ပွင့်သစ်စ ပန်း ဆန်းသစ်စ လ.....တက်သစ်စ နေခြည်
ဆေးမပီသေးတဲ့ ဘ၀.....အမေက အလှခြယ် လူ့ နယ်ထဲမွေးဖွားပြီးသား....ဖြစ်ခဲ့ ။
ချစ်ခြင်း မုန်းခြင်း....ပြုံးခြင်း မဲ့ခြင်း
ပျော်ခြင်း မော်ခြင်း.....ခံစားမှုကင်းစင်
သားတွင် အချစ်တို့ ပုံစု..ထုထည်ကြီးမားပေ့
အမေ့ နှလုံးသား....။
ဘုရားကိုလည်းမေ့..တရားကိုလည်းမေ့..လူမှုရေးလည်းမေ့..နိုင်ငံရေးလည်းမေ့..စီးပွါးရေးလည်းမေ့
သား..ဟေ့..သား.....သားကလွဲရင် အမေ့ရင်ထဲမှာဗလာ....။
အမေ့မှာ ပညာမတတ်....(သားကျမှ) မဟောသဓ ဖြစ်စေချင်..
အမေ့မှာ ဥစ္စာမပြည့်...(သားကျမှ) ဇောတိကတန်းဝင်စေချင်..
အမေ့မှာ အာဏာမရှိ...(သားကျမှ) အနုဂုဒ္ဓဘုရင် ဖြစ်စေချင်..။
အမေ..မ၀တ်ဖူးတဲ့ အ၀တ်...သား..၀တ်ဆင်ဖူးခဲ့ဖူးရဲ့ ။
အမေ..မစားဖူးတဲ့ အစာများ...သား..စားသုံးခဲ့ဖူးရဲ့ ။
အမေ..အကျွမ်းတ၀င် မဖြစ်...အီလက်ထရွန်းနစ်ခေတ်စည်းစိမ်များ
သား..ကျွမ်းဝင်ဖူးရဲ့ ။
အမေ..မနေဖူးတဲ့ တိုက်တာ...သား..နေထိုင်ခဲ့ဖူးရဲ့ ။
လောကငရဲ...ဒုက္ခ၀ဲ မှာ
ဆင်းရဲကိုပွေ့ ..အမေ့ချွေးနဲ့ 
သားပုံကို ရေးကြည့်...အနာဂတ်ဟာ ပြည့်စုံ
ရွှေဘုံရွှေနန်း..စိတ်မှန်းနဲ့ ပျော်ရွှင်စွာ
ဇရာကို ဥပေက္ခာ..မရဏကို ဥပေက္ခာ
ဝီရ ကဗျာတစ်ပုဒ်...အမေ့ရုပ်ပုံလွှာ။
သားအတွက်သာ....အမေ့လောဘ
အမေ့အတွက်ကျတော့...ဘာမှမတောင့်တ
သန္တကဗျာတစ်ပုဒ်...အမေ့ရုပ်ပုံလွှာ။
သားရဲ့ အသားနာကျင်...မှတ် ခြင် ယင် လေ
နေပူ မြွေကင်း သန်း..လူသရမ်း
ကြမ်းတမ်းမှုတုဖက် အမေ့စစ်မြေပြင်
(သားအတွက်မို့ )...ကြမ်းချင်သမျှ ကြမ်းပြ...ရမ်းချင်သမျှ ရမ်းပြ
ရုဒ္ဓ ကဗျာတစ်ပုဒ်...အမေ့ရုပ်ပုံလွှာ။
သားဘဝ
အထက်တန်းကျ
မြင့်စွ
တင့်စွ
ကြည့်ပ..
အမေ့ဘဝ
အောက်ကျ
နိမ့်စွ
ဘာမှမတုန်လှုပ်....ရိုက်ပုတ် လောကဓံ ကြံ့ကြံ့ခံ
(သားအတွက်) မာန်မခ ရင်မှာ ပီတိ ဂွမ်းဆီထိ
ပြုံးနေသည့် အမေ.. ရွှင်နေသည့် အမေ။
အမေ့ဘ၀ အမော သားကိုမြင် လျှောကျ ပျောက်ရ
နွမ်းသမျှ လန်းရွှင်...ပန်းသမျှ လမ်းထင်
ဆင်ပေါ်ကသား အမေ့သား
ချွေးပွင့်များကြားက ဂုဏ်ယူ ဆံဖြူရှင်အပြုံး
ဆံတစ်မျှင် နှမ်းတစ်လုံး ....အမုန်းကင်းမဲ့တဲ့ အမေ။
သားဘ၀ သားရာဇ၀င် အမေ့အောင်ပွဲပင်..
အမေ့ဘ၀ ခုဆင့် သားဘ၀ မြင့်စေခဲ့..
အမေ့ချွေးပွင့် သားဘ၀ တင့်စေခဲ့..
အမေ့ရဲ့ အနွမ်း သားဘ၀လန်းစေခဲ့..
အမေ့ရဲ့ ဘ၀အမော သားလမ်းစဉ် ချောစေခဲ့။
အမေ့ရဲ့ ဝီရ အမေ့ရဲ့ သန္တ အမေ့ရဲ့ ရုဒ္ဓ
သားဘ၀ ဖွားသန့် စင် ရာဇ၀င်ကောင်းစေခဲ့။
အမေဟာ.. လောကထဲမှာ
သားကလွဲ
အားခဲမျှော်လင့်ခြင်း အားခဲရည်ရွယ်ခြင်းကင်းမဲ့
သားရဲ့ အနာဂတ်လှပ သားရဲ့ ဘ၀အတွက်
အမေ့အသက် အမေ့အားမာန် အမေ့ရာဇ၀င် အမေ့အချစ်
မြုပ်နှစ်ရင်းနှီးခဲ့။
သားအတွက်သာဆို အမေဟာ..
တစ်ခါတစ်ခါ ခြင်္သေ့.. တစ်ခါတစ်ခါ ဆင် ... တစ်ခါတစ်ခါ မြေခွေး
တစ်ခါတစ်ခါ ယုန်...တစ်ခါတစ်ခါ သိုး...တစ်ခါတစ်ခါ ဥဒေါင်း
တစ်ခါတစ်ခါ ကြိုးကြာ..တစ်ခါတစ်ခါ ချိုးလင်းပြာ...ဘ၀ရောင်စုံဖြာ။
ဆရာသိန်းဖေမြင့်ရဲ့ အမေ...ဆရာချစ်စံဝင်းရဲ့ အမေ...မက္ကဇင်ဂေါ်ကီရဲ့ အမေ
အမေတကာရဲ့  သားအပေါ်မှာ ချစ်တဲ့အချစ်တို့ ထက်
မောင်သက်လွှာရဲ့ အမေ.....အပိုပေသော်လည်း မလျော့
တန်းတူတော့ ရှိမှာပေါ့။
အချစ်များ မေတ္တာများ အကြင်နာများနဲ့ နှောင်ရစ်
ကိုယ်ကျိုးစွန့် ချစ်တဲ့ အမေ...သိက္ခာစွန့် ချစ်တဲ့အမေ
မာနစွန့် ချစ်တဲ့အမေ...ဘ၀စွန့် ချစ်တဲ့အမေ
ဂန္တ၀င်အမေ
ဘယ်မြေ ဘယ်ကမ္ဘာ....ဘယ်အခါ ဘယ်ကာလ
သားရဲ့ ဘ၀....သားရဲ့ အသက်တစ်ဆုံးပ
လွမ်းတပူဇော်
ရှိခိုးကော်ရော်လိုက်ရဲ့ 
ရှိခိုးကော်ရော်လိုက်ရဲ့ 
ရှိခိုးကော်ရော်လိုက်ပါရဲ့ အမေ.....။

မောင်သက်လွှာ(တောင်တွင်း)
No comments:
Post a Comment