တွေ့ဖို့ မသေချာတော့ပါလားလို့ တွေးမိတော့ ရင်က ဆို့တက် လာတယ်။
“ကိုခိုင် စကားပြောဦး လေ”

“ပြောစရာ စကားမှ မရှိ တာပဲ ဆရာမရယ်။ ဘာပဲ ဖြစ်ဖြစ် ဆရာမ ကံကောင်း ပါတယ်။ အခုလို တောကြို တောင်ကြားက ရွာလေးမှာ နေရတာထက်စာရင် ပိုအဆင် ပြေမှာပါ”

လှိုက်တုန်သွားတဲ့ အသံ ကို ဖုံးဖို့ နွားတွေကိုပဲ ငေါက် လိုက်ရတယ်။
“ကျွန်မ ဘယ်ရောက် ရောက် ကိုခိုင်တို့ မိသားစုနဲ့ ရွာလေးကို ဘယ်တော့မှ မမေ့ ပါဘူး”

အကြိမ်ကြိမ် နားထောင် ခဲ့ရပေမဲ့ မရိုးနိုင်တဲ့ ဂန္ထ၀င် တေးတစ်ပုဒ်ပမာ ရင်ထဲ သိမ်းထားလိုက်ပါ့မယ်။ ကားဂိတ်ရောက်တော့ ပစ္စည်းတွေ ချလိုက်တယ်။ ကားထွက်ဖို့ လိုသေးပေမဲ့ စောင့်မနေတော့ပါဘူး။ မျက်နှာချင်း ဆိုင်ပြီး နှုတ်ဆက်နိုင်စွမ်း မရှိလောက် အောင် ခွန်အားမဲ့ သူရဲ့ ဒီနှုတ် ဖျားတွေက တခမ်းတနား ဆွံ့အနေမှတော့ ကျောခိုင်း လိုက်ရုံပေါ့။

ကတ္တရာလမ်းပေါ် လှည်းမောင်းရတာ အဆင်မ ပြေဘူး ဆရာမရေ။ လျှိုမြောင် ကျင်းချိုင့်ပေါတဲ့ ဟောဒီ တောလမ်းမျိုးမှာမှ..
“ဟေ ဟေ ဟေ ဟေ”

ပိတ်ဆို့နေတဲ့ ဝေဒနာ အားလုံးကို အကျယ်လောင် ဆုံး ဖွင့်ပစ်လိုက်တယ်။ ညီ နောင်တစ်ရှဉ်းက အစွမ်းကုန် ပြေးတယ်။ အပင်ပေါ်က ငှက်တွေ ဂီးဂီးဂဲဂဲ ပျံသွား ကြတယ်။

ရွာကို ရောက်ရင်တော့ ခြေရာလေးတွေ ဘယ်အချိန် ထိ လိုက်ကောက်နေရဦး မလဲ။
တွေးလိုက်ရုံနဲ့ မျက်ရည် တွေက ၀ဲ ၀ဲ လာတယ်။
နော်၊ကျောက်တိုင်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)

No comments:

Post a Comment