Thursday, 30 August 2012

ကဗျာ မပီတဲ့ ဘ၀ စာပန်းချီ



ဖျတ်ခနဲ နိုးလာသည်နှင့် သူ့အတွက် အထိုက်တန်ဆုံးသော စကား တစ်လုံးကို အကြိမ်ကြိမ် အခါခါ စဉ်းစား နေဖြစ်သည်။
နောင်တ။
သည်စကားလုံးကို မူပိုင် အဖြစ် သူ သိမ်းဆည်း လိုက်ရသော အခါ ဘ၀သည် ပြန်လှည့်၍ မရတော့။ လှဲအိပ်နေရာမှ မျက်ဝန်းကို ဖွင့်ဖြစ်လိုက်သည်။ နှစ်ပင်တဲလေး၌ ပစ္စည်းတို့သည်  ပွရှုပ်၍ နေ၏။ လှဲအိပ်နေသည့် သူ့နေရာမှလွဲလျှင် အရာရာသည် မြင်မကောင်း။

သူ့ဘေးဘက် အခန်း၌  ရေဒီယို၊ တီဗွီ၊ စီဒီ စသည်တို့၏ ဆာ့ကစ်များ၊ စပီကာများ၊ စခရူးများ၊ ပလေယာများ၊ ၀ါယာကြိုးများ၊ ကြေးနန်းခွေများ၊ ခဲချောင်းများနှင့် ပြည့်နေ၏။ အောက်ဘက် တစ်ခန်း၌မူ သူ့ဇနီးနှင့် သမီးတို့၏ အ၀တ်အစားများ၊ သံသေတ္တာ အစုတ်လေးများ ရှိ၏။ တစ်ဖက်အောက်ခန်းတွင်မူ ထမင်းချက်သည့်မီးဖိုနှင့် ရေအိုးလေးနှစ်လုံး။ သူ့ဗိမာန်သည် ဤမျှသာဖြစ်၏။

နံရံလေးဖက်၌ စုတ်နေသော ထရံများကို ပလတ်စတစ်များနှင့် ကာထားသည်။ အမိုးသည်လည်း
ဖာထေးရာတို့နှင့် ပွလျက်။

ဤ၀ိုင်းသည်ပင် သူ့ ကိုယ်ပိုင်နေရာ မဟုတ်။ ဦး ဖိုးမောင် နေရာဖြစ်၏။ ဦးဖိုး  မောင်၏ အင်ဂျင်များ ကိုင် ပေးရစဉ် ရင်းနှီးခဲ့ပြီး သူ့ အခက်အခဲကို ကူညီပေးထား ခြင်း ဖြစ်သည်။ ထို့ကြောင့် သည်နေရာမှပင် အချိန်မရွေး လွင့်သွားနိုင်သေး၏။

နောက်ကျိလာသော အခါ ညက ချန်ထားသော ပုလင်းကို ယူ၍ မော့လိုက် သည်။ ပူနေသောရင်သည် အပူကြောင့် နှစ်ဆတက်လာ ၏။ သို့တိုင် ဆက်မော့ဖြစ်သည်။

အရက်နှင့် မျက်နှာသစ် ပြီး အရက်နှင့်သေဖို့ ဆုံးဖြတ် ထားသူအတွက် အဘယ် အရာသည် စိုးထိတ်စရာ ရှိ ဦးမည်နည်း။
အားလုံးကို မေ့သွားဖို့ပဲ မျှော်လင့်သည်။ သို့တိုင် စိတ် သည် ဆန်းကြယ်၏။
မေ့ဖို့ ကြိုးစားလိုက်ကာ မှ ဘ၀တွေက တစ်ကွက်ချင်း ပေါ်လာနေသေးသည်။
ဟိုအရင်ကတော့ သူ့ ဘ၀သည် အေး၍ ငြိမ်းခဲ့၏။ ပြန်တွေးကြည့်လျှင် ကြည်နူး စရာ ကောင်းနေသည်။

နယ်မြို့လေး၏ ရပ်ကွက် သန့်သန့်တစ်ခုမှာ အိမ် နှင့်ခြံနှင့် နေနိုင်ခဲ့သည်။ ရိုး သားကြိုးစားသည့် စက်ပြင် ဆရာ ဟူသည့် နာမ၀ိသေသန တစ်ခုကို ပိုင်ဆိုင်ခဲ့သည်။ အလိုလိုက် အကြိုက်ဆောင် ပေးသော ဇနီးအလိမ္မာ ရှိ သည်။ ချစ်စရာ ကောင်းသော သားရတနာလေးနှင့်လည်း ဘ၀က ပြည့်စုံခဲ့ဖူးသည်။

အဲသည် ဘ၀မျိုး ရဖို့ နှစ် နှင့်ချီ၍ သူ ကြိုးစားခဲ့ရသည်ပဲ။ သို့သော် ၀မ်းနည်းစရာ ကောင်းသည်က သာယာ လှပသော ဘ၀ တစ်ခုကို ဖျက်ဆီး ခဲ့သူမှာလည်း သူ ကိုယ်တိုင် ဖြစ်နေပြန်သည်။

အားလုံးကို မေ့သွားစေ ရန် ချထားသော ပုလင်းကို ကောက်မော့ပစ်လိုက်သည်။ ဖောင်းအစ်နေသော မျက်နှာ အား လက်နှင့် ပွတ်လိုက်စဉ် လက်အစုံသည် စွတ်စို၍ သွား၏။

မျက်ရည်သည် နောင် တ၏ အမှတ်အသားလား။ သူ မစဉ်းစားချင်တော့။
သူ့ဘ၀က သူ စွဲလမ်း နှစ်သက်ခဲ့သော ၀တ္ထု တစ်ပုဒ်နှင့် သွား၍ တူနေသည်။ ထို ၀တ္ထုကို သူ အကြိုက်ကြီး ကြိုက်ခဲ့သည်။ ဘ၀နှင့် နီး စပ်လွန်း၍လည်း စွဲနစ်ခဲ့ခြင်း ဖြစ်သည်။

ထိုဝတ္ထုကို အရင်က ဖတ်မိခဲ့ဖို့ ကောင်းသည်။ အချိန်မီသာ ဖတ်ဖြစ်ခဲ့လျှင်  ဘ၀သည် အခြေတစ်မျိုး ဖြစ် နိုင်၏။ ယခုမူ ထိုစာအုပ်ဖတ် ဖြစ်သော အခါ ဘ၀က ဖျက် မရသောအမှားကို ကျူးလွန်မိ ပြီးနေ၏။

စာအုပ် ဖတ်ရချိန်၌ရော ဖတ်ပြီးသည့် ယခုအချိန်မှာပါ ဆရာလယ်တွင်းသားစောချစ် အား အကြိမ်ကြိမ် အခါခါ ဦး ညွတ်နေမိသည်။ သဘာဝ ကျကျ ရေးတတ်လွန်းသည့် ဆရာ့ကို လေးစားအထင်ကြီး မိသည်။ စာအုပ်အမည် ကျွန်တော်အမုန်းဆုံး ကျွန် တော် ဖြစ်၏။

မှန်သည်။ ယခုအချိန်၌ အမုန်းဆုံးလူမှာ သူ့ကိုယ်သူ ဖြစ်နေသည်။
သူ့ဇနီးသည် ၀တ္ထုထဲမှ မအေးဖြူလို သူ့အား ကျောင်း ထားမပေးရသည့်တိုင် မအေး ဖြူထက် မလျော့သော မေတ္တာ  များဖြင့် သူ့အား ချစ်ခဲ့သည်။ အလိုလိုက်ပေးခဲ့သည်။ သို့ တိုင် အားလုံးကို ဥပေက္ခာပြု ရင်း သူ နောက် အိမ်ထောင် ပြုဖြစ်ခဲ့သည်။ သူ့ဇနီးသည် မအေးဖြူလို ရူးမသွားခြင်း အတွက် ကျေးဇူး တင်ရသေး၏။

တစ်ခါ တစ်ခါတော့ လည်း သူ စဉ်းစားဖြစ် သည်။ သူ တတ်မြောက်ခဲ့ သော ပညာတို့သည် အသိ နှင့် ထိန်းကျောင်းပဲ့ကိုင်ပေး နိုင်စွမ်း မရှိသောအခါ ချောက် ကျဖို့ အဓိကသော့ချက် ဖြစ်သွားခဲ့ရသည်။

အသိပညာသည် အတတ်ပညာထက် ပိုအရေး ကြီးကြောင်း ဘ၀နှင့် ရင်းပြီးမှ သိခဲ့ရ၏။
စက်ပြင်ဆရာ အဖြစ် နာမည်ကြီးနေသော သူသည်  တစ်ခါတစ်ရံ မလွှဲသာသော ရင်းနှီးသူများကြောင့် ကျေး ရွာများ အထိ ဆင်းပြီး ပြင်ပေး ရတတ်သည်။ ဒါသည် သူ့ လုပ်ရိုးလုပ်စဉ်အလုပ်တစ်ခု ဖြစ်၏။ ထူးဆန်းသည်က ထိုသို့ လိုက်ပြင်ပေးခဲ့ခြင်းကြောင့် ၀တ္ထုထဲမှ မြလေးနှင့် ဆုံခဲ့ရ ခြင်း ဖြစ်သည်။ သို့သော် “သန်းဌေးမ”သည် ၀တ္ထုထဲ ကလို သူ့တပည့်မဟုတ်။သူ သည်လည်း သန်းဌေးမ၏ ဆရာမဟုတ်။

ငါးပုန်းရွာ ကိုညီစုစက် ကိုင်ပေးနေရစဉ် ဗီဒီယိုပျက် ၍ လိုက်ပြင်ပေးပါရန် သူမ လာခေါ်သည်။ အာရုံနစ်၍  အလုပ်လုပ်နေသူမို့ သူမကို ဂရုမထားဖြစ်။ ကိုညီစုကို သာ လိုအပ်သည့်ပစ္စည်းများ တောင်းရင်း သူ့အလုပ်သူ ဆက်လုပ်နေဖြစ်သည်။ ကိစ္စ သည် ပြီးသင့်သည် မဟုတ် လား။ သို့သော် ကံတရား သည် ပျော့ညံ့သူကို ရက်စက် တတ်သည် ထင်၏။ သူမက မပြန်ဘဲ ကြောင်နာနာလုပ်နေ သည်။ တစ်ချက်ဝေ့ကြည့်မိ စဉ် အမူအရာနှင့် ဟန်ကို မကြိုက်၍ ချက်ချင်း လွှဲရ၏။ သူ့ထက် ၄၊ ၅ နှစ်တော့ ငယ် မည်ထင်သည်။

သူမသည် မပြန်သည့် အပြင် အလုပ် လုပ်နေသည့် သူတို့အနားသို့ ကပ်၍ကပ်၍ လာ၏။

“ဆရာရဲ့ လိုက်ခဲ့ပါ၊ သိပ်မကြာပါဘူး။ ခဏလေး ပါ။ ဗီဒီယိုက ညကျပြရမှာ မို့လေ။ တစ်ညနားလိုက်ရင် ကိုယ့်မိတ်တွေ တခြားရုံ ရောက်သွားမှာ ဆရာရဲ့ နော် ဆရာ။ လိုက်ခဲ့ပါနော် ဆရာ”

အသံက ချွဲသည်။ အမူ အရာက နွဲ့သည်။
အလုပ်လုပ်၍ မရတော့  စိတ်က နောက်သွားသည်။ အဆိုးဆုံးမှာ မွှန်ထူနေသည့် သူ့ရေမွှေးအနံ့ကြီး စူးဝင်လာ ခြင်း ဖြစ်၏။ သူ့နည်းတူ ကိုညီစုလည်း ခံစားရသည်။

“ကဲ ကိုခိုင်၊ ပြောမနေ နဲ့တော့ဗျာ။ လိုက်သွား။ ကျုပ် စက် မပြီးလည်း နောက်မှ လုပ်မယ်”

ဤသို့ဖြင့် သူမ အိမ် ရောက်ခဲ့သည်။ ကျွမ်းကျင် လွန်းသည့်ဘာသာရပ်မို့ သိပ် မကြာလှ။ ၃၊ ၄ နာရီအတွင်း အဆင် ပြေသွားသည်။ ပြီး သည်နှင့် လက်ဖက်၊ ပဲကြော်၊ မုန့်စသည်တို့နှင့် ဧည့်ခံ၏။ ထန်းရည်ပင် ပါလိုက်သေး သည်။ ချကျွေးသည့် စား စရာတွေလည်း ပေါ၏။ သူမ စကားတွေလည်း ပေါ၏။ အချိန်ပိုင်း အတွင်း၌ပင် သူမ ဘ၀ကို ပြည့်ပြည့်စုံစုံ သိလိုက် ရသည်။

မိအိုဖအိုများနှင့် မောင် ငယ်လေးသာ ရှိကြောင်း၊ လယ်နှင့် ကိုင်းများကို ရောင်း ချပြီး ဗီဒီယိုထောင်ထား ကြောင်း၊ သူမကိုယ်တိုင် ဦးစီး လုပ်ကိုင်နေရကြောင်း၊ မီး စက်နှိုးဖို့ကအစ အမျိုးသား မရှိ၍ အခက် တွေ့ရကြောင်း စသည်စသည်တို့ကို နားလျှံ အောင် ကြားခဲ့ရသည်။ ထို့ အပြင် လာပြင်ပေးသည့်သူ့ကို လည်း ကျေးဇူးတင်ကြောင်း၊ ယနေ့ည ထမင်းဖိတ်ကျွေး မည့်အကြောင်း စသည်တို့ကို  ဆရာချင်းထပ်၍ ပြောသည်။ အစတော့ သူသည် အလိုက် အထိုက်ပြန်ပြောမိသေး၏။ နောက်တော့ ပြုံး၍ပဲ နေလိုက် တော့သည်။

ကိုညီစုဆီ ပြန်ရောက် တော့ သတိထားဖို့ ပြောခံရ ၏။ တစ်ဆက်တည်း မိဘ ပေးစားထားသည့် ယောက်ျား ကို ၃ နှစ် ပေါင်းပြီး ရိုးသည် ဆို၍ ကွာပစ်ကြောင်းကို သိ ရသောအခါ အန္တရာယ် အကွေ့ ဟု ဆင်ခြင် မိလိုက်၏။ သို့ သော် ထိုညက သူမ ကျွေးသော ထမင်းကို သွားစားဖြစ်သည်။ လုပ်ငန်းတစ်ခု၏ အသက်သည် ဆက်ဆံရေးဟု ခံယူထားသည်ပဲ။

အဲဒီနောက် “ဆရာရယ် အင်ဂျင်ဆေးပါဦး၊ ကြားစက် ကိုင်ပေးပါဦး”စသည်ဖြင့် သူမ အိမ်မှာ တစ်ပတ် လောက်ကြာသွားသည်။ မှတ်မှတ်ရရ ညလေးတစ်ည  ကိုတော့ စူးစူးနစ်နစ်နာကြည်း နေဖြစ်သည်။ အဲဒီညက ကိုညီစုစကားကို နားထောင် ပြီး မသွားဖြစ်ခဲ့လျှင် အကောင်းသားဟု သည် အချိန်မှာ တွေးဖြစ်၏။
အဲဒီည သူမအိမ်မှာ အိပ် ဖို့ ၀န်ခံမိခြင်းက သူ၏ ပျော့ ညံ့မှုဖြစ်ခဲ့သည်။ လုပ်ငန်း သဘောအရ အနည်းငယ်ရင်း နှီးပြီး အဘိုးနှင့်အဘွားကို အားနာမိ၍လည်း ဖြစ်သည်။ ထိုညက သူ အပေါ်ထပ်မှာ အိပ်ရသည်။ အဘိုးနှင့် အဘွားသည် သားလေးနှင့် အောက်ထပ်မှာ အိပ်ကြ၏။ သူမလည်း အောက်ထပ်မှာ အိပ်မည်ဟု ဆိုသည်။ သို့သော် ဗီဒီယို ဇာတ်ကားပြီး၍ မီးမှိတ်သည်အထိ သူမ မဆင်းသေး။ သူနှင့် စကား တွေ ပြောနေသည်။

ညအမှောင်၏ နက်ရှိုင်း မှု၊ ဆန့်ကျင်ဘက်တို့၏ ဆွဲငင်မှု၊ ကာလဒေသ၏ ပံ့ပိုးမှု စသည်တို့အကြားမှာ သူ နစ် မျော သွားခဲ့ရသည်။ ပင်လယ် လှိုင်းကဲ့သို့သော သူမ၏ ၀ါးမျိုမှုမှာ လောကကြီးနှင့် အဆက်ပြတ်ခဲ့ရသည်။ သည် အတွေ့မှာ သူ မရှောင်နိုင် ဖြစ်ခဲ့ရသည်။

အဲဒီအိမ်မှာ နှစ်ပတ် လောက်နေပြီး ကိုညီစုကို ဖွင့် ပြောလိုက်သည်။ တား သည်။ ရက်ရက်စက်စက် တားသည်။ ပက်ပက်စက် စက် ပြောသည်။ မည်သို့ပင် ဆိုစေ သူ မွှန်သွားခဲ့သည်။ သူမကို ပိုင်ဆိုင်နိုင်ဖို့ အားလုံး ကို ရင်ဆိုင်ရဲနေသည်။ အား လုံးကို ကျောခိုင်းရဲနေသည်။ ထိုမျှအထိ သူ မိုက်တွင်းနက် ခဲ့မိသည်။ ထိုအချိန်က သူ့ အသိမှာ သူ့ဇနီးမရှိ၊ သူ့သား လေးမရှိ၊ သူ့ဘ၀မရှိ။ ဘာဆိုဘာမျှ မရှိ။ မရှိခြင်းတွေ နှင့်ပဲ သူမကို လက်ထပ်ဖြစ် လိုက်သည်။ ဒါသည်ပင် ဘ၀၏ ဖျက်မရသော အမှား ဖြစ်ခဲ့၏။

တကယ်တော့ သူမ သည် တဏှာရမ္မက်၏ ကျေး ကျွန်တစ်ဦးသာ ဖြစ်သည်။ သူနှင့် အိမ်ထောင်ကျပြီး လေးနှစ်အထိ အဆင်ပြေနေ သေးသည်။ ထိုကာလ အတွင်း သမီးလေးတစ် ယောက် ရခဲ့သည်။ ကြာ တော့ သူ့အပေါ် ငြီးငွေ့သွား ပုံ ရသည်။ နောက်ဇာတ်လမ်း  တွေ ရှုပ်လာသည်။ အစ တော့ မသိမသာ။ နောက် တော့ ပေါ်ပေါ်ထင်ထင် ဖြစ် လာသည်။ သူမမိဘတွေ လည်း သူမစိတ်နှင့် ဆုံးခဲ့ ကြသည်။ သူသည်လည်း အရက်နှင့် မျက်နှာသစ်၍ အရက်နှင့် အိပ်ပျော်တတ်ခဲ့ သည်။

နောက်တော့ ၀ါးဖုန်းမှ ထွက်ခဲ့ပြီး ယခု နေရာသို့ ရောက်လာသည်။ ၀န်းကျင် ပြောင်းလျှင် သူမစိတ်တွေ ပြောင်းလေမလားဟူသော မျှော်လင့်ချက်နှင့်ဖြစ်၏။

ဦးဖိုးမောင်ကို အကူ အညီတောင်းပြီး နှစ်ပင်တဲ လေးထိုးကာ ဘ၀ကို သူ့ ပညာနှင့် ရုန်းကန်ခဲ့သည်။ သို့သော် ကောက်နေသော ခွေးမြီးသည် ကျည်တောက် စွပ်သည့်တိုင် ထာဝရမဖြောင့် တော့။ ပန်းရံဆရာနှင့် ကြိုက်ပြီး လိုက်ပြေးသွားသည်။ ကံကောင်းသည်ဟု ပြောရ မလား။ ကံဆိုးသည်ဟု ပြော ရမလား။ သမီးလေးခေါ် သွားခြင်း အတွက်တော့ ကျေး ဇူးတင်ရသေးသည်။

ထိုကတည်းက သူ သည် တစ်ယောက်တည်း ဖြစ်၏။ အလုပ်မဲ့၏။
အရက်နှင့် မျက်နှာသစ် နေသည့် သူထံ မည်သည့် အလုပ်ရှင်သည် လာအပ်ပါ တော့မည်နည်း။ တတ်ထားသော ပညာများကို အရက် တစ်ခွက်နှင့်လဲဖို့ ၀န်မလေး သူအား မည်သူသည် ယုံ ကြည်စိတ်ချ ပါတော့မည် နည်း။

ထို့ကြောင့် တစ်ခါတစ် ခါတော့ ငတ်သည်။ တစ်ခါ တစ်ခါတော့ တောင်းသည်။ မရလျှင် ရင်းနှီးဖူးသူများ၌ လုသည်။ ဤသို့ဖြင့် သူသည် အများ၏ တွန်းထိုးခံ၊ စွန့်ပစ် ခံလောက၏ အမှိုက်တစ်စ ဖြစ်နေခဲ့သည်။

မနေ့ကတော့ ကိုမြင့်ကြီး ရောက်လာခဲ့သည်။ မအေး ဖြူ လွှတ်လိုက်သည်တဲ့။ဟုတ်သည်။ ပထမဇနီးကို သူ နှစ်သက်စွဲလမ်းခဲ့သော ၀တ္ထု ထဲမှ မအေးဖြူ အမည်ပေး ထားခဲ့သည်။

သူ့ဘ၀ကို မြင်တော့ ကိုမြင့်ကြီး မျက်ရည်ကျ သည်။ အရက်သောက်ပြီးမှ ကိုမြင့်ပြောမည့် စကားကို သူ နားထောင်နိုင်၏။

သားလေး ရှင်ပြုတော့ မယ်တဲ့။ မနက်ဖြန် သပိတ် လွယ်ဖို့ လာခဲ့ပါတဲ့။

မအေးဖြူရေ။ တခမ်း တနား ရှင်ပြုကြမဲ့ အဲဒီလို မြို့ကျက်သရေမင်္ဂလာပွဲမှာ ဟောဒီလူမိုက်ကြီးက ဘယ် လိုပုံ၊ ဘယ်လိုမျက်နှာနဲ့ လာ ပြရဲမှာလဲ။ ရှိပါစေတော့ ကိုယ် ပြုခဲ့တဲ့ကံဟာ ကိုယ်နဲ့ ပဲ ထိုက်တန်တယ်မို့လား မအေးဖြူ။

“ကိုမြင့်ကြီး၊ မင်းပြန် ရင်သာ ငါဖို့ အရက်ပြင်းပြင်း တစ်လုံး ၀ယ်ပေးထားခဲ့ကွာ”
သားလေးကို ပြော လိုက်ပါ။
မအေးဖြူကို ပြောလိုက် ပါ။
ငါ...ငါ လာခဲ့မယ်လို့။
“မြင်းယဉ်စီး၍ ထီးရိပ် ခို၊ မြင့်မိုရ်မြင့်မား ၀တိံဖျား က၊ နတ်သားကျလာသလို နှင့်”
“သျှိုး...”
ဟင်။ ရှင်လောင်းတွေ လှည့်လာကြပြီ။ အရေးထဲ ငါ့သပိတ်။ သပိတ်က ဘယ် နားထားမှန်း မသိပြန်ဘူး။ သြော်...အမှောင်ထဲ ဆိုတော့လည်း ဘာဆို ဘာမှ မမြင် ပါလား။
လေတစ်ချက် အဝေ့၌ တဲတွင် ကာထားသော ပလတ်စတစ်လေး တစ်စ ဖျတ်ခနဲ လွင့်ကျသွားတော့၏။
နော်၊ကျောက်တိုင်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)

No comments:

Post a Comment