ထိုင်တောင် မထိုင်ရသေးဘူး မကြားချင်တဲ့ အသံဆိုးကြီးက နားထဲကို ၀င်တာပဲ။
လှမ်းကြည့်တော့ ရုပ်ကိုက ဘီလူး သံပရာသီး
ကိုက်ထားတဲ့ရုပ်နဲ့။ ခုနလေးတင် ကြံဖတ်တွေ ခင်နွယ်နဲ့ အတူတူ သယ်ပေးထားတဲ့
ဥစ္စာ။ ညစ်ပတ်ပြီးတော့ အောင်သာကို မီးတွေ နင်းကန် ထိုးခိုင်းတာပဲဖြစ်မယ်။
သူ့ကိုယ်သူ ဖိုထိုင် ဆိုပြီးတော့ လူကိုများ ဗာဟီရ ဗာဟီရနဲ့၊ ကြံသကာ အိုးတွေ ကပ်ကုန်ပါ စေတော်။ ရွာမှာဆို လုံးတုံး အကြောင်း သိသွားမယ်။ ရွာဆိုမှ ရွာမှာ အဖေ နေကောင်းရဲ့လား မသိဘူး။ အရက် ပြန်သောက်ချင် သောက်နေမှာ။ မောင်လေးတို့ သုံးယောက်ကို ဒီနှစ် ကျောင်းပြန်ဖွင့်ရင် ကျောင်းဝတ်စုံ တစ်စုံစီ ၀ယ်ပေးမယ်လို့ ကတိ ပေးခဲ့တာလည်း ရှိသေး။ တကယ် ပြောရရင် ဒီဖိုထိုင် အေးပိုရဲ့ စပ်ဖြဲဖြဲ မျက်နှာကို မကြည့်ချင်လို့ ရွာပြန်ချင်တာ ကြာပြီ။
“ဟေ့-ကြံဖတ်တွေ မြန်မြန်သယ်ကြ။ ရုပ်ရှင် ရိုက်နေတာ မဟုတ်ဘူး။ ဒီမှာ မီးကျ သွားရင် ဒယ်တွေ ကပ်ကုန် တော့မှာပဲ”
နားကြားပြင်း ကတ်တာနဲ့ ၀ါးလုံးနှစ်လုံး ဆောင့်ဆွဲကာ နေပူထဲ လှမ်းထားတဲ့ ကြံဖတ်ပုံဆီ မြန်မြန်လှမ်း လိုက်တယ်။ အရေးထဲ ခင်နွယ်ကို လှည့်ကြည့်တော့ ရယ်ကျဲကျဲနဲ့။ ကောင်မတွေ ဒီလူကြီးဘက်က ပါဖို့ပဲ။ တစ် ရွာတည်းသားချင်းဘက်က မပါဘူး။ ဘယ်ပါမလဲ။ ညကျရင် ရွာထဲကို ဗီဒီယိုသွား ကြည့်ရင် ဒီလူကြီး ပိုက်ဆံနဲ့ ကြည့်ရတာကိုး။ လုံးတုံးတို့ ကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကြည့်တာ၊ သူများ အပြောအဆို မခံနိုင်ပါဘူး။ တော် ကြာ ညောင်ပင်သာ သူတွေက ယောက်ျားတွေဆီက ညာစား တယ်လို့ သူတို့ ရွာထဲက မိန်းမတွေ အပြော ခံရမှာ အပြော မခံနိုင်ပေါင်။
ဒီရွာကို တာဝန်ခံပြီး ခေါ်တဲ့ ဦးလေးကြည်ကလည်း ဘာမှ အားမကိုးရဘူး။ အလုပ်ရှင် မသိအောင် ကြံချောင်းပုံဘေး အရက် ပုလင်းဝှက်ပြီး တစ်နေကုန် သောက်ဖို့ပဲ သိတဲ့လူ။ အမေ့ ရှေ့တုန်းက မှဲ့တစ်ပေါက် မစွန်းစေရဘူးလေး ဘာလေး နဲ့။ သူလည်း အေးပိုဆိုတဲ့ လူကြီးတိုက်တဲ့ ခွက်ပုန်း သောက်ရတဲ့မျက်နှာပဲ ကြည့် တယ်။
ဒီလောက် ပြောင်တာ လောက်တော့ လုံးတုံးတို့က ဂရု မစိုက်ပေါင်။ ဒီကြံဖိုမှာ ဦးခင်မောင် ဆိုတဲ့ လူတစ် ယောက်ပဲ ကြောက်တယ်။ သူ့အလုပ် လုပ်ပြီး သူ့ဆီက ပိုက်ဆံရတာ မဟုတ်လား။ ဦးခင်မောင်က ဒီရွာကြံခင်းတွေနဲ့ ဆီစက်ရွာက ကြံခင်း တွေကို ကြံသကာဖြစ်အောင် တစ်ပိဿာ နှစ်ရာကျပ်နဲ့ ယူ ပြီး ကြိတ်တဲ့ ဖိုပိုင်ရှင်လေ။ သူကနေပြီး ဖိုထိုင်ကို ခြောက်ကျပ်၊ ကြံထိုးကို ငါးကျပ်၊ မီးထိုး ကြံဖတ်သယ်ကို လေး ကျပ်။ တစ်ပိဿာနှုန်းနဲ့ တွက်ပြီး ပြန်ပေးတာ။ လုပ်အားခကို တစ်ပတ်ပြည့်မှ တစ်ခါ ရှင်းပေးတယ်။ ကြားရက်တွေ မှာ လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ စားသောက်ကုန် မှန်သမျှ သူ့ အိမ်ဆိုင်မှာ အကြွေးယူပေါ့။ ဗီဒီယိုကြည့်လည်း သူ့အိမ်က ဗီဒီယိုမှာ ကြည့်ပဲ။
ဘယ်လောက် လည်သလဲဆို ရွာကိုလာပြီး စရံ တစ်ယောက် တစ်သောင်းစီ ပေးပြီး ကြံဖိုသိမ်းတဲ့ အထိ သုံးလပြတ် အလုပ်လုပ်ဖို့ ခေါ်ထားတာ သာကြည့်။ အဲဒီတုန်းက အိမ်မှာ အရက် သောက်လွန်းလို့ အဖေ ကျန်းမာရေး ဆိုးနေတဲ့ အချိန်။ အဖေ့ကို ဆေးကုဖို့ ရွာထဲက ဘယ်သူ့ဆီကမှ ပိုက်ဆံချေး မရလို့ လုံးတုံးကို ထည့်မယ်ဆိုပြီး အမေက လက်ခံ ယူထားလိုက်တယ်။ ဒါလည်း လုံးတုံး နွားကျောင်းက အပြန်ကျမှ သိရတာပါ။ ဘယ်တတ် နိုင်ပါ့မလဲ။ သူများရွာမှာ အလုပ် မလုပ်ဖူးပေမယ့် အဖေ့အတွက် ဆိုပြီး လုံးတုံး လိုက်လာခဲ့တာ။
ဒီကျတော့ ရွာထဲ မအိပ်ရဘူး။ အလုပ်ဖင့်မှာ ကြောက်လို့ ကြံဖိုထဲပဲ နေရမယ် ဆိုတာနဲ့ ကြံဖိုဘေး ကြသောင်းဝါးနဲ့ ဆင့်တဲ နှစ်လုံးထိုးပြီး နေရ တယ်။ ဦးလေးကြည်နဲ့ အောင်သာနေဖို့က တစ်တဲ။ သူနဲ့ခင်နွယ်၊ နှင်းခိုင်လေး နေဖို့က တစ်တဲ။ ရွာခံဖြစ်တဲ့ ဖိုထိုင်အေးပို၊ ကြံချောင်းသယ်တဲ့ ကျော်စိုး၊ စိုးဝင်းကတော့ ညနေ ဖိုသိမ်းရင် ရွာထဲ ပြန် အိပ်ရတယ်။
စားရေးသောက်ရေး အတွက်ကတော့ နှင်းခိုင်လေးက တာဝန်ယူတယ်။ အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့ နှင်းခိုင်လေးကို လုံးတုံး သနားတယ်။ ဦးလေးကြည်က မွေးထားတာက ရှစ်ယောက်၊ အရက် သောက်ဖို့ပဲ သိတဲ့လူ။ မိန်းမလည်း အလုပ်လုပ်၊ သား နှစ်ယောက်လည်း အလုပ်လုပ်၊ နှင်းခိုင်လေးလည်း အလုပ် လုပ်ပေမယ့် ကျန်တဲ့ ငါးယောက်က ငယ်သေးလို့ ထိုင်စားဆိုတော့ ဘယ်ကလာ လောက်ငပါ့မလဲ။ အခုလည်း နှင်းခိုင်လေး အတွက် ဖိုပိုင်ရှင် ဦးခင်မောင်က သူ့အလုပ်ထဲ မသုံးရတော့ ပိုက်ဆံ မပေးပါဘူး။
လုံးတုံးရယ် ခင်နွယ်နဲ့ အောင်သာက တစ်ပိဿာ လေးကျပ်နဲ့ ရှင်းတဲ့ထဲက တစ်ကျပ်စီ အချိုးကျ ပြန်ပေးပြီး စားဖို့သောက်ဖို့ တာဝန် ယူရတာ။ ရေတော့ မခပ်ရဘူး။ မနက် မိုးလင်းတာနဲ့ ကြံ ဖိုထဲ တန်းဝင်ရတာ ဆိုတော့ ဖိုသိမ်းမှပဲ ခင်နွယ်နဲ့ ဖိုဘေး နားက လက်ယက်တွင်းလေး ဆီသွားပြီး ဖလားနဲ့ ခပ်ချိုး လိုက်တာပဲ။ ရွာမှာလိုတော့ ဗုံးပေါလအော ချိုးရမလဲ။ ဒီတွင်းလေးထဲက ရေဟာ ကြံဖိုထဲမှာ လိုအပ်တဲ့ နေရာတွေ သုံးနေသေးတယ်။ ပြောလို့သာ ပြောတာ၊ ရေချိုးချိန် ဆိုတာ ရတာ မဟုတ်ဘူး။ တစ်နေကုန် ထမင်းစားချိန် လေးပဲ နားရတယ်။
ထမင်းစားပြီး ဇိမ်ခံနေလို့ မရဘူး။ အလုပ်ထဲ တန်းပြီးဝင်ပဲ။ ခုလည်း သေနာကျ ကိုအေးပိုကြီး တန်းခေါ် တာသာကြည့်။ စိတ်ပေါက်ပေါက် ရှိတာနဲ့ မနားဘဲ သယ်နေလိုက်တယ်။ ခင်နွယ်က နားဖို့ ပြောပေမယ့် မကြား ချင်ယောင် ဆောင်နေလိုက်တယ်။ ဒါတောင် ကိုအေးပို မသာကြီးက တဟဲဟဲ ရယ် ပြီး အရွဲ့တိုက်တာလားဆိုတဲ့ စကားကို လူနားကပ် ပြော ခံရသေး။
“လုံးတုံးနဲ့ ခင်နွယ် နား မယ်ဟေ့”
ဦးလေးကြည် လှမ်းအော်မှ ရပ်လိုက်တယ်။ ခင်နွယ်ကတော့ မျက်နှာ စူပုပ်ပုပ်ကြီးနဲ့ စိတ်ကောက်နေပြီ။ ညကျမှ ရွာထဲကို ဗီဒီယိုလိုက် ပြပြီး ချော့ရမှာပဲ။ ဒီကောင်မ ကြိုက်တဲ့ နေမျိုးအောင်ကား လေ။
“သုံးဆယ်ဝင် အိတ်တွေပဲ ချုပ်ကြ။ ငါ တစ်ရက် ကလေး မလာတာနဲ့ အလုပ်ကို ရေသာခို၊ ကုန်ချိန်သုံးရာ လောက်ကတော့ ဓာတ်ဆီဖိုး ရှုံးတာပဲ ရှိမယ်။ ဒီလိုသာ ကြပ်ကြပ်လုပ်၊ ကြံခင်းတွေ လည်း သူများဖိုတွေဆီ ရောက်။ ငါလည်း ဖိုမြန်မြန် သိမ်း။ နင်တို့တွေလည်း ငတ် ကြတော့။ ငါ့လ...”
ဦးခင်မောင်ဒေါသနဲ့ ဆဲသံအောက်မှာ ကိုအေးပို မျက်နှာကြီးမည်းကာ မလှုပ်ရဲဘူး။ ဘယ်လှုပ်ရဲမလဲ။ ဒီထက် ဒေါသ ကြီးလာရင် မအေတွေ နှမတွေ ကိုင်တုတ် တော့မှာ။ လုံးတုံး မှတ်မိသေးတယ်။ ကြံဖိုကို ရောက် ခါစ တစ်ပတ်ပဲ ရှိသေးတယ် ပြဿနာ ဖြစ်တာပါ။ ပြဿနာကလည်း ဘာမဟုတ်တဲ့ ကိစ္စ။ ကြံဖိုမှာ ရှိတဲ့ အလုပ် သမားမှန်သမျှ အပေါ့သွား တာပဲဖြစ်ဖြစ်၊ အလေးသွားတာပဲ ဖြစ်ဖြစ် ကြံဖိုနဲ့ ဝေးတဲ့ လူရှင်းတဲ့ နေရာ၊ ချုံထူတဲ့ နေရာကို ရွေးပြီးသွားဖို့ ဦးခင် မောင်က အမိန့် ထုတ်ထားတယ်။ တခြားကြောင့် မဟုတ်ဘူး။ ကြံဖိုအနီးမှာ သူ တက်ဖို့ ဆောက်ထားတဲ့ အိမ်သာကို တက်မှာကြောက်လို့။
အဲဒီနေ့က ကြံချောင်းတွေ သယ်နေတဲ့ ကျော်စိုး ဗိုက်က မနေနိုင်လို့ ဦးခင်မောင် အိမ်သာထဲ ၀င်တက် တာလေ။ ဖြစ်ချင်တော့ ဦးခင်မောင်ကလည်း ဖိုထဲကို ရောက်လာတဲ့ အချိန်။ ဘာပြော ကောင်းမလဲ။ ကျော်စိုး မှာ ရစရာ မရှိအောင် အဆဲခံ ရတဲ့အပြင် နားရင်းလည်း ဖြောင်းခနဲ အုပ်ခံလိုက်ရတယ်။ လုံးတုံးတို့ကတော့ ဝေးသေး၊ သူ့အိမ်သာနား ယောင်လို့တောင် မကပ်ဘူး။ ရွှေထွက်တာမှ မဟုတ်ဘဲ။
ခုလည်းကြည့် လူတွေပဲဟာ စက်တွေမှ မဟုတ်တာ။ ပုံသေကြီး ဘယ်ထွက်ပါ့မလဲ။ အထွက်နည်းတာ လည်း လုံးတုံးတို့နဲ့ မဆိုင်ဘူး။ ကြံသကာ အထွက်နည်းတာ ဖိုထိုင်နဲ့ပဲ ဆိုင်တာ။ ဖိုထိုင်ဆိုတာ ကြံသကာများများ ထွက်ဖို့ မီးကို အမြဲတမ်း အချိန်အဆ ကြည့်ပေး၊ သကာ ရည်ဒယ်ကို ယောက်မနဲ့ နာနာ မွှေပြီး ခပ်သွက်သွက် လုပ်ဖို့က သူ့တာဝန်။ ဒါကြောင့် ဒီဖိုမှာ ပိုက်ဆံ အများဆုံးပေးထား တာပေါ့။ ခုတော့ ညက အရက် များသွားပြီး ကြက်ကို လည်ပင်း လိမ်ထားသလို အလုပ် လုပ်နေတာ။ လူကိုတောင် ဗာဟီရလို့ မခေါ်နိုင်ဘူး။ အဆဲအဆူ ခံရတာတောင် နည်းသေး။
“အား”
သူများသွားပြီး မစ္ဆရိယ စိတ်ပွားတာနဲ့ အိတ်ချုပ်တဲ့ အပ်က လက်ဖ၀ါး စူးပြီ။ ပူလို့လား မသိ သွေးကလည်း တန်းထွက်လာတယ်။ နာပေမယ့် ချုပ်လက်စ ကြံသကာ အိတ်ကို ဆက်ချုပ်နေလိုက် တယ်။ တော်ကြာ ဦးခင်မောင် ဒေါသက ဒီဘက် လှည့်လာရင် ဒုက္ခ။ မြန်မြန်ချုပ်ပြီး နောက်ထပ် ချုပ်ရမယ့် အိတ် ဆီကူးလိုက်တော့ အနားကို ဦးခင်မောင် ရောက်လာတယ်။
“ပြစမ်း လုံးတုံး၊ ဘယ် လောက်များတုံး”
နှာသီးဝနား ၀င်လာတဲ့ အရက်နံ့ကြောင့် ကြောက်ကြောက်နဲ့ လက်ဖ၀ါးဖြန့်ပြ လိုက်တော့ ပိုင်ပိုင်နင်းနင်းကြီး ကိုင်တာပဲ။ နောက်ထပ် လက်တစ်ဖက်က လက်ဖမိုးကို ပွတ်တော့ လူတစ်ကိုယ် လုံး ရှက်စိတ်တွေ မွှန်ထူသွား တယ်။ လုံးတုံး လက်ကို ဆတ်ခနဲ ပြန်ရုပ်ကြည့်ပေမယ့် မရဘူး။ မဆီမဆိုင် ကိုအေးပိုကို လှမ်းကြည့်တော့ စူးစမ်းတဲ့ အကြည့်နဲ့ကြည့်လို့။ မျက်နှာလွှဲကာ လက်ကို ခပ် တင်းတင်း ဆောင့်ဆွဲတော့မှ လွှတ်ပေးတယ်။
“နည်းနည်းများတာပဲ၊ ဆေးထည့်ဦး။ မနက်ကျရင် အနာရင်းပြီး အလုပ် မဆင်း နိုင်ဘဲ နေဦးမယ်။ အလုပ် သမားက ခုလိုလို့ အခု ငှားလို့ရတာ မဟုတ်ဘူးနော်”
စိတ်ထဲမှာ တော်တော် လေး အောင့်သွားတယ်။ ပြောပုံက လူသိမှာ စိုးလို့ ကြင်နာတဲ့ ပုံမျိုး။ မျက်နှာကို သေသေချာချာ ကြည့်ပြီး ခေါင်းညိတ် ပြလိုက်ပါတယ်။ လုံးတုံး ပြောချင်တဲ့ စကားတွေ အများကြီး ဒါပေမဲ့ ရင် ထဲက မထွက်ဘူး။ ဦးခင်မောင် ကြံသကာ ဒယ်အိုးဘက် ထွက်သွားမှ လက်ဖ၀ါးက အနာကို ပြန်ကြည့်မိ တယ်။ အပေါ်ယံ အရေပြားကို နစ်ဝင်သွားတာပဲ။ အချို မှုန့်ဖြစ်ဖြစ်၊ နနွင်းဖြစ်ဖြစ် သိပ်လိုက်ရင် ကောင်းသွား မှာပါ။ ကြံသကာရည် ပူတာလောက်တောင် မနာတဲ့ ဥစ္စာ။ ဟိုတစ်ခါ မီးဖိုပေါ်က ကြံသကာ ဒယ်နား ကပ်ပြီးသွား တာ ဒယ်ရိုက်တဲ့ အချိန်မို့ ခြေသလုံးကို သကာရည်လာ ကပ်တာ လူကို အီစလန်ဝေ သွားတာပဲ။ ခြေသလုံးမှာ အနာကြီး ဖြစ်ပြီး တော်တော်နဲ့ မပျောက်တဲ့ အပြင် အဖျားဝင် သွားတာ နှစ်ရက်။
ခုတော့ သကာရည် အပြင် အပ်မစူးအောင်လည်း လုပ်ရမယ်။ နောက်တစ်ခါ ဦးခင်မောင် အခုလို လုပ်လာရင် လုံးတုံး ပါးစပ်က နာနာကြည်းကြည်းတွေ ပြောမိမှာ သေချာတယ်။ ဒီလူကြီး အကြောင်း မသိတာ မှတ်လို့။ အိမ်ကျရင်တော့ သူ့မိန်းမ ဒေါ်သိန်းရှေ့မှာ မကိုက်တတ်တဲ့ ခွေးလိုနဲ့ လူလစ်မှ ကိုက်တဲ့ခွေးမျိုး။ ဒေါ်သိန်းကလည်း အာကြမ်းလျှာကြမ်းနဲ့ လူမှုရေး ရှိတာ မဟုတ်ဘူး။ လုံးတုံးတို့ သူ့ဆိုင်မှာ အကြွေး ယူစားတာ နည်းနည်းလေး များမလာနဲ့ လူကြားထဲလည်း ရှောင်တာ မဟုတ်ဘူး။
“ညည်းတို့ ယူစားတာ လည်း ယူစားကြ။ လုပ်ခထက် များနေဦးမယ် တော်ကြာ ငါ့ဆိုင် အရင်းပြုတ်ရင် ဘယ်သူမှ ထောင်မပေးဘူး”
အလကား ယူစားတဲ့ လေသံမျိုးနဲ့ ပြောတာ။ လုံးတုံးတို့က သူ့ဆိုင် အကြောင်း သိပြီးသား။ သူ့ ဆိုင်က ငါးခြောက်ဝယ်ဝယ်၊ ဆီဝယ်ဝယ် ရှင်းရှင်းပြောရ ရင် ခေါင်းလျှော်ရည်က အစ အစစအရာရာ သူများဆိုင် ထက် ငါးကျပ် တစ်ဆယ် များပြီးသား။ ပိုက်ဆံ အပိုမပါ လို့။ ပါများ ပါလို့ကတော့ လုံးတုံးတို့က တခြားဆိုင်မှာ ၀ယ်ပြီးသားပဲ။
“လုံးတုံး ဘာငေးနေတာလဲ။ ချုပ်ပြီးရင် ရေသွား ချိုးရအောင်ဟာ။ ဒီနေ့ နင် ကြိုက်တဲ့ နေတိုးကားဟဲ့။ တော်ကြာ မမီဘဲ နေဦးမယ်”
“ပိုက်ဆံကုန် သက်သာ တာပေါ့အေ”
“ပိုက်ဆံကုန်မှာ ကြောက်ရင် ငါပြမယ် လုံးလုံး”
“သေနာကြီး၊ လူကို လုံးလုံးလို့ မခေါ်ပါနဲ့ ပြောထားတာကို သောက်မှတ် မရှိဘူး။ ဆဲလိုက်ရ”
“ဟဲ ဟဲ နင်ကလည်း ခင်လို့ပါဟ”
“သေလိုက် မြွေပွေး ကိုက်ကြီး”
“မေတ္တာ ထားတာပေါ့ လေ”
ကိုအေးပိုကြီးကို ဆက်မပြောချင်တာနဲ့ လက်ယက်တွင်း ဘက်ကို ခပ်မြန်မြန် လှမ်းလိုက်ရတယ်။ မျက်နှာ ပြောင်တိုက်ပြီး ဆက်ပြောလာရင် လက်ပါမိမယ်။ ကြံဖိုကလည်း နောက်ဆယ်ရက်ဆို သိမ်းပြီ။ ဆီစက်ရွာက ကြံ ခင်းနှစ်ခင်း ကြိတ်ပြီးရင် ကြိတ်စရာ ကုန်ပြီ။ ဒီကြား ထဲ ပြဿနာ မတက်ချင်ဘူး။ ရွာကိုလည်း ပြန်ချင်လှပြီ။ အဖေ နေကောင်းလောက်ပါ ရဲ့။ အမေနဲ့ မောင်လေးတွေ ကို လွမ်းလှပေါ့။
“လိုက်ခဲ့ပါ လုံးတုံးရာ။ နေမျိုးအောင်ကို ငါအသေ အလဲကြိုက်တာ နင်သိသား”
အလိုက်ကန်းဆိုး မသိတဲ့ ခင်နွယ်။ လူကို ဘယ်လိုနေလဲ။ ဘာလုပ်ပေးရမလဲ မမေးဘူး။ ဗီဒီယိုကြည့်ဖို့ပဲ ဇွတ်ခေါ်နေတာ။ တစ်ရက်တလေ မကြည့်ဘဲ နေပေါ့။ သေသွားမှာ ကျနေတာပဲ။ မီး ဖိုနားကပ်ပြီး တန်းရေချိုးလို့ လားမသိ၊ လူက မလှုပ်ချင်သလို ဖျားချင်သလို ဖြစ်နေပြီ။ ချမ်းလည်း ချမ်းတယ်။ဒီနေ့ အလုပ်မှာ အောင်သာ က ရွာပြန်သွားတော့ သူ့နေရာ အစားဝင်ရတယ်။ လုံးတုံး နေရာ နှင်းခိုင်လေးကို အစားထိုးပေါ့။ အောင်သာနေရာ ခင်နွယ်ကို အစားထိုးလဲ ရတဲ့ ဥစ္စာ။ ကိုအေးပိုက အကြံနဲ့ ခေါ်တာများ လူကို မသိဘူး မှတ်နေတယ်။ လုံးတုံးကို မထိတရိ စကားတွေ ပြောချင်တာကိုး။
လုံးတုံးတို့ကတော့ ပြောချင်တာပြော မကြားချင် ယောင်ဆောင်ပြီး ကိုယ့် အလုပ်ကိုယ်ပဲ ဂရုစိုက်တယ်။ ခုတော့ သင်းကြောင့်ဖျားနေပြီ။ ခုချိန်မှာ အမေ့ကို အရမ်းသတိ ရတယ်။ အိမ်မှာ လုံးတုံး ဖျားပြီလား ဆိုရင် အမေက ဘေးနားက မခွာဘဲ ဆေးလည်း ဂရုတစိုက် တိုက်မယ်၊ ဆန်ပြုတ်ပူပူလေးလည်း လုပ် ပေးတာပဲ။ ဒီမှာက သူစိမ်း တွေချည်း။ နှင်းခိုင်လေးကို ခိုင်းချင်ပေမယ့် ဒီကောင်မလေးကလည်း ဒီနေ့ ဗီဒီယို ကြည့်ချင်နေတာ။ ရွာထဲကို ဆေးဝယ်ခိုင်းဖို့တောင် ကလေးမို့ တစ်ယောက်တည်း လွှတ်လို့မကောင်းဘူး။ ဓာတ်မီးကို စမ်းထိုးကြည့်တော့ ဓာတ်ခဲ အားကုန်လို့ မှိန်မှိန်လေး လင်းတာနဲ့ ကိုယ်တိုင်လည်း သွားမ၀ယ်ချင်။
“ခင်နွယ်ရေ၊ ဘာလုပ် နေတာလဲ။ ဗီဒီယို ပြဖို့ နီးနေ ပြီဟ”
နေမကောင်းပါဘူးဆို မကြားချင်တဲ့ အသံကြီး ၀င်လာတာနဲ့ နေကြာစောင်လေး ကို ဆွဲခြုံပြီး တုံးလုံးလှဲလိုက်တယ်။ ဆင့်တဲလေး သိမ့်ခနဲ ဖြစ်သွားတော့ အပေါ်ထိ တက်လာမှန်း သိလိုက်တာမို့ မျက်လုံး မှိတ်ထားလိုက်တယ်။
“လုံးတုံး၊ အိပ်သွားပြီ လားဟ။ နင်ပြောတော့ ဗီဒီယို ကြည့်မယ်ဆို။ ငါက နင်တို့ မကြည့်မှာစိုးလို့ လာခေါ် တာ။ နှင်းခိုင်လေးက ဘယ် သွားတုံး”
“ပန်းကန်ဆေးလို့ပါ တော်။ လုံးတုံးက နေမကောင်းလို့ မလိုက်တော့ဘူးတဲ့ ကိုအေးပို”
“သွားပါပြီဟာ။ သူလည်း ကြည့်မယ်ဆိုလို့ ငါ့မှာ ဒေါ်သိန်းကိုတောင် ပိုက်ဆံ ပေးပြီးသားကြီး”
လုံးတုံး သိပြီ။ သူ ကြည့်ချင်တာနဲ့ ပိုက်ဆံကုန်မှာ ကြောက်ပြီး လူကို ခုတုံး လုပ်တဲ့ ခင်နွယ်။ နှင်းခိုင် လေးက ကလေးဆိုတော့ ဘာမှ မသိတာ ထားဦး။ ဒီ ကိုအေးပိုကြီးနဲ့ ဘယ်တော့မှ မကြည့်ပါဘူးလို့ ပြောထားရဲ့ သားနဲ့။ တွေ့မယ်။ လုံးတုံး ခပ်မြန်မြန် လူးထဲ ထလိုက်တယ်။
“ခင်နွယ်၊ မြန်မြန်လိုက် သွား မသာမ။ နားငြီး မခံနိုင်ဘူး။ ငါစိတ်တိုလာပြီ။ အေး နင်ပြန်လာရင် ငါ့ဖို့ ဆေးနဲ့ ဓာတ်ခဲသာ ၀ယ်ခဲ့”
“နင် တစ်ယောက်တည်း နေရဲလို့လား”
“မရှည်နဲ့၊ ငါ ဘာမှ မကြောက်ဘူး။ ငါ မှာတာသာ မမေ့နဲ့”
စိတ်ပေါက်ပေါက်နဲ့ ထအော်တော့မှ ကိုအေးပို တဲပေါ်က ဆင်းသွားတော့တယ်။ ဒါတောင် ပြည်တည်တည်အသံ နဲ့“သွားမယ်နော်”လို့ နှုတ်ဆက် နေသေး။ မကြားချင်ယောင် ဆောင်ပြီး တုံးလုံးပြန်လှဲလိုက် တော့ ခေါင်းထဲမှာ တဆစ် ဆစ်နဲ့ပိုပြီး ကိုက်လာတယ်။ မထချင်တာနဲ့ ဘေးနားမှာ ထွန်းထားတဲ့ ဖယောင်းတိုင်တောင် အိပ်ရာထဲကနေ လှမ်းပြီး မှုတ်လိုက်ရတယ်။
သိပ်မကြာဘူး ထင် တာပဲ။ မှေးခနဲ အိပ်ပျော်မလို ဖြစ်တုန်း ကိုယ်ပေါ်ခြုံထားတဲ့ စောင်ကို တဖြည်းဖြည်းချင်း ဆွဲယူသလို ခံစားမိတယ်။ သူခိုးလား၊ သရဲလား။ စိတ်ထဲ ကြောက်စိတ်ကလေး ၀င်လာ တာမို့ မျက်စိကို တန်းမဖွင့်ရဲ ဘူး။ လက်ကတော့ ခေါင်း ရင်းမှာ ချထားတဲ့ လိုရင်သုံးဖို့ ထားတဲ့ဓားကို စမ်းတာ အရေး ထဲ စမ်းမတွေ့။ ဓာတ်မီးပဲ စမ်းမိတာမို့ တင်းတင်းဆုပ် ထားလိုက်တယ်။
လူကိုတွန့်ခနဲ ဖြစ်သွား ကာ ကြောက်စိတ်နဲ့အတူ ဒေါသတွေ ရင်ထဲဆူလာတယ်။ ဒါ သူခိုးလည်း မဟုတ်ဘူး။ သရဲလည်းမဟုတ်ဘူး။အကြံ ပက်စက်တဲ့ လူယုတ်မာတစ် ယောက်ဖြစ်မယ်။ ပေါင်နဲ့ တင်ပါးကို လက်နဲ့ သေသေချာချာကြီး လာပွတ်တာပဲ။ အသက်ကို ပြင်းပြင်း ရှူလိုက် ပြီး လက်ထဲမှာရှိတဲ့ ဓာတ်မီးနဲ့ အားကုန် ရိုက်ချလိုက်တယ်။
“အား”
လုံးတုံး မြန်မြန်လူးလဲ ထလိုက်တော့ လူယုတ်မာ တဲပေါ်က ဆင်းပြေးပြီ။ လူက ကြောင်ပြီး ကျန်ရစ်ခဲ့တယ်။ သတိဝင်လာမှ ခေါင်းအုံး အောက်က မီးခြစ်ထုတ်ကာ ဖယောင်းတိုင်မီး ထွန်းရတယ်။ လူယုတ်မာကို လှမ်း ကြည့်တော့ ကြံဖို မြောက် ဘက်နားက သရက်ပင်အုပ်နား ရောက်သွားတာ ရေးရေးမြင် ရသေးရဲ့။ ဘယ်သူတုံး သိရအောင် ဓာတ်မီးနဲ့ ထိုးကြည့်ဖို့ ဟန်ပြင်လိုက်ပေမယ့် ဓာတ်ခဲ အားကုန်တာ သတိရပြီး မကြည့်ဖြစ်တော့ပါဘူး။ လူ တစ်ကိုယ်လုံး အသားတွေ တဆတ်ဆတ် တုန်ပြီး မောဟိုက်တာပဲ အဖတ်တင် ကျန်ခဲ့တယ်။
လူယုတ်မာ ဘယ်သူလဲ။ ဒီမှာ တစ်ယောက်တည်း ကျန်နေမှန်း သိလို့ ဗီဒီယိုကနေ ပြန်လာပြီး ယုတ်မာတဲ့ ကိုအေးပိုလား။ ရွာထဲကနေ အရက်သောက်ပြီး ပြန်လာတော့ တစ်ယောက်တည်း အိပ်ပျော်တာ မြင်ပြီး စိတ်ရိုင်း ၀င်သွားတဲ့ ဦးလေးကြည်များလား။ တစ်ခါတစ်ရံ ညဘက်တွေမှာ ပစ္စည်းတွေ ပျောက် မှာကြောက်လို့ ရောက်ရောက် လာတတ်တဲ့ ဦးခင်မောင်လား။ ဒါမှမဟုတ် စန်းဝင်းများ ဖြစ်နေမလား။ စန်းဝင်း နဲ့ ခင်နွယ်က သမီးရည်းစား။ သူတို့ တစ်ခါတလေ ညဘက်မှာ ကြံဖိုထဲမှာ လာချိန်း တွေ့နေကျ။ လူကို ခင်နွယ် နဲ့ မှားတာများလား။ ခင်နွယ် ဆီလာရင်း ခင်နွယ် မရှိတုန်း ကြံတာများလား။
လုံးတုံး တွေးရင်း ချွေးတွေ ပြန်လာတယ်။ ဒီကိစ္စ ဘယ်သူ့ကို ပြောပြရင်ကောင်း မလဲ။ ခင်နွယ် ပြောလို့ကတော့ တစ်ရွာလုံး မောင်းထုပြောသလို ရှိမယ်။ လူတိုင်းပြောလို့ မဖြစ်တဲ့ ရှက်စရာကိစ္စ။ ရွာလူကြီး တိုးတိုးတိတ်တိတ် တိုင်ပြောဖို့က ကိုယ်တောင် လူယုတ်မှာ ဘယ်သူမှန်း မသိဘူး။ ဦးလေးကြည်ကို ပြောပြဖို့လည်း မဖြစ်နိုင်ဘူး။ ဦးလေးကြည် ဖြစ်နေရင် ဘယ်လို လုပ်မလဲ။ တစ်ခုတော့ ရှိတယ်။ လူယုတ်မာကို ဓာတ် မီးနဲ့ ရိုက်လိုက်ရတာကို ကျေနပ်တယ်။ မနက်ကျရင် ဖိုထဲက လူတွေရဲ့ မျက်နှာတွေနဲ့ ခေါင်းကို သေသေချာချာဂရု တစိုက် ကြည့်ရမယ်။ တစ်ယောက်မှ ဒဏ်ရာ မရှိဘူး ဆိုရင်တော့ ရွာထဲက တစ်ယောက် ယောက်ပေါ့။ မိန်းမသားအားနဲ့ ရိုက်တာ ဆိုတော့ ဒဏ်ရာဖြစ် ချင်မှ ဖြစ်မယ်။ ကံပေါ့။
ဘာပဲဖြစ်ဖြစ် လုံးတုံး အဖြစ်ကို ပြောပြရင် ယုံမယ့် လူဆိုတာ ဘုရားနဲ့ အမေ။ အမေက သူ့သမီး မလိမ်တတ် ဘူး၊ မတရားဘူး ဆိုရင် ဘယ်သူမှ မခံဘူးဆိုတာ သိပြီးသား။ ပြီးတော့ လုံးတုံးကို ခပ်ညံ့ညံ့ ခပ်လွယ်လွယ် မိန်းမစား မဟုတ်မှန်း လူယုတ်မာလည်း သိသွားတာပေါ့။ ခုတော့ လုံး တုံး ဆုတောင်းရုံကလွဲပြီး ဘာ တတ်နိုင်မှာလဲ။ လုံးတုံး ဆုတောင်းလိုက်တယ်။
“အရှင်ဘုရား၊ လုံးတုံး ရိုက်လိုက်တဲ့ဒဏ်ကြောင့် မပေါက်မပြဲဘူးဆိုတောင်မှ နွားတွေ ချိုပေါက်သလို လူယုတ်မာ နဖူးဘုကြီး ထွက် ပါစေသား”

မောင်မင်းညို
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၁)
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၁)
No comments:
Post a Comment