Wednesday, 4 July 2012

ရွှေချစ်သူမှ ရွှေချစ်သူသို့ 


သို့
ဆရာ ဦးဝင်းငြိမ်း ခင်ဗျား
ရွှေကို လစဉ် အမြဲ ဖတ်နေပေမဲ့ ပေးစာရေးရာ မှာတော့ တော်တော်လေး နည်းပါတယ်။ အားပေးခဲ့တဲ့ ဆယ်စုနှစ်ကျော် သက်တမ်း တစ်လျှောက် ဒီစာဟာ တတိယ မြောက်ရေးခြင်း  ဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်က အလုပ်များ တာရယ်၊ ဆရာ့ရဲ့အချိန်တွေကို မဖြုန်းချင် တာရယ်ကြောင့် တော်ရုံကိစ္စ မျိုးဆို မရေးဖြစ် ခဲ့ပါဘူး။

အခုတော့ ရေးဖြစ် လိုက်ပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ နိုဝင်ဘာ ၂၀၁၁ ကတည်းက “ရွှေချစ်သူမှ ရွှေချစ်သူ သို့” ကဏ္ဍပါ မလာတဲ့ အတွက်ပါပဲ။ အဲဒီအစား ရွှေချစ်သူ Fan Club ပါလာပါတယ်။ ခေတ်နဲ့အညီ ကြိုးစားနေတဲ့ ဆရာတို့ရဲ့ ကြိုးစားမှုကို ကျေးဇူး တင်ပါတယ်။ သိချင်တဲ့ ဆရာ၊ ဆရာတွေရဲ့ လိပ်စာတွေ တွေ့ရလို့လည်း ၀မ်းသာ မိပါတယ်။ ဒါပေမဲ့ ဆရာ ရယ်...။ ဆရာ့ရဲ့အသံ၊ ပရိသတ်ရဲ့အသံ ပျောက်သွား တာကိုတော့ ခံစားရတယ်။ ယနေ့ ထွက်နေတဲ့ မဂ္ဂဇင်းတွေရဲ့ ပေးစာ ကဏ္ဍထဲမှာ ရွှေရဲ့ ပေးစာ ကဏ္ဍဟာ တန်းတစ်ခု အနေနဲ့ တန်ဖိုးထား ဖတ်ရတဲ့ ကဏ္ဍ တစ်ခုပါ ဆရာ။

ကျွန်တော့်လက်ထဲ ရွှေရောက်လာရင် ပထမဆုံး ဖွင့်ဖတ် ဖြစ်တာ “ရွှေချစ်သူမှ ရွှေချစ်သူသို့” ကဏ္ဍပါ။ ဒီကဏ္ဍမှာ မေးကြတဲ့ သူတွေဟာ တခြားသော မဂ္ဂဇင်း များက ပေးစာရေးသူ များနဲ့ မတူပါဘူး။ အမှန်တကယ် ကျွန်တော်တို့ သိချင်တဲ့၊ မေးသင့်တဲ့ မေးခွန်းတွေကို ကိုယ်စားပြု မေးတာ များပါတယ်။ မေးခွန်းတိုင်းကို အသေးစိတ် ဖြေကြားပေးတဲ့ ဆရာ့ အဖြေတွေ ကလည်း ပြီးပြီးရော မဟုတ်ဘူး ဆိုတာ ဖတ်ကြည့်ရင် သိသာပါတယ်။

ဟို... လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပေးစာ ကဏ္ဍမှာ ကောင်မလေး တစ်ယောက် ရေးဖူးတယ်။ ပုံစံကတော့ ဆယ်ကျော်သက်လေး ထင်ပါတယ်။ သူချစ်တဲ့ မင်းသားလေး အကြောင်း ဘယ်လိုဘယ်ညာ စုံစုံ လင်လင်ရေးပြီး ဆရာတွေ့ရင် အဲဒီ အကြောင်းတွေ ပြောပေးဖို့ ရေးလိုက်တဲ့ စာပါ။ အဲဒီတုန်းက ဆရာ့ အဖြေကို အခုထိ မှတ်မိ နေပါသေးတယ်။ “ဟုတ်ကဲ့... ဟုတ်ကဲ့... ဟုတ်ကဲ့။ တွေ့ရင် ပြောလိုက်ပါ့မယ်”တဲ့။ နောက်တော့ အဲဒီလို ပေးစာတွေ ရွှေချစ်သူ ကဏ္ဍမှာ မရှိသလောက် ဖြစ်သွားတယ်။ မေးကြသူ အများဆုံးဟာ စာဖတ်သူ တွေကို ကိုယ်စားပြု မေးတဲ့ မေးခွန်းမျိုးတွေ ဖြစ်လာတယ်။ ဆရာ့ အဖြေတွေ ကိုလည်း တလေးတစား နာခံ ခဲ့ရပါတယ်။ အခုတော့ အဲဒီ ကဏ္ဍလေး ပါမလာ တော့ဘူး။

ဆရာက ပြောလိမ့်မယ် ထင်တယ်။ ဆက်သွယ်ချင်ရင် E-mail ရှိတာပဲလို့။ ဆရာ ခန့်ကျော်ထင်လှိုင် (လွိုင်ကော်) လည်း ရေးဖူးတယ်။ လွိုင်ကော်မှာ ရွှေအမြုတေ ဖတ်ရဖို့ ဆိုင်မှာတော် တော်စောင့်ရကြောင်း ပြောတော့ ဆရာက အကြံပေး တယ်တဲ့။

“အင်တာနက်မှာ ဖတ်ပေါ့”တဲ့။ ဆရာရေ...။ နွားမရှိလို့ မဖြစ်တဲ့ အင်တာနက် ခေတ်ကြီးထဲက ကျွန်တော်တို့ ရပ်ဝန်း မျိုးမှာတော့ မစုံမလင် စာအုပ်ဆိုင် လေးတွေကိုပဲ အားကိုး နေရဆဲပါ။ ဘယ်လောက်ကြာကြာ ရောက်ရင် ပြီးပါတယ်လို့ ဖြေသိမ့် နေရတဲ့ စာတိုက်လေးတွေ ဟာလည်း ကျွန်တော်တို့ရဲ့ အားထားရာ ဖြစ်နေဆဲပါ။

ဒါကြောင့်...။ ပရိသတ်ရဲ့ အသံတွေကို ဒီလိုရပ်ဝန်း မျိုးလေးက ကြားချင် မိပါတယ်။ ဆရာ့ အသံကို ကြားချင် မိပါတယ်။ တကယ်လို့ ဆရာကိုယ်တိုင် အဆင် မပြေဘူး ဆိုရင် အယ်ဒီတာ ဆရာ တစ်ယောက်ယောက် ပေါ့ဆရာ။ ဖြစ်နိုင်ရင် ပေါ့လေ။ မဖြစ်နိုင်ဘူး ဆိုရင်လည်း ဘာတတ် နိုင်မလဲ။ ခေတ်နဲ့အညီ မဖွံ့ဖြိုး နိုင်တဲ့ ကိုယ့်အရပ် ကိုယ့်ဒေသ လေးကိုပဲ ကျောသပ်ပြီး ကြည့်နေ ရရုံပေါ့။
ဆရာတို့ ရွှေတစ်ဖွဲ့ သားလုံး ကျန်းမာချမ်းသာ ကြပါစေ...။
ထာဝရ အားပေးလျက်...
နော်(ကျောက်တိုင်)

ဆရာနော်ခင်ဗျာ...
ဆရာ့ စာမူတွေ မဖတ်ရတာ တော်တော် ကြာပါပြီ။ ရွှေချစ်သူမှ ရွှေချစ်သူသို့ ကဏ္ဍကို ဖြုတ်ပစ်တာ မဟုတ်ပါဘူး။ စာမျက်နှာ အခက် အခဲကြောင့် တစ်ကြောင်း၊ အရည်မရ အဖတ်မရ ရေးထားတဲ့ စာတွေက များနေတာက တစ်ကြောင်းတို့ကြောင့် ချန်လှပ် ထားခြင်းသာ ဖြစ်ပါတယ်။ ဒီလ ဖတ်ရပြီ ဆိုတော့ ကျေနပ်ပြီ ထင်ပါတယ်။ စာမူများလည်း ကျွန်တော် မျှော်နေပါတယ်။

No comments:

Post a Comment